Home
ဆောင်းပါး
ပြောက်ကျားနှင့် တိုက်စစ်
DVB
·
April 24, 2023

မြန်မာပြည်တွင် ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းအတွင်း စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဏာရှင်စနစ်ကို လက်မခံလိုကြသော ပြည်သူတို့သည် နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ကာ ခုခံစစ် ဆင်နွှဲလျက်ရှိသည်။ ၎င်းနည်းအမျိုးမျိုးတွင် လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းသည်လည်း အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ လက်နက်အားကိုးသော လက်နက်ဝါဒီ စစ်တပ်ကို လက်နက်ဖြင့် ပြန်လည်ခုခံနိုင်မှသာ အနိုင်ကျင့်မှုကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ဆိုကလည်း အမှန်ပင်ဖြစ်သည်။

လက်နက်ချင်း တုံ့ပြန်ရေးတွင်လည်း နိုင်ငံ့ရင်းမြစ်များကို ကုပ်သွေးစုပ်ထားသော လေ့ကျင့်ထားသည့် အင်အားကြီး လက်နက်ကိုင်အုပ်စုကြီးအား စိတ်ဓာတ်ကိုသာ အရင်းတည် ခုခံရမည့် ပြည်သူများအဖို့ ပြောက်ကျားစစ်တည်းဟူသော ဘက်မညီစစ်ပွဲများ၏ လက်စွဲစစ်ဗျူဟာသည် ကျွဲကူးရေပါ ကျင့်သုံးရမည့်ဗျူဟာ ဖြစ်သည်။ ပြောက်ကျားစစ်၏ ပင်ကိုသဘောသည်ပင် ခုခံစစ်သဘော ပါဝင်လျက်ရှိရာ ခုခံစစ်နဲ့ ပြောက်ကျားစစ်သည် အတွဲအစပ်ပင် ဖြစ်သည်။ သို့သော် ပြောက်ကျားစစ်သီးသန့်ဖြင့် နိုင်ငံအား အလုံးစုံ ပြန်လည်ထိန်းချုပ်မည်ဟူ‌ရွေ့ကား မတွေးစကောင်းပေ။

ပြောက်ကျားစစ်ကို အရင်းတည်ပြီး အောင်မြင်ခဲ့သည့် စစ်ပွဲများကို ကြည့်လျှင် ရန်သူကို ရင်ဆိုင် ချေမှုန်းရန် မိမိတို့အတွက် လုံလောက်သော အင်အားစုဆောင်းနေဆဲ ကာလတွင်သာ ပြောက်ကျားစစ်ဗျူဟာကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ တရုတ်ကွန်မြူနစ်တို့၏ ပြည်သိမ်းစစ်ပွဲများနှင့် အင်ဒိုချိုင်းနားစစ်ပွဲကို လေ့လာလျှင်ပင် ထိုအချက်သည် ရှင်းလင်းလှပြီ ဖြစ်သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် လည်းကောင်း၊ မြောက်ဗီယက်နမ်တပ်မတော်သည် လည်းကောင်း အဆုံးဖြတ်စစ်ပွဲအတွက် သမားရိုးကျတပ်များ ဖွဲ့စည်းတိုက်ခိုက်ကာ အောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

အာဖဂန်စစ်ပွဲသည်ကား ခြွင်းချက်ဖြစ်၏။ ပြောက်ကျားစစ်သီးသန့်ဖြင့် နိုင်ငံကို ပြန်ရခဲ့သည် မှန်သော်လည်း နောက်ခံအကြောင်းအရာများ ကွဲပြားလှသည်။ ပြည်သူကို နှစ်ရှည် စည်းရုံးထားနိုင်သည်ကို တွေ့ရသည်။ ၎င်းတို့နည်းမှာ မိမိတို့အခြေအနေနှင့် မအပ်စပ်လှပေ။

မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထု၏ စိတ်နှလုံးအား သိမ်းကျုံးရယူထားနိုင်မှုသည် စစ်ပွဲတိုင်း၏ အသက်သွေးကြောဖြစ်သည်။ ပြောက်ကျားစစ်တွင်လည်း ‘ပြည်သူနဲ့ ပြောက်ကျား ရေနဲ့ ငါး’ ဟူသော နာမည်ကျော် အဆိုအမိန့်ကို လက်ခံကျင့်သုံးရ၏။ သို့မှသာ အင်အားကြီးရန်သူကို ရေရှည် ရင်ဆိုင်အနိုင်ယူနိုင်မည် ဖြစ်သည်။

