
မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၂၀ ရက် မနက်ပိုင်းက အရက်မူးသမားတယောက်က မီးရှို့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းကာ မီးရှို့တဲ့သူလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့၊ သုခဝတီရပ်ကွက်မှာ ဧပြီ ၂၀ ရက် မနက် ၁၀ နာရီလောက်က အသက် ၄၇ နှစ်အရွယ် ဦးဖိုးဝင်းဆိုသူက အရက်သေစာ သောက်စားမူးယစ်ပြီး နေအိမ်ကို မီးရှို့ရာကနေ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့တာလို့ ရေစကြိုမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီမီးလောင်မှုအတွင်း အရက်မူးပြီး နေအိမ်ကိုမီးရှို့ခဲ့တဲ့သူလည်း မီးထဲပါသွားပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းခဲ့တဲ့နေရာကို ရေစကြိုမြို့နယ် မီးသတ်စခန်းက မီးသတ်ကား ၂ စီး၊ ရေသယ်ယာဥ် ၂ စီးနဲ့ အရန်မီးသတ်တွေ၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ မနက် ၁၁ နာရီမှာ မီးငြိမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။