
ရန်ကုန်မြို့မှာ ပြီးတဲ့ရက်ပိုင်းအတွင်းက ပစ်ခတ်မှုတချို့ဖြစ်ပြီးနောက် ဘေးတွဲဆိုင်ကယ်တွေကို ဖမ်းဆီးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ဧပြီ ၂၁ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ထွေအုပ် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ပြုလုပ်တဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ပြောခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
“အရင်က ဆိုင်ကယ်၊ ပြီးတော့ ဘက်ထရီစက်ဘီး၊ အခုကျတော့ ဘေးတွဲဆိုင်ကယ်၊ လုပ်ရတဲ့သူတွေလည်း ဘာကိုဖမ်းရမှန်းမသိဘူး။ အဲ့လိုသာ အကုန်လုံးဖမ်းနေရင် လူတောင်ရှိမှာမဟုတ်ဘူး။”
သန်လျင်၊ ခရမ်းနဲ့ သာကေတမြို့နယ် ပစ်ခတ်မှုဖြစ်စဥ်တွေမှာ ပစ်ခတ်သူတွေဟာ ဘေးတွဲဆိုင်ကယ်ကို အသုံးပြုပြီး ပစ်ခတ်ခဲ့လို့ ဒုဗိုလ်မှူးကြီးတဦး၊ ရဲတပ်ကြပ်ကြီးတဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့ပြီးနောက် အခုလို ထုတ်ပြန်ရတာလို့လည်း သိရပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်သားတွေအတွက် အောက်ခြေမှာ ဘေးတွဲဆိုင်ကယ်တွေ ဖမ်းဆီးပြီး ငွေရှာကောင်းအောင် လုပ်ပေးလိုက်တာဖြစ်တယ်လို့ သန်လျင်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အမိန့်က တကယ်ထုတ်မထုတ်တော့ မသိဘူး။ သန်လျင်မှာတော့ စစ်သားတွေက ဘေးတွဲတွေဖမ်းပြီး ငါးသောင်း တသိန်း တောင်းတာတွေရှိတယ်။ အပြစ်မရှိလည်း ပြန်မလွှတ်ဘူး၊ ပိုက်ဆံကို ရအောင်တောင်းတာ။”
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ရာထူးတိုး ပြောင်းရွှေ့သွားပြီးနောက် ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ပိုမိုဖြစ်လာတဲ့အတွက် အသစ်ပြောင်းလာတဲ့ ဗိုလ်ချုပ်ဇော်ဟိန်းလည်း ဖိအားပေးခံနေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။