Home
ဆောင်းပါး
ဟေ့ဟေ့ လေအဘ (သရော်စာ)
DVB
·
April 13, 2023

(က)

သည်နေ့ အဘစောမူးသာနဲ့ အဘလုံးတုံးတို့က “ဘုန်းကြီးကျောင်းလိုက်ခဲ့အုံးဟ”ဟု ခေါ်ပြန်ရာ “မျက်ခုံးလှုပ်တယ် အဘတို့ရာ”ဟု ဆိုမိ၍ သူတို့ တဟားဟား ရယ်ကြ၏။

"ဒီတစ်ခါ ' မြောက်ကျောင်းကို ဖေကြီးရ”

" တော်ပါသေးရဲ့ အဘတို့ရာ . . . "

" ဟားဟား ဟားဟား ဟားဟား . . . . . "

တောင်ကျောင်းကိုယ်တော် စိမ်းတော်မူသလောက် မြောက်ကျောင်းကိုယ်တော်မှာ သမာသမတ်ကျလှသူဖြစ်ပေ၏။ ဓမ္မနှင့် အဓမ္မကို ပိုင်းခြားသိမြင်တော်မူပြီးသကာလ အမှန်တရားဘက်မှ အမြဲထာဝရ ရပ်တည်သူဟု ရွာခံများက ဆိုကြပါလေ၏။

မြောက်ကျောင်းမှာ လူစုံ တက်စုံပါ ခင်ဗျ။ အနီတွေသာမက အစိမ်းတွေကော နောက်ပေါက် အဝါတွေပါ မြင်ရပါ၏။ ထူးထူးခြားခြား တောင်ကျောင်းက စိမ်းသရဖူစိမ်းဆရာတော်ကိုပါ မြင်ရပါလေ၏။ နစ်သစ်ကူးအထူးတရားပွဲအတွက်ဆိုလား အတူတကွ စည်းဝေးကြတာဖြစ်ကြောင်း သိရပါလေ၏။

သည်အချိန်မှာ အရှေ့တောင်ဘက်အရပ် 'ခွေးတစ်ဟောင်လောက် ' ဆီမှ တေးသံလွင့်ပျံလာ ပါလေ၏။

" (ဟေ့ ဟေ့ နွေမ) ၂

နွေမရဲ့ ကပုံလေးက ချစ်စရာကွယ်

(ဟေ့ ဟေ့ နွေမ) ၂

ဘယ်တော့မှ မေ့မရအောင်

ဖက်ထားပါအုံးကွယ် . . .

(နွေမလေးက သင်္ကြန်လိုက

သည်ရေနန်းက သင်္ကြန်လိုကြို ) ၂

ပြန်ပါနဲ့အုံးကွယ်

နွေမ မာလာ ပြန်နဲ့အုံးကွယ် . . . "

" ဘယ်ကအသံတုန်း စိမ်းမောင်ရ "

" ဘယ်ကမလဲ မူးသာရ . . . အဲသည်မှာငါတို့တွေ ပွဲမိန့်တောင်းပြီး ဒီကနေ့စလုပ်တဲ့ ' အာဝါဒေး ' ရဲ့ ' စတိတ်ရှိုး ' က ဆိုနေတာပေါ့ဟ၊ ဒီကပြီးရင် သွားကြီးကြပ်ရအုံးမှာ"

" အင်း . . . ခက်ပ . . . ဒီလိုအချိန်ကြီးမှ "

သည်ဘက်ရွာတွေမှာ သည်လို ' အာဝါဒေး ' ပွဲတွေ လုပ်ပေးနေတာ။ နွားပွဲတွေ၊ ကြက်ပွဲတွေ၊ ဖဲဝိုင်းတွေ၊ ဂျင်ဝိုင်းတွေ၊ ဂျုန်းဂျုန်းကျဝိုင်းတွေမှာ ရွာသားတွေနဲ့ ငွေယားတွေနဲ့ အရက်ဆိုင်တွေနဲ့ ကြက်ဆိုင်တွေနဲ့ ဘီယာဆိုင်တွေနဲ့ ' ဆိတ်ဂတုံးသား ' ဆိုင်တွေဟာ စည်ကားလို့ပါတဲ့။ ပွဲပြီးရင်တော့ ရွာတွေမှာ သူခိုး သူဝှက် ပေါပြီတဲ့။