မှန်ကန်သင့်မြတ်သည့် နိုင်ငံရေးအတွေးအခေါ်များဖြင့် ပြည်သူတို့၏ ဇွဲလုံ့လနှင့် မိမိတို့အပေါ် ထောက်ခံအားပေးမှုကို အမြဲမြှင့်တင်နေရန်မှာ အထူးလိုအပ်လှ၏။ ပြည်သူတို့၏ ထိခိုက်နစ်နာမှုကို တွက်ဆသောအားဖြင့် ခုခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းနိုင်ရန်လည်း တတ်နိုင်သမျှ မြန်မြန်ကြိုးစားရမည် ဖြစ်သည်။ ထိုသို့ ကူးပြောင်းရာတွင် တိကျမှန်ကန်သော အခြေအနေနှင့် အင်အားနှိုင်းယှဉ်သုံးသပ်ချက်များသည် အရေးပါလှပါသည်။

ထို့ကြောင့် ပြောက်ကျားစစ်ပါရဂူများက အဆင့်သုံးဆင့်ဖြင့် သတ်မှတ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းတို့မှာ -

(၁) ပြောက်ကျားခံစစ်ကာလ

(၂) တန်ပြန်ထိုးစစ်အကြိုကာလ

(၃) တန်ပြန်ထိုးစစ်ကာလ

ဟူ၍ဖြစ်သည်။ ပြောက်ကျားတို့အနေနှင့် ထိုအဆင့်သုံးဆင့်ကို စနစ်တကျ တဆင့်ချင်း တက်လှမ်းနိုင်ရန် အလွန်အရေးကြီးသည်။ အကယ်ရွေ့ အဆင့်တက်နေချိန် ဆုံးဖြတ် ဆောင်ရွက်ချက် မှားယွင်းမှုရှိပါက ပထမအဆင့်သို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

ထို့ကြောင့် မိမိတို့နိုင်ငံနှင့် ပြည်သူအား အာဏာရှင်လက်အောက်မှ ကယ်တင်ရာတွင် မှန်မှန်နှင့် မြန်ရန် မဖြစ်မနေ အရေးကြီးလှပါသည်။ ယခုအခါ မိမိတို့၏ ခုခံစစ်ကာလမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ခုခံရေးတပ်များအား စနစ်တကျစုဖွဲ့သည့် အ‌ခြေအနေသို့ပင် ရောက်ရှိနေပြီဖြစ်ရာ အရွေ့ကောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ ရည်မှန်းချက်တူ တော်လှန်ရေးအဖွဲ့တိုင်းနှင့် စုဖွဲ့မှု၊ ချိတ်ဆက်မှု၊ မဟာမိတ်ဆက်ဆံရေး တည်ဆောက်မှုများ ဆက်လက်ကြိုးပမ်းရမည်လည်း ဖြစ်သည်။

ရန်သူမှာ အင်အားကြီးလှသည်ဖြစ်ရာ ရင်ဆိုင်ရမည့်သူများအဖို့ စုစည်းညီညွတ်မှုကား အရေးကြီးလှ၏။ ရန်သူအနေနှင့်လည်း ၎င်းတို့သမိုင်းတွင် မကြုံဘူးသော ခုခံမှုနှင့် ကြုံနေရပြီ ဖြစ်သည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ဖိနှိပ်နေသည်ကိုလည်း တွေ့ရ၏။

ထိုသို့ ဖိနှိပ်ရာတွင် အခြေအနေအလိုက် ကိုက်ညီသော စစ်နည်းဗျူဟာများ စဉ်ဆက်မပြတ် ဖော်ထုတ်ကာ စစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရသည်။ လက်နက်အင်အားချို့တဲ့ပြီး မိုင်းစစ်ဆင်ရေးကို အဓိကထားသော အညာဒေသများတွင် ရဟတ်ယာဉ်တင် စစ်ဆင်ရေးများဖြင့် ပြောက်ကျားတပ်ဖွဲ့စခန်းများကို စီးနင်းခြင်း၊ ရပ်ရွာလူထုအား ရက်စက်သောနည်းလမ်းများသုံးကာ ဖိနှိပ်ခြောက်လှန့်ခြင်းနည်းများကို အသုံးပြုသည်။ 

