Home
ဆောင်းပါး
အာပုံတော် မင်းသားကြီး (သရော်စာ)
DVB
·
April 6, 2023

(က)

“ဖေကြီးရေ . . . စိမ်းမောင်တို့အိမ်ဘက် လမ်းလျှောက်ထွက်ကြရအောင်ဟေ့”

“ကိစ္စရှိလို့လား အဘစောမူးသာ”

“‘အထူးကိစ္စ’ ကွ . . . ဟ ဟ ဟ ဟ”

ထုံးစံအတိုင်း မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပါပဲ။ သို့သော်လည်းပေါ့လေ . . . လိုက်ရမှာပါပဲ။ အဘစောမူးသာရယ် တပ်ကြပ်ကြီးလူထွက် အဘလုံးတုံးရယ်နောက်ကနေ ချီတက်ခဲ့ရချေပြီပေါ့ ခင်ဗျာ။ ‘အထူးကိစ္စ’ ဆိုပဲ။

“‘အထူးကိစ္စ’ ကွ ဖေကြီးရ၊ ဒီနေ့ ‘အထူးလျှို့ဝှက်စစ်ဆင်ရေး’ ရှိသဟ”

“ကျနော် ကျန်ခဲ့တော့မယ် အဘ”

“ဟားဟား ဟားဟား ဟားဟား . . . . .”

လျှောက်လာရင်းနဲ့ သိရပါလေ၏။ အနှီ စိမ်းသရဖူစိမ်း ရပ်ကျေးအစိမ်းဥက္ကဋ္ဌ အဘ စိမ်းမောင်တို့အိမ်မှာ ‘သီချင်းတွေ’ တိုက်နေကြတယ်လို့ သူတို့အုပ်စုအတွင်းထဲက ဖရဲသီးက သတင်းအတိအကျပို့ထားလို့ အခုလို ရှောင်တခင်ဝင်ပြီး အားပေးကြမလို့ဆိုပဲ ခင်ဗျ။ ဒီတော့လည်း မျက်နှာခပ်ပူပူနဲ့ပဲ နောက်တော်ပါးက ကပ်ပါလာခဲ့ရပြန်သပေါ့ဗျာ။

‘သီချင်းတွေ’ တိုက်နေကြတာကို အမှတ်မထင် ရုတ်ချည်းဝင်ကြမယ်ဆိုတော့ ထူးခြားမှုတခုတော့ ရှိရမယ်ပေါ့ဗျာ။ အဲဒါကိုလည်း အဘလုံးတုံးက အဘစောမူးသာကိုယ်စား ပြောကြားခဲ့ပါလေ၏ ခင်ဗျာ။

“စိမ်းမောင်တို့ အစိမ်းအုပ်စုက ‘သင်္ကြန်သီချင်းတွေ’ တိုက်နေကြတာတဲ့ ဖေကြီးရဲ့”

“အမယ်မယ် . . ‘ရေသဘင်ပွဲ’ များ ဆင်ကာနွှဲကြအုံးမယ့် သဘောလား”

“ဟားဟား ဟားဟား ဟားဟား . . . . .”

“‘သင်္ကြန်နှစ်ဦး ရူးစို့ ရူးစို့’ လုပ်ကြမှာတဲ့ဟ။ ဒီလို ခေတ်ဆိုး ခေတ်ပျက်ကြီးမှာကွာ . . .”

(ခ)

အဘစိမ်းမောင်တို့ အိမ်ခြံဝန်းကျယ်ကြီးအနားမရောက်ခင် ခပ်လှမ်းလှမ်းကပင် သင်္ကြန်ဒိုးသံများကို ကြားကြရလေရာ အဘစောမူးသာတို့က အဓိပ္ပာယ်ပါပါ ပြုံးပြကြပါ၏။ ဒီလိုအပြုံးမျိုး၏ နောက်ကွယ်မှာတော့ ‘တခုခု’ ရှိနေမှာ ကျိန်းသေပါလေ၏ ခင်ဗျာ။

