
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ အဝိုင်းအနီးရှိ မြို့နယ်ခန်းမအနောက်မှာ ဒီနေ့မနက် ၉ နာရီက ဗုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေ မြို့နယ်ခန်းမအနောက်ကို ကားနဲ့ရောက်လာချိန် ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“စစ်တပ်က ကားနဲ့ဝင်လာပြီးမှ ဗုံးပေါက်တာ၊ အသံအကျယ်ကြီးပဲ၊ မြို့နယ်ခန်းမအနောက်ဘက်က ပေါက်တာ၊ ထိတဲ့သူတွေရှိတယ်လို့ ကြားတယ်။”
ဗုံးပေါက်ကွဲတာမှန်ပေမဲ့ စစ်ကောင်စီတပ်က အဝိုင်းယာဥ်ထိန်းရုံးအနီးမှာ လက်လုပ်ဗုံးတွေ့လို့ အကာအရံတားပြီး လာရောက်ဖောက်ခွဲတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“စစ်တပ်ကပြောတာတော့ လက်လုပ်ဗုံးတွေ့လို့ လာဖောက်တယ်ပြောတယ်။ မြို့နယ်ခန်းမအနောက်မှာ ဗုံးပေါက်တာမဟုတ်ဘူး။”
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ မြောက်ဥက္ကလာအဝိုင်းအနီးမှာ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်တွေက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်က အငြိမ်းစား ဒုဗိုလ်မှူးကြီးတယောက်နဲ့ အရပ်သားတချို့ သေဆုံးဒဏ်ရာရတာတွေ ရှိပါတယ်။