
မြစ်ကြီးနားမြို့ လမ်းလျှောက်ာသင်္ကြန်ဗဟိုမဏ္ဍပ် လက်စသပ်ပြင်ဆင်နေတာကြောင့် ဒီနေ့ ညနေကစပြီး ဗဟိုမဏ္ဍပ်ဘက်ရောက်နိုင်တဲ့ လမ်းအားလုံးကို ပိတ်ထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
"နေ့လယ် ထီးတွေဆင်နေတုန်းကတော့ ဖြတ်လို့ရသေးတယ်၊ ၁ နာရီ လောက်ထိလေ။ ညနေ ၃ နာရီလောက်ကျ ယာဥ်ထိန်းရဲတွေ၊ ရဲတွေ၊ စစ်သားတွေက အ-ထ-က ၁ နဲ့ အံတော်ရှင်ဘက်သွားတဲ့လမ်း အားလုံးကို ပိတ်လည်းပိတ် တင်းတင်းကြပ်ကြပ်စောင့်နေတာ။ လမ်းတိုင်းမှာ စစ်ကားတွေရှိတယ်။”
လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်နေကြတာဖြစ်ပြီး အထက ၁ ရှေ့နဲ့ အံတော်ရှင်ဘုရားရှေ့ မဏ္ဍပ်တွေကလွဲရင် မြစ်ကြီးနားမြို့ရဲ့ တခြားနေရာမှာ သင်္ကြန်အတွက်ပြင်ဆင်နေတဲ့ အရိပ်အယောင်တောင် မတွေ့ရဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းမှုဖြစ်စဥ်နောက်ပိုင်း အရပ်သားတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ ရွာတွေကိုမီးရှို့တာ၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေကြောင့် ပြည်သူတွေက စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ကို စိတ်မဝင်စားကြဘူးလို့ သိရပါတယ်။