အရင်တုန်းက သံချပ်တွေရေးလာတဲ့ အဘစောမူးသာက 'စာမြှောင်ကပ်' တေးတစ်ပုဒ်ကို ခပ်အုပ်အုပ် လက်တန်းသီဆိုလိုက်ပါတယ် ခင်ဗျ။

" ( ဟေ့ ဟေ့ လေ အဘ ) ၂

လေ အဘရဲ့ ရွပုံလေးက ရိုက်စရာကွယ်

ဟေ့ ဟေ့ လေ အဘ

ဟေ့ ဟေ့ လေ အဘ . . .

ဘယ်ကိုမှထွက်မရအောင် နှက်ထားပါအုံးကွယ် 

(လေ အဘကြီးက အမှန်ငိုပြ

သည်ဘက်ခြမ်းက အမှန်ကိုဆော်) ၂

ဆော်ပါကွဲ့ ဒရုန်းရယ်

လေ အဘ ခံပါ ခံလှည့်အုံးကွယ် . . . "

" ဝါး . . ဟားဟား ဟားဟား ဟားဟား "

သည်ဘက်အုပ်စုက ခပ်အုပ်အုပ်ရယ်ချလိုက်ချိန်မှာ အစိမ်းအုပ်စုက မျက်နှာကျောတွေ ခပ်တည်တည် ခပ်တင်းတင်း။ မြောက်ကျောင်းဆရာတော်က ပြုံးတော်မူနေချိန်မှာတောင်ကျောင်းကိုယ်တော်က ကွမ်းတွေကိုဖိဝါးရင်း ' ထွီ ' ကနဲ ' ထွမ် ' ကနဲ အသံပြုကာ ထွေးထုတ်တော်မူနေပါလေ၏။

(ခ)

ဆရာတော်နှစ်ပါး ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြချိန်မှာ ဒကာတော်များသည်လည်း စကားပြောကြရင်း ရေနွေးကြမ်းသောက်နေကြပါ၏။

' အာဝါဒေး ' ပွဲက စတိတ်ရှိုးကား သင်္ကြန်တေးများကို တစ်ပုဒ်ပြီးတစ်ပုဒ် အဟုတ်ကို သီဆိုဖျော်ဖြေနေကြလေရာ လေကြောင်းတည့်နေသည့်အတွက် ပီပီသသ ကြည်ကြည်မြမြကြီးကို ကြားကြရပါလေ၏။

အဘစောမူးသာနှင့် အဘလုံးတုံးတို့က ဖေကြီးအား အဓိပ္ပါယ်ပါပါ ပြုံးစိပြုံးစိ လုပ်ပြကြလေရာ ကျွန်ုပ်ဖေကြီးမှာ မျက်နှာပူစွာဖြင့် ရှေ့လာမည့်ဇာတ်လမ်းကို မသိစိတ်က ငံ့လင့်နေမိပါလေ၏။

" မြူးကြွတဲ့တေးသံ ပြန့်လွင့်လို့နေ

ကူးပြောင်းစ တန်ခူးလေမှာ . . .

တစ်ယောက်တစ်လှည့်မို့

လှမ်းကာ ဖျန်းပက်ကြစဉ်

ပိတောက်ဖူးကလေးတွေ

ပန်ဆင်ထားသူရေ . . .

ခေါင်းကလေးမော့လို့ . . .

ပိတောက်ဖူးကလေးတွေ

ပန်ဆင်ထားသူရေ . . . "

" ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ

ငုံနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ

ရာသီအချိန်မီ လန်းစွင့်ခဲ့တဲ့ ပိတောက်ကို

ပန်ဆင်ပါရင် လှသထက် တင့်မှာမို့

မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ

မြူးကြွတဲ့ သင်္ကြန်အခါ

လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရေ

ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်အုံး

မိုးပြေးလေးရေ သင်္ကြန်မိုးပြေးရေ

စိုရုံ ဖျန်းပက်အုံး . . . "

" လန်းဆန်းတဲ့ပိတောက်ရယ်

မိုးပြေးလေးရယ် 

သင်းပျံ့စ တန်ခူးလေမှာ . . .

ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင်

သင်္ကြန်မိုးပြေးရေ စိုရုံ ဖျန်းပက်အုံး . . . "

အဘစောမူးသာက မျက်စိလေးမှိတ်ကာ

လက်ဖဝါးနှင့် စည်းချက်လိုက်နေပါလေ၏။

" ကောင်းလိုက်တဲ့ သံစဉ်လေးကွာ . . . "

" ' သံစဉ် ' ပဲလား မူးသာရ . . . ' စာသား'

တွေကလည်း အနှစ်တွေချည်းပါပဲ ဟ "

အဘစောမူးသာ့အပြောကို အဘစိမ်းမောင်က အလိုက်သင့် ပြောလေရာ အဘလုံးတုံးက ဖေကြီးအား လှမ်းပြုံးပြပါ၏။ အဘစောမူးသာက သူ့မှာ စာသားအသစ်တွေရှိကြောင်း ပြောလေရာ အဘစောမူးသာတို့ စိမ်းသရဖူ စိမ်းအုပ်စုမှာ ထိုင်မရ ထမရ ခွတွေကျကုန်၏။

ဆရာတော်နှစ်ပါးလည်း နားတွေစွင့်ထားတော်မူနေပုံပါလေ။ အဘစောမူးသာက ခပ်အုပ်အုပ် ကလေး ဆိုညည်းပြပါလေ၏။ 

" မြူးကြွတဲ့ဒရုန်းသံ ပျံ့လွင့်လို့နေ

ခေါင်းထက်က ကောင်းကင်မှာ . . .

တစ်ဖွဲ့တစ်လက်မို့ လှမ်းကာ ကြဲချကြစဉ်

ငကြောက် ငရူးလေးတွေ

ခံရန် ပြင်ထားပါလေ . . .

ခေါင်းကလေးမော့လို့ . . .

ငကြောက် ငရူးလေးတွေ

ခံရန် ပြင်ထားပါလေ . . . "

" ပျော်ပျော်ရွှင်ရွှင် တောထုတ်ကြတဲ့ပွဲမှာ

တုန်နေရှာတယ် စကစတွေထဲ

နာရီအချိန်မီ လှမ်းထုကြတဲ့ ဒရုန်းကို

ပန်ဆင်ပါရင် ဂန့်သထက် ဂန့်မှာမို့

မိုးပြေးနဲ့အရောက်လာ ခေါင်းပွင့်ဖို့ရာ

မြူးကြွတဲ့ သင်္ကြန်အခါ

လန်းဆန်းတဲ့ဒရုန်းရယ် မိုးပြေးလေးရေ

ငကြောက်စခန်းပွင့်အကုန် ပြိုအောင်လှမ်းနှက်အုံး

ဒရုန်းပြေးလေးရေ သင်္ကြန်တွင်းထဲမှာ

ကုန်အောင် လှမ်းနှက်အုံး . . . "

စိမ်းသရဖူစိမ်းအုပ်စုကား တစ်ယောက်ပြီးတစ်ယောက် အလျှိုအလျှိုထထသွားကြလေရာ ဝိုင်းမှာ ကျွန်ုပ်တို့သာ ရှိတော့၏။

သို့ပေမည့် သိပ်မလှမ်းမကမ်းမှာကား ဆရာတော်နှစ်ပါး ဆွေးနွေးတိုင်ပင်နေကြဆဲပါခင်ဗျ။ မြောက်ကျောင်းဆရာတော်က မသိမသာလှမ်းပြီးပြုံးပြပါ၏။ တောင်ကျောင်း ကိုယ်တော်ကား သူဘာမှ မကြားမသိသလိုဣန္ဒြေပိုနေပါလေ၏။

(ဂ)

