
ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၂ အထက်တန်း ကျောင်းရှေ့မှာ ဧပြီလ ၁၃ ရက် မနေ့ ည ၈ နာရီက ဗုံးပေါက်ကွဲလို့ ရဲတွေ လာရောက် စစ်ဆေးစဥ် ဗုံးထပ်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ် ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့မှာ မနေ့ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးက ရဲနဲ့စစ် သားတွေကို ဖုန်းဆက်ခေါ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ပထမဗုံးပေါက်တာ ဘယ်သူမှမထိဘူး။ ရပ်ကွက်လူကြီးတွေက သောင်ကြီးစခန်းက ရဲတွေကို ဖုန်းဆက်ခေါ်လိုက်တာ။ ရဲတွေရော စစ်သားတွေရော ရောက်လာတာ အဲ့အချိန်ထပ်ပေါက်တာ လိုက်ပြတဲ့ ရာအိမ်မှူးလည်း ထိသွားတယ်။”
ဒဏ်ရာရသူသုံးဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက လူနာတင်ယာဥ်နဲ့ လှိုင်သာယာဆေးရုံနဲ့ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ခဲ့ရာ ဒီနေ့မနက်မှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"စစ်သားတစ်ယောက်ကတော့ ဒီနေ့မနက်ဘဲ ဆုံးသွားတာ။ ကျန်တဲ့နှစ်ယောက်လည်း အခြေအနေမကောင်းဘူး"လို့ပြောပါတယ်။
လှိုင်သာယာမြို့နယ်ရှိ သင်္ကြန် ရေကစားမဏ္ဍပ်ဖြစ်တဲ့ "လှိုင်ပိတောက်မေ" သင်္ကြန်မဏ္ဍပ်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ရာအိမ်မှူး ဆယ်အိမ်မှူးတွေအပြင် စွမ်းအားရှင်တွေကို လုံခြုံရေးတင်းကျပ် ချထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။