ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုဇုန် ကျောက်မျက်စျေးမှာ ပယင်းအကြမ်းတုံးရောင်းဝယ်မှုက အာဏာသိမ်းမှုဖြစ်စဥ်မတိုင်မီ နှစ်တွေကတည်းက အစားထိုးနေရာယူလာတယ်လို့ ကျောက်မျက်စျေးကွက်ကနေ သိရပါတယ်။
"ကျောက်စိမ်းဆိုရင် မြစ်ကြီးနားက ကျောညှပ်တဲ့နေရာဖြစ်နေတော့ တရုတ်က ဝယ်လက်ဆိုရင်လည်း ဖားကန့်ထိ သွားလိုက်တယ်။ မူဆယ်နဲ့ ထိုင်းဝယ်လက်ဆိုရင်လည်း မန္တလေးမှာ အဆင်ပြေတယ်။ ဒီထိမလာတော့ဘူး" လို့ ကျောက်မျက် ရောင်းဝယ်သူတဦးက ပြောပါတယ်။
တန်ကြေးမြင့်ကျောက်စိမ်းတွေကို ကျောက်မျက်စျေးမှာ အခုလက်ရှိ ချရောင်းတာမျိုးမရှိတော့ပေမယ့် အနည်းအကျဥ်းပြသဖို့တော့ အချောထည်တန်းမှာ နှစ်ဆိုင်လောက်တော့ ရှိတယ်လို့ ဆိုပါတယ်။
အကြမ်းထည်တန်းမှာ ပယင်းအဓိကရောင်းဝယ်နေကြတာဖြစ်ပြီး ကိုဗစ်မတိုင်ခင်ကဆို မနက် ၆ နာရီလောက်ကနေ ၁၁ နာရီထိ လူစည်ကားပြီး လက်ရှိမှာတော့ မနက် ၇ နာရီကနေ ၉ ခွဲလောက်ထိပဲ စည်တော့တယ်လို့ သိရပါတယ်။
"ပယင်းရဲ့အားသာချက်က ကျောက်စိမ်းလို ခွက်ခွက်လှန်အောင်ရှုံးတာမျိုးမရှိဘူး။ အရင်းနည်းနည်း နဲ့ စလုပ်လို့ရတယ်" လို့ ပယင်းအချောထည်သွေးသူတဦးက ပြောပါတယ်။
အကြမ်းတုံးတွေကတော့ အဝါကြည်၊ ကာလာဆန်း၊ လက်ဖက်စိမ်း အပိတ် စသဖြင့် အ မျိုးအမည်ပေါင်းများစွာရှိပြီး ကျောက်သွေးစက်တွေဆိုရင်လည်း စျေးတပိုင်တနိုင်လုပ်ကိုင်ဖို့ အဆင်ပြေတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။