Home
ဆောင်းပါး
မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ သွေးခွဲထိန်းချုပ်ခံထားရတဲ့ တိုင်းရင်းသားဒေသများ
DVB
·
April 8, 2023

တိုင်းရင်းသားဒေသ အတော်များများကို စစ်တပ်က သွေးခွဲခြင်းနဲ့ ထိန်းချုပ်ထားတယ်။ ရိုးသားတဲ့ တိုင်းရင်းသားတွေကို အကျင့်စာရိတ္တနဲ့ မဟုတ်မမှန် အလိမ်အညာ လုပ်ဇာတ်တွေဆင်ကာ သွေးခွဲဖျက်ဆီးထားတယ်။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေကို သွေးထိုးမှိုင်းတိုက် ရန်တိုက်ပေးထားတယ်။

အဆင်ပြေ သင့်မြတ်နေတဲ့ မိသားစုနှစ်စုကို မလိုလား မနှစ်သက်သူက စကားနဲ့ တဖက်ကို သွေးခွဲစကားဆိုတယ်။ တဖက်ကို ရန်တိုက်ပေးတယ်။ ပြီးတာနဲ့ တဖက်ကလုပ်တယ်ထင်အောင် ထိခိုက်နာကျင်စေတဲ့ လုပ်ရပ်တွေလုပ်တယ်။ အဲ့ဒီလိုနဲ့ တဖက်နဲ့တဖက်ကို ရန်တိုက်ပေးတယ်။ အိမ်နှစ်အိမ် မိသားစုနှစ်စုကြားမှာ အမုန်းမီးစပျိုးထားတယ်။ သူ့အတွက် လိုအပ်လာတဲ့အချိန် ထိန်းထားတဲ့အမုန်း မီးစလေးကို မီးတို့ပေးလိုက်တယ်။

တိုင်းပြည်ရဲ့ ရတနာအစစ်က တန်ဖိုးအရှိဆုံး မျိုးဆက်သစ်လူငယ်တွေဖြစ်တယ်။ ပညာတတ်လူငယ်တွေကသာ တိုင်းပြည်ရဲ့ အနာဂတ် ဖွံ့ဖြိုးခြင်း တိုးတက်ခြင်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။

ရိုးသားတဲ့ ပြည်သူလူထုကို ‌မတော်လောဘနွံထဲ နစ်မြုပ်နေစေဖို့ လောင်းကစားနွံထဲမှာ နစ်မြုပ်နေအောင် မသိမသာရော သိသိသာသာရော ဖန်တီးပေးထားတယ်။

တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စည်းလုံးညီညွတ်နေရင် သူတို့ကို တချိန်မှာ တွန်းလှန်တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်နဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် မတရားအနိုင်ကျင့်နေတာ မခံနိုင်တော့တဲ့ တိုင်းသူပြည်သားတွေက တနေ့မှာ ပုန်ကန်ထကြွလာရင် သွေးခွဲရန်တိုက်ထားတဲ့ လုပ်ရပ်တွေကို အသုံးချကာ ပဋိပက္ခ ဖြစ်စေခဲ့တယ်။

တိုင်းရင်းသားထဲကမှ သူတို့အထူးအခွင့်အရေးပေးထားတဲ့ သူတို့ဩဇာခံတွေကို တစင်ထောင် လက်နက်ပေးကိုင်ကာ တိုက်ခိုက်စေတယ်။ တိုင်းရင်းသားလူမျိုးတမျိုးမှာ အမြင်မတူ သဘောထားမတူတဲ့ လက်နက်ကိုင်အဖွဲ့ အနည်းဆုံး နှစ်ဖွဲ့ကနေ လေးငါးဖွဲ့ထိရှိတယ်။ အဲ့ဒီအထဲမှာ သူတို့လူတွေကို ဦးဆောင်သူ ထိပ်ပိုင်းခေါင်းဆောင် နေရာတွေမှာ ထည့်ထားပေးတယ်။ လုပ်ပိုင်ခွင့်လည်း အပြည့်ပေးထားတယ်။ လူသတ်မလား၊ လောင်းကစားလုပ်မလား၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမလား၊ ဘယ်ဌာနကမှ ဖမ်းဆီးအရေးမယူရဲဘူး။ ကချင်ပြည်နယ်မှာဆို မူးယစ်ဆေးဝါးနဲ့ လုယက်သတ်ဖြတ်တာတွေ ယခင်ကထက် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပိုမိုများပြားဖြစ်ပွားလာတယ်။ မူးယစ်ဆေးဝါးတွေ အခုဆို နေရာတိုင်းမှာ ဈေးသက်သက်သာသာနဲ့ ယောကျ်ား မိန်းမ ကလေး လူကြီး အရွယ်စုံ အကန့်အသတ်မရှိ ဝယ်ယူသုံးစွဲလို့ရနေတယ်။ ဒါက တိုင်းရင်းသားဒေသတွေမှာ နေ့စဉ်ကြုံတွေ့ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေပဲဖြစ်တယ်။