ချင်း၊ ကချင်၊ ကယား၊ ရခိုင် စသော ဒေသများတွင် တပ်အင်အားအများအပြား စုစည်းအသုံးပြုကာ လှည့်လည်ထိုးစစ်ဆင်ခြင်း၊ ရင်ဆိုင်ထိန်းချုပ်ခြင်း၊ ဒေသခံပြည်သူများကို အမျိုးမျိုး နှိပ်စက်ပြခြင်းနည်းများ အသုံးပြုပြီး ပြောက်ကျားစစ်ကို အလွန်အားပြုသော ကရင်ပြည်နယ်တွင် အချက်အချာဒေသများအား အမြောက်ကာကွယ်မှုအောက်ရှိ စခန်းငယ်များဖြင့် ထိန်းချုပ်ကာ ပြည်သူတို့ ရပ်ရွာများကို ဖျက်ဆီးခြင်း၊ ပြောက်ကျားတို့ကို ရှာဖွေပိတ်ဆို့ခြင်း နည်းလမ်းများကို သုံးပြီး အခြေအနေ အချိန်အခါအလိုက် စစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်အာဏာရှင်လက်အောက်ခံတပ်၏ စစ်ဆင်နည်းအားလုံးသည် လူသားရင်းမြစ် နည်းပါးမှုကြောင့် ခရီးမတွင်လှပေ။ လူသားရင်းမြစ်နည်းပါးမှုမှာ စစ်အာဏာရှင် ကျဆုံးခန်း၏ အစဟုပင် ဆိုနိုင်သည်။ နိုင်ငံအနှံ့ စစ်ဆင်ရေးများတွင် အာဏာရှင်စစ်တပ်သည် လူအင်အားနည်းပါးမှုကို လေကြောင်းပစ်ကူဖြင့် အစားထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ပြောက်ကျားတို့အနေဖြင့် လေကြောင်းရန်ကို စနစ်တကျ ကာကွယ်ရန် အစီအမံများ ဖော်ထုတ်အသုံးချရမည် ဖြစ်သည်။ စစ်ဟူသည် လက်နက်များကို အမြောက်အမြား ထုတ်လုပ်သုံးစွဲရသည်ဖြစ်ရာ နည်းနည်းနှင့် ကျဲကျဲဝိုင်းနေသော အာဏာရှင်တပ်အဖို့ လေကြောင်းအင်အားသီးသန့်ဖြင့် မိမိတို့အား အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။ ရန်သူ့လေယာဉ်များကို တန်ပြန်မတိုက်ခိုက်နိုင်မီ အထိအခိုက် နည်းရန်အတွက် ကွန်ရက်ကျယ်ကျယ် ချိတ်ဆက်သတင်းယူခြင်း၊ အမြန်တပ်ဖျောက်နိုင်ရန် လေ့ကျင့်ထားခြင်းနည်းများ အသုံးပြုကာ ရင်ဆိုင်နိုင်၏။

အာဏာရှင်လက်အောက်ခံ စစ်တပ်အနေဖြင့် ၎င်းတို့၏ လက်သုံး သပ်လျှိုသွေးခွဲခြင်း၊ လာဘ်ပေးစည်းရုံးခြင်း နည်းများကိုလည်း မလွတ်တမ်း အသုံးပြုနေသည်ဖြစ်ရာ သတိပြု တန်ပြန်ရမည့် အချက်များဖြစ်သည်။ အထူးသတိထား စောင့်ကြည့်နေရမည့် အချက်များလည်း ဖြစ်သည်။ မိမိတို့အနေနှင့် အင်အားကြီးရန်သူအား ရင်ဆိုင်ရသည်ဖြစ်ရာ စစ်ရေးနည်းလမ်းများအပြင် ရနိုင်သမျှသောနည်းများဖြင့် အပြင်းအထန် ဟန့်တားရမည် ဖြစ်သည်။ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံများသည်လည်း စစ်ရေးနည်းလမ်းတခုတည်းကို အသုံးပြုခြင်းထက် ဘက်စုံ၊ ကဏ္ဍစုံ စစ်ပွဲအသွင်ဖြင့် ရည်မှန်းချက်များကို အကောင်အထည်ဖော်လျက် ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ နောက်ဆုံး အဆုံးအဖြတ်သည်ကား တန်ပြန်ထိုးစစ်တည်းဟူသော တိုက်စစ်ပင်ဖြစ်သည်။

