
မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဧပြီ ၅ ရက် မနက်က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ရေစကြိုမြို့နယ် ပကဖ ကနေ သိရပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ရေစကြိုမြို့အဝင် သင်္ချိုင်းကုန်းအဆင်းမှာ မိုင်း ၆ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို ပကဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က လမ်းပေါ်ကမကူးဘဲနဲ့ လမ်းကြားကူးတာပေါ့။ ကျနော်တို့ကလည်း လမ်းကြားမှာ မိုင်း ၆ လုံးထောင်ထားတာ၊ မိုင်းပွိုင့်ပေါ်ကို စစ်ကောင်စီတပ်သား ၅ ယောက် ရောက်လာတဲ့အချိန် မိုင်း ၆ လုံးစလုံး ဆွဲလိုက်တာ လွင့်ထွက်သွားပြီး ၅ ယောက်လုံးသေဆုံးကာ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။”
အဲဒီစစ်ကောင်စီတပ်သားအလောင်းတွေနဲ့ လက်နက်တွေကို အခုအချိန်ထိ မကောက်နိုင်သေးဘဲ ဘေးပတ်ဝန်းကျင်တွေကို လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ မိဘပြည်သူတွေ ပို့သပေးတဲ့ မေတ္တာကြောင့် ဒေသကာကွယ်ရေးတပ်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ်မှာ ဧပြီ ၃ ရက် မနက်ပိုင်းကလည်း မအူရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ၁၀ ယောက်သေဆုံးခဲ့သလို စစ်ကူလာတဲ့စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ယောက်လောက် သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဧပြီ ၅ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။
မြိုင်မြို့နယ် Well2 ရေနံမြေက လူချိန်းပြီး ပြန်ထွက်လာတဲ့ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီနေ့ ဧပြီ ၅ ရက် မနက် ၆ နာရီလောက်က ကျွဲတွင်းရွာနဲ့ ဝါးရင်းချိုင်ရွာကြားမှာ မိုင်း ၅ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၁ ယောက်၊ ပျူစောထီး ၁ ယောက်၊ ရဲ ၂ ယောက် သေဆုံးပြီး ပျူစောထီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို MUGDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်စိတ်-၄ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။