“ရှာပုံတော် မင်းသားကြီး မဏ္ဍပ်တကာ ရောက်ခဲ့ပြီ၊ ဘယ်ရပ်သူ ဇာတိမှန်းလည်း မသိတော့ အခက်တွေ့ပြီ . . . မနှစ်ကပေးတဲ့ မင်းလိပ်စာရေတွေစိုလို့ ပျက်ကုန်ပြီ၊ မမှတ်မိတော့ ခက်သားလား ဒေဝီ”

အဟုတ်ပါလားဗျာ။ အဲဒါ အဘစိမ်းမောင့်အသံကြီးခင်ဗျ။ ‘သင်္ကြန်မင်းသားကြီး’ ပေါ့လေ။

အဘလုံးတုံးတို့က ပိုပြီး ပြုံးပြကြပါ၏။ ပြုံးရုံမျှမက ပြုံးဖြဲဖြဲပင် ဖြစ်လာကြပါ၏။ သို့ဖြင့် အိမ်ခြံဝင်းထဲသို့ ရောက်လာကြလေရာ တေးသံက ပို၍ ပီသ ကြည်မြလာပါလေ၏။

“အရပ်လေးမျက်နှာ ခြေရာထပ်အောင် လိုက်လို့ ရှာသည် . . . ဟိုနေရာ တွေ့နိုးနိုး သည်နေရာ တွေ့နိုးနိုး မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ အတာမင်းသမီးကလေး တွေ့ဖို့အလွန်ခက်သည် . . .”

“အဆိုပိုင်သားပါကလား အဘတို့ရ”

“ငါတို့လည်း ဒီသီချင်းကို ‘ပိုင်’ ပါတယ် ဖေကြီးရာ၊ အခွင့်သာရင် ဆိုပြပါအုံးမယ်”

အိမ်ထဲရောက်တော့ အဘစိမ်းမောင်က မိုက်ကြီးခဲနေရင်းကနေ ခြေထောက်ဖြင့် စည်းချက်လိုက်နေရင်းကနေ ‘လာကြ . . လာကြ’ ဟု လက်ယပ်ပြပါ၏။

“နှစ်သစ်ကူးမှာ ပိတောက်ဝါလေးတွေ ပွင့်တော့သည် x x x ဥသြငှက်တွေတွန်သံကြားရင် အလွမ်းသံသရာရှည် x x x တေးသံကြားရာလိုက်ရှာလည်း ဒို့မတွေ့ပြီ x x x သို့သော် သို့သော် ဘယ်နေရာမှန်းမသိ ဝေးလေပြီ x xx x သင်္ကြန်သူဇာနတ်မယ် လေးနှမငယ် နှစ်သစ်ကူးမှာ မျက်လှည့်ပြလိုက်ပြီ x x x x x”

အဘစိမ်းမောင်က သီချင်းကို ဆက်ဆိုနေဆဲ။ ဖေကြီးတို့ကား အဘစိမ်းလွင်တို့နှင့် ရေနွေးကြမ်းဝိုင်းမှာထိုင်ကာ နားဆင်အားပေးနေကြရပါ၏။ အဘစိမ်းလွင်က အဘစောမူးသာတို့ အဘလုံးတုံးတို့ကိုလည်း ပြီးရင်ဆိုကြဖို့ တိုက်တွန်းနေလေရာ ဟိုအရွှင်အဘတွေက ဖြဲစပ်စပ် ပြုံးနေကြပါ၏။ အဘစိမ်းမောင်ကား သူ၏သီချင်းကို လက်စသတ်လိုက်ပြီ ဖြစ်၏။

(ဂ)

“ဘယ်ကလှည့်လာကြတာတုန်း မူးသာတို့”

“ဘယ်ကလှည့်လာရမလဲ ဟကောင်ရ . . . မင့်အိမ်ဘက်က သင်္ကြန်သီချင်းသံကြားလို့ မနေနိုင် မထိုင်နိုင် ရွပိုးထိုးပြီး ရောက်လာကြတာပေါ့ဟ”

“အေး အေး . . . အဲဒါပဲကွ . . . ဗမာတွေရဲ့ သွေးထဲသားထဲမှာ ‘ဒိုးသံ’ ကြားရင် ဘယ်လိုမှ မနေနိုင်ဘူး ဆိုတာ . . . ဟဲ ဟဲ ဟဲ ဟဲ”