ထို့ကြောင့် တနိုင်ငံလုံး အတိုင်းအတာနှင့် တိုက်စစ်ဆင်နိုင်ရန် နိုင်ငံအတွင်းရှိ တော်လှန်ရေးတပ်များ စုစည်းညီညွတ်ရေးမှာ အရေးပါလှ၏။ တိုင်းရင်းသား တော်လှန်‌ရေးတပ်များနှင့် ချိတ်ဆက်ရာတွင် ၎င်းတို့၏ ခံစားချက်၊ လိုလားချက်များကို သိရှိနားလည်ရန် ကြိုးစားခြင်းဖြင့် ညီညွတ်မှုယူရမည် ဖြစ်သည်။

ထို့အတူ မိမိတို့ ပြောက်ကျားတပ်များ ထိန်းချုပ်ထားနိုင်သော ဒေသများတွင် စနစ်ကျသော အုပ်ချုပ်ရေး အစီအစဉ်များ ထူထောင်ပြီး ပြည်သူလူထု၏ အခက်အခဲများကို ကူညီဖြေရှင်းခြင်း၊ မသမာသူများ၊ ခိုးဆိုးလုနှိုက်များရန်မှ ကာကွယ်ပေးခြင်းများဖြင့် ပြည်သူ့ထောက်ခံမှုကို အလေးထား ထိန်းသိမ်းရမည် ဖြစ်သည်။ အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရာတွင် ပြည်သူလူထုနှင့် လိုက်‌လျောညီထွေရှိစေရန် လေ့ကျင့်ထားသော အုပ်ချုပ်ရေးဝန်ထမ်းများ မွေးထုတ်ကာ အုပ်ချုပ်မှုတည်မြဲရေးအတွက် ကြိုးစားရမည် ဖြစ်သည်။

ပြည်သူလူထု၏ တခဲနက်ထောက်ခံခြင်း၊ ပြည်တွင်း ပြည်ပ မဟာမိတ်ဖွဲ့စည်းနိုင်ခြင်းကသာ တိုက်စစ်အတွက် အရေးကြီးသော အထောက်အပံ့များ ရရှိစေမည် ဖြစ်သည်။

ထိုသို့ ကြိုးစားနေဆဲကာလတွင် မဟာဗျူဟာ လိုအပ်ချက်အရ မဟုတ်သော ထိုးစစ်ကြီးများ ဆင်နွှဲခြင်းကို ဆင်ခြင်သင့်လှပါသည်။ သို့မှသာ ပြောက်ကျားစစ်မဟာဗျူဟာအရ အဆင့်နောက်ပြန်လည်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပြီး အမှန်တကယ် ထိုးစစ်စတင်ရာတွင် စွမ်းအားကုန် အသုံးချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ခုခံစစ်ဆင်နွှဲနေသူများအနေဖြင့် ပြည်သူတို့ တခဲနက်ထောက်ခံမှုကို စဉ်ဆက်မပြတ်ရယူကာ ခြွေစစ်ကစားရင်း တိုက်စစ်အတွက် ကြိုးစားပြင်ဆင်နေသင့်ပြီ ဖြစ်သည်။ ရန်သူ့အခြေအနေအား မျက်ခြည်ပြတ်မခံဘဲ အင်အားမျှခြေ ဖန်တီးနိုင်သည်နှင့် ရန်သူနှင့် မိမိတို့၏ အင်အား၊ စွမ်းအားတို့ကို ချိန်ဆကာ ရည်မှန်းချက် အဆင့်ဆင့်ထား တိုက်ခိုက်‌ချေမှုန်းခြင်းဖြင့် အာဏာရှင်စနစ်ဆိုးကို အမြစ်ချိုးနိုင်ပါစေကြောင်း တင်ပြလိုက်ရပါသည်။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024