ပညာတတ်လူငယ်တွေ ပေါ်ထွက်မလာအောင် ပညာရေးကို ဖျက်ဆီးထားတယ်။ အာဏာရှင်လူတစုနဲ့ လက်ပါးစေ စီးပွားရေးသမား ခရိုနီတွေကတော့ သူတို့ရဲ့သားသမီးတွေကို ပြည်ပမှာသာ ပညာသင်ကြားစေပြီး အစဉ်အဆက် ပြည်သူတွေရဲ့ ဦးထိပ်မှာ ရပ်တည်နေနိုင်အောင် ပညာတတ်တွေ ဖြစ်စေခဲ့တယ်။ ပညာရွှေအိုး လူမခိုးဆိုတဲ့ ဆိုရိုးစကားကို မိစ္ဆာကောင်တွေက ရွှေအိုးရှိမှ ပညာသင်နိုင်အောင် စနစ်တကျ ဖျက်ဆီးထားတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ပညာရေးနိမ့်ကျ၊ အလုပ်အကိုင်ကရှားပါး၊ သူများနိုင်ငံတွေမှာ ကျွန်အဖြစ်နဲ့ နိမ့်ကျစွာ‌‌ နေထိုင်လုပ်ကိုင်ကြရကာ ကျွန်ဇာတ်သွင်းခံထားရတယ်။ ပြည်သူလူထုမှာ နိုင်ငံအတွင်းမှာလည်း စားဝတ်နေရေး ကျန်းမာရေး အစစအရာရာက ခက်ခဲစေခဲ့တယ်။ ငွေတွင်းကနက်၊ နှစ်လုံးထီ သုံးလုံးထီ (ချဲ) လောင်းကစားဘက်မှာ မသိမသာကနေ သိသိသာသာ နစ်မှန်းမသိ နစ်ခဲ့ကြရတယ်။ အခုဆိုရင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လောင်းကစားလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်လာကြတယ်။ လေးကောင်ဂျင်ဝိုင်း၊ ခြောက်ကောင်ဝိုင်း၊ ရှမ်းကိုးမီး ကစားနည်းမျိုးစုံ လက်နက်ကိုင်ထားသူတွေကို လစဉ်ကြေး နေ့စဉ်ကြေးပေးပြီး ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်။ ဒုစရိုက်မှုတွေ နေ့စဉ်ဖြစ်ပွားနေတယ်။ လူသတ်မှု၊ ဓားပြမှု၊ လုယက်မှုဆိုတာ နေ့တိုင်းလိုလို နေရာအနှံ့မှာဖြစ်နေတော့ ပြည်သူတွေဘဝက မလုံခြုံတော့ဘူး။ စားဝတ်နေရေး ကျပ်တည်းလွန်းလာတဲ့ ဆင်းရဲသား အခြေခံလူတန်းစားတွေလည်း မဖြစ်စလောက် ရွှေတိုရွှေစ ငွေတိုငွေစ ဆန်တပြည် ဆီတမှုတ်အတွက်နဲ့ မထူးဇာတ်ခင်းနေကြပြီ။ ဖတ်ဖူးတဲ့ စာတိုလေး သတိရမိတယ်။ “မြန်မာတွေ မထူးဇာတ်ခင်းရင် အရမ်းကြောက်စရာကောင်းတယ်” တဲ့၊ ကုန်ဈေးနှုန်းနဲ့ တိုင်းပြည်ရဲ့ မတည်ငြိမ်မှုက တနေ့တခြား ဆိုးဝါးလာနေပြီ ဖြစ်တယ်။

တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးဝါးနဲ့ သွေးခွဲရန်တိုက်ပေးထားပြီး တခြားဒေသတွေမှာတော့ လောင်းကစား ဒုစရိုက်မှုတွေကြားမှာ နစ်မြုပ်အောင် မိစ္ဆာစစ်အုပ်စုက ပြုလုပ်ဖန်တီးထားတယ်။ အခုဆိုရင် လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ မျိုးသုဉ်းသွားအောင် ရှင်းလင်းသုတ်သင်နေတယ်။ ကျောင်းသားလူငယ်မှန်သမျှ စစ်တပ်က ရန်သူသဖွယ် သတ်ဖြတ်ပစ်တယ်။ ဒီလူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေဖြစ်တယ်။ ဒါကြောင့် ပညာတတ်လူငယ်တွေ သူတို့က မရှိစေချင်ဘူး။ ဆေးသမား၊ ဖိုးသမား၊ လောင်းကစားသမား၊ ဒုစရိုက်သမားတွေဖြစ်အောင် ဖျက်ဆီးနေကြတာဖြစ်တယ်။

ဒီနေ့ ဒီအချိန်မှာတော့ လူငယ်တွေဟာ သူတို့ဖြစ်စေချင်သလို ဖြစ်မလာဘဲ မတရားသဖြင့် တိုင်းပြည်နဲ့ လူမျိုးအပေါ် ယုတ်မာကောက်ကျစ်တဲ့ မိစ္ဆာအုပ်စုကို တွန်းလှန်တိုက်ထုတ်နေကြပြီ ဖြစ်တယ်။

တိုင်းပြည်ရဲ့ နောင်အနာဂတ်အတွက် လူထုအားနဲ့ စွန့်လွှတ်စွန့်စားကာ တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်တာမို့ သွေးချင်းညီအစ်ကို မောင်နှမများနဲ့အတူ သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ဆီ အတူချီတက်ကာ အောင်ပန်းဆင်ကြပါစို့...။

ပေကြီး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024