အဘစိမ်းမောင်က သည်လိုပြောတော့ ဟိုအဘတွေက ဖေကြီးကို မျက်ရိပ်ပြပါလေ၏။ ပြီးတော့ အဘစိမ်းမောင်ကို ပြောပါ၏။ ‘တဖက်အိမ်မှာ နာရေးဖြစ်လို့ ပူဆွေးနေကြချိန်မှာ ကိုယ့်အိမ်ဘက်က နားလည်သိတတ်စွာနဲ့ တိတ်တိတ်ဆိတ်ဆိတ်လေး နေပေးရင်တော့ အကောင်းဆုံးပေါ့ကွာ’ ဟု လေသံအေးအေးဖြင့် ပြောလေရာ အဘစိမ်းမောင်က ခပ်တင်းတင်း တုံ့ပြန်ပါလေ၏။

“ငါ့ဘေးကအိမ်တွေမှာ ဘာနာရေးမှ မရှိပါဘူးမူးသာရာ . . မင်းကလည်းတမှောင့်”

သည်တော့ အဘစောမူးသာက ရှင်းပြပါလေ၏။ ‘သည်နေရာ သည်ရပ်ရွာလေးမှာ အေးချမ်းသလိုလို အခြေအနေပေမဲ့ ကျန်တဲ့ ရပ်တွေ ရွာတွေမှာ ရွာလုံးကျွတ် မီးရှို့ သတ်ဖြတ်ခံနေရလို့ အိုးမဲ့ အိမ်မဲ့ စားရမဲ့ သောက်ရမဲ့ ပြေးလွှားနေရတာကိုပြောတာဟ’ လို့ ပြောတော့ ‘ငါတို့နေရာလေး အေးချမ်းနေရင် ပြီးရောပေါ့ကွာ’ လုပ်ပါလေ၏။

အဘစောမူးသာက ‘ကျွတ် ကျွတ် ကျွတ် ကျွတ်’ ဟု စုတ်သပ်ပါ၏။ ပြီးတော့ ‘အေးပါကွာ . . . သည်လိုဆိုတော့လည်း မင်းတို့လိုပဲ ပျော်ပျော်ပါးပါး အလိုက်သင့်လေး နေပါတော့မယ်ကွာ’ လုပ်ပါလေ၏ ခင်ဗျာ။

“အေးပါကွ မူးသာရ . . . . သင်္ကြန်ကျရင် ရွာထိပ်မှာ ငါတို့ မဏ္ဍပ်ထိုးမယ်၊ စတိတ်စင် ဆောက်မယ်၊ သီချင်းတွေဆိုပြီး နှစ်သစ်ကိုကူးကြမယ် . . . မကောင်းဘူးလား၊ မင်းတို့လည်း ရောက်တုန်းရောက်ခိုက် ကြိုက်တဲ့သီချင်း ကျင့်သွားကြကွ”

“အင်း . . . အေးပါကွာ . . . အေးပါ၊ ဒါဆိုလည်း မင်းခုနကသီချင်းပဲ ငါဆိုမယ်လေ”

“အေးပါ မူးသာရ . . . ဆိုပေါ့ဟ”

“အဲ . . . အခု မင်းတို့က ဖုန်းနဲ့ ဘလူးတုနဲ့ ဆိုနေကြတာဆိုတော့ စာသားတွေမမြင်ရလည်း ဆရာကြီးတွေပဲကွ။ ငါတို့ကျ အဲသလို အလွတ်ဆိုဖို့ ခက်ခဲတယ်ဟ၊ စာသားတွေ လွဲချော်ချင် လွဲချော်နေမှာ”

“နည်းနည်းပါးပါးလွဲချော်လည်း ဘာဖြစ်သလဲကွာ . . ရဲရဲတင်းတင်း ဆိုချလိုက်စမ်းပါ”

သို့ဖြင့် တွန်းအားပေးသူများအားကိုးဖြင့် မိုက်ကိုယူလိုက်ပါ၏။ ရေနွေးကြမ်းတခွက်ကို မော့ချကာ အာရှင်းလိုက်ပါ၏။ ‘အဟမ်း’ ဟုအသံပြုကာ လည်ချောင်းရှင်းလိုက်ပါ၏။