' အာဝါဒေး ' ဆီမှ နှစ်ကူးသင်္ကြန်တေးများစွာကို ဆက်လက်၍ ကြားနေကြရပါလေ၏။ အစိမ်းအုပ်စုကား ရှောင်တိမ်းသွားကြပြီဖြစ်ရာ ကျွန်ုပ်တို့လည်း အရှင်နှစ်ပါးအား လျှောက်ထားပြီးသကာလ ကျောင်းပေါ်မှ ဆင်းခဲ့ကြပါ၏။

ကျောင်းဝင်းကျယ်ကြီးထဲမှာ အဘစိမ်းမောင်တို့အုပ်စုကို လှမ်းတွေ့ရပါ၏။ ထိုစဉ်အခါမှာပဲ အာဝါဒေးစတိတ်ရှိုးဆီမှ နာမည်ကျော်' ဟောတော့ ' သီချင်းသံ ပေါ်ထွက်လာလေရာ အဘလုံးတုံးက လက်မထောင်ပြီး သူ့ရင်ဘတ်ဆီ ထောက်ပြပါလေ၏။ ကြည့်ရတာ ' ဒီတစ်ခါ ငါ့အလှည့်' ဟု ပြောပုံပါပေ။

" ဟော ဟော ဟောတော့ . . !

ဗြန်းကနဲဆို . . . လန့်လိုက်တာရှင်

လောင်းလိုက်တာ ပက်လိုက်တာ

ရေ ရေ ရေ ရွှဲကုန်ပြီ

ရေ ရေ ရေ ရွှဲကုန်ပြီ

ရေ ရေ တွေ ရွှဲကုန်ပြီ . . . ဟောတော့ . . .

ချမ်းလိုက်တာ အသည်းကို တုန်ရောရှင် . . "

"(တကယ်ဆိုဆို မဆိုဆို 

တကယ်တီးတီး မတီးတီး 

သိကြားမင်းကြီးမှာလိုက်တယ်)၂ "

“သည်သင်္ကြန်မှာပါဝင်နွှဲ မြန်မာတို့ တေးသံမစဲ သည်းစွဲမခွဲဘဲ ပျော်မှာပဲ စကားဝါပျိုတို့ကမှာပဲ . . .။ "

စစ်ပြန်ကြီးအဘလုံးတုံးက ပြုံး၍ပြော၏။

" ဒီသီချင်းကိုတော့ ' ပီဘိ လုဓားပြ လိမ်ပြီ ' ဘွဲ့ရ မိဖုရားခေါင်ကြီး ' ခေါဥမ္မာ့ ' အသံနဲ့ဆိုရမှာကွ "

" ဝါး ဟားဟား ဟားဟား ဟားဟား . . . "

ခဏအကြာမှာပင် အမျိုးသမီးအသံတုဖြင့် စစ်ပြန်ကြီးအဘလုံးတုံး၏ အပီအပြင်သီဆိုထားရာ ဂီတ သံစဉ် စာသားများကို ကျွန်ုပ်တို့သာမက ရှေ့မှကြွနေကြသည့် စိမ်းသရဖူစိမ်းအုပ်စုပါ ပီသ ကြည်မြစွာ ကြားကြရပါလေတော့၏ ခင်ဗျာ။

" ဟော ဟော ဟောတော့ . . !

ဗြုန်းကနဲဆို လန့်လိုက်တာရှင်

ကြဲလိုက်တာ နှက်လိုက်တာ

သေ သေ သေ ကွဲကုန်ပြီ

လေပေါ်မှာ ဒရုန်းကိုယ်စီ

သေ သေ သေ ရွဲကုန်ပြီ . . .

ဟောတော့ !

ကြောက်လိုက်တာ

အသည်းကိုတုန်ရောရှင် "

" (တကယ် ဆော်ဆော် အသေဆော်

တကယ် တီးတီး သောက်ရမ်းတီး

မ အ လ ကြီး မှာလိုက်တယ် ) ၂ "

ကားကနဲ ကားကနဲ သေမှာပဲ

စကစပြိုလို့ ဂန့်မှာပဲ . . . "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024