
နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေတဲ့ မင်းသား အကယ်ဒမီမင်းမော်ကွန်း ဦးဆောင်တဲ့ “ကန့်ဘလူအကြွေး” ကမ်ပိန်းစတင်နေပြီး ပါဝင်ထောက်ပို့လိုတဲ့ ပြည်သူတွေကို ဖိတ်ခေါ်ထားပါတယ်။
“ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ နာမည်အတိုင်းပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ အလှူငွေတွေကို "ကန့်ဘလူအကြွေး" အတွက်ပဲ အဓိက အသုံးပြုသွားမှာပါ။ ဒါကြောင့် ကန့်ဘလူ အကြွေးကို ပြန်လည်ရယူလိုတဲ့ မိဘပြည်သူတွေအနေနဲ့ ကူညီလှူဒါန်းလိုတဲ့ ပမာဏ အလျောက် ထည့်ဝင်နိုင်ပါတယ်။ ကျေးဇူးတင်လွှာတွေကို Email (သို့မဟုတ်) အသိအမှတ်ပြု FRs တွေက တဆင့် ရယူနိုင်ပါတယ်။”
ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ အင်အားပြင်းဗုံးကြဲချခဲ့သလို ၊ Mi 35 စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေအပါအဝင် ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူအယောက် ၁၇၀ နီးပါးထိ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာအပါအဝင် အနီးနားက သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်ဇေတောရွာ၊ မလယ်ရွာ၊ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ်ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ အကယ်ဒမီ မင်းမော်ကွန်းစီစဉ်တဲ့ "ကန့်ဘလူအကြွေး" ကမ်ပိန်း ကာလကို ၁၄ ရက်ပဲ သတ်မှတ်ထားတာမို့ ပြည်သူတွေအနေနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင် ပေးကြဖို့ အလေးအနက် ဖိတ်ခေါ်ထားတာပါ။
အသေးစိတ်ကို သက်ဆိုင်ရာ နိုင်ငံအလိုက် Fundraisers တွေဆီမှာ မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါ တယ်။