အဘစိမ်းမောင်က ထိုသီချင်းကိုပြန်ရှာကာ ဖွင့်လိုက်ပါလေ၏။ ခြေဆင်းတီးလုံးအပြီးမှာ အဘစောမူးသာ၏ အောင်မြင်ထူးခြားသည့် အလုံးဧရာမ ဘယ်သံဝါဝါကြီးကို ကြားကြရပါလေတော့၏ ခင်ဗျာ။

“‘အာ’ ပုံတော် မင်းသားကြီး . . . သူ့တပ်တကာ ရောက်ခဲ့ပြီ . . ဘယ်တပ်သူ ဘယ်ကိုသွားသွား တခုမှ အကောင်းမရှိပြီ . . မနှစ်ကပြေးတဲ့ တပ်မဟာ . . သွားရည်စိုလို့ ပြဲကုန်ပြီ . . . . မမှတ်မိတော့ အခက်သားလား သေပြီ”

“ချောက်”

“တော်ကွာ . . . တော် . . တော် မူးသာ”

အဘစောမူးသာကား တေးသွားကို ဆုံးခန်းတိုင်အောင်မှ ဆိုခွင့်မရရှာပါလေ။ အဘစိမ်းမောင်ကား ဘလူးတုကို ချောက်ကနဲ ပိတ်ပစ်ကာ ‘အန်ကယ်ကတော့ နိုးပါကွယ်’ လုပ်ပါလေတော့၏။

“မင်းကွာ . . . . . .”

“ငါ အစကတည်းက ပြောထားသားပဲဟ၊ စာသားတွေ နည်းနည်းပါးပါးတော့ လွဲချော်နိုင်ပါတယ် လို့ . . . အဟို့”

“တော်ကွာ . . . တော် တော်”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

“ပြန်တော့ မူးသာ”

“အေးပါကွာ . . . အေးပါ . . .”

“‘ပြန်ပါအုံးမယ် ပြန်အုံးမယ် . . . နှုတ်ခွန်း

ဆက်ပါတယ် . . . ဟေး . . .’”

“ဟားဟား ဟားဟား ဟားဟား . . . . .”

သို့ဖြင့် နှင်အထုတ်ခံရသော ကျွနု်ပ်တို့သုံးဦးမှာ အဘစိမ်းမောင်တို့အိမ်ပေါ်မှ ဆင်းလာခဲ့ကြရပါလေ၏။ ခြံဝင်းထဲကမထွက်ခင် အဘစောမူးသာ၏ အတီးမပါ အဆိုသက်သက်ကို အဘစိမ်းမောင်တို့ပါ ပီပီသသ ကြည်ကြည်မြမြကြီး ဤသို့ကြားကြရပါလေတော့၏ ခင်ဗျာ။

“အရပ်လေးမျက်နှာ ခြေရာထပ်အောင် သူလိုက်လို့ အာသည် . . . ဟိုနေရာ နိုင်နိုးနိုး သည်နေရာ နိုင်နိုးနိုး . . . မင်းသားကြီး အလွမ်းဇာတ်က နှစ်သစ်ကူးလေပြီ . . အနိုင်သတင်းလေးများ တွေ့ဖို့အလွန်ခက်သည်”

“ပပ် ဗေပုံ ထီပုံ ထီပုံ . . . . . .”

“ပပ် ဗေပုံ ထီပုံ ထီပုံ . . . . . .”

“နှစ်သစ်ကူးမှာ မိုင်း အထာကလေးတွေ လွင့်တော့သည် x x x ဒရုန်းငှက်တွေ တွန်သံကြားရင် အကြောက်သံသရာရှည် x x x ဒရုန်းသံကြားရာ လိုက်ရှာလည်း ဒင်းတို့ မတွေ့ပြီ x x x သို့သော် သို့သော် ဘယ်နေရာမှန်းမသိ ရမ်းဆော်ပြီ x x x လူတကာချဉ်အဘရယ် ပြေးရသည် x x x နှစ်သစ်ကူးမှာ မျက်ခွက်စုတ်တော့မည်”

“တပ်တွေ အကုန် ဒီပုံ ဒီပုံ . . . . .”

“တပ်တွေ အကုန် ဒီပုံ ဒီပုံ . . . . .”

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024