Home
ဆောင်းပါး
"သေနတ်ခလုတ်ကို မညှစ်ချင်ဘူး။ ကင်မရာခလုတ်ကိုပဲနှိပ်ချင်တယ်" World Press Photo ဆုရှင် ဓာတ်ပုံဆရာ မောက်ခမ်းဝါ
DVB
·
April 2, 2023

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်စစ်ပွဲဆင်နွှဲနေတဲ့ ကရင်နီပြည်နယ် ရှေ့တန်းစစ်မြေပြင်မှာ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ လူငယ် ဓာတ်ပုံဆရာ မောက်ခမ်းဝါရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံဟာ နယ်သာလန်အခြေစိုက် World Press ဖောင်ဒေးရှင်းက ပေးအပ်တဲ့ World Press Photo ဆုတွေထဲက တဆုရရှိခဲ့ပါတယ်။ 

ကမ္ဘာတဝန်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးသူတွေ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ World Press Photo ဓာတ်ပုံပြိုင်ပွဲရဲ့ ၂ဝ၂၃ ခုနှစ်အတွက် အရှေ့တောင်အာရှနဲ့ အိုရှန်နီးယား  အတွက် singles ဓာတ်ပုံဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်၊ မိုးဗြဲဒေသစစ်မြေပြင် ကွင်းပြင်ရိုးပြတ်တောထဲ ဒဏ်ရာတွေ သွေးတွေ အလိမ်းလိမ်းနဲ့ ရဲဘော်တယောက်ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို တခြားရဲဘော်တယောက်က ထမ်းသယ်လာခဲ့တဲ့ ဒီပုံဟာ ကမ္ဘာတလွှားက ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေများစွာရဲ့ ဓာတ်ပုံတွေထဲကနေ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။  အခုလိုဆုရတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး  World Press Photo ဆုရှင် ဓာတ်ပုံဆရာမောက်ခမ်းဝါကို ဒီဗွီဘီ သတင်းထောက် ဖူးအိအိနွယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ )

မေး။ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံနဲ့ ဆုရတယ်ဆိုတာ သူတို့က ဘယ်လိုမျိုးရွေးချယ်တယ်လို့ သိရတာလဲဆိုတာ အရင်ဆုံးပြောပြပေးပါလား။

ဖြေ။ "World Press ကတော့ နှစ်စဉ် လူပေါင်း ၄၀၀၀ ဝန်းကျင်လောက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပွဲကြီးပေါ့နော်။ ဒတ်ချ်တွေ ဦးစီးတဲ့ပွဲပေါ့။ ဒီပွဲကတော့ ကျနော်တို့မြန်မာထဲကလည်း ရှေ့မှာ ၂ ယောက်ရဖူးတယ်။ တယောက်က သဘာဝပတ်ဝန်းကျင်ကိစ္စနဲ့ ပတ်သက်ပြီး ရဖူးတယ်။ နောက်တယောက်ကတော့ ဆန္ဒပြတာနဲ့ပတ်သက်ပြီး လေးခွပစ်နေတဲ့ပုံနဲ့ ရဖူးတယ်။ ကျနော့်ပုံတွေကတော့ ဒီပွဲအတွက် ပြင်ဆင်ပြီး ရိုက်ထားတာတော့မဟုတ်ဘူး။ ဒီပွဲရှိတာကို ကျနော်မေ့နေတယ်။ ဒါပေမဲ့ ကျနော့် စီနီယာတွေ အစ်ကိုတွေ ဆရာတွေက အစ်မတွေက တိုက်တွန်းတဲ့အတွက် ကျနော်ဒီပွဲကို ဝင်ဖြစ်သွားတာပါ။ သူတို့ပဲ ပုံတွေကို ရွေးခဲ့တာပါ။ သူတို့ပဲ တော်တော်များများ ကူညီပေးတာပေါ့နော်။ ပုံစာတွေအစ သူတို့ပဲ ဝိုင်းပြီး ကူညီပေးကြတယ်။ ဆု မကြေညာခင် ၂ လလောက်အလိုမှာ ကျနော် အီးမေးလ် ရတာပေါ့နော်။ ဆုရတယ်ဆိုတာပြောတော့ ကျနော်သိတာပေါ့။" 

မေး။ ဒီနောက်ပုံရဲ့ နောက်ကွယ်က အကြောင်းအရာ ဖြစ်စဉ်ကရော ဘယ်လိုဖြစ်မလဲ ပြောလို့ရသလောက် ပြောပြပေးပါလား။

ဖြေ။ “ဒီပုံနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းကတော့ ကျနော်က ရှေ့တန်းမှာ တနှစ်လောက်နေခဲ့တယ်။ အဲဒီအတွင်း တိုက်ပွဲတွေ မရေမတွက်နိုင်အောင်ရောက်ခဲ့တာပေါ့။ အဲဒီတိုက်ပွဲတွေ များစွာထဲကနေပြီးတော့ အဲဒီ ဓာတ်ပုံရိုက်ခဲ့တဲ့နေ့ကတော့ အင်မတန် ပူဆွေးသောကရောက်ရတဲ့နေ့တနေ့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်ရှေ့မှာတင် ရဲဘော် ၁၇ ယောက်လောက် ကျသွားတယ်ဆိုတော့။ အဲဒီနေ့ကို ကျနော် မှတ်မိနေပါသေးတယ်။ အဲဒီ အဖြစ်အပျက်ကြီးက ကျနော်တို့ရှေ့မှာတင်ဖြစ်သွားတာဆိုတော့လေ။ အဲဒီကနေပြီးတော့ ကျနော်တို့အမြန် ပြန်ဆုတ်ခွာရတာပေါ့လေ။ အဲဒီပြန်ဆုတ်ခွာတဲ့အချိန်မှာ တခြား Body ကို ကျနော်တို့ထားခဲ့ရသေးတယ်။ ပုံထဲမှာ မြင်ရတဲ့ Body ကိုပဲ ကျနော်တို့ ပြန်သယ်လာနိုင်ခဲ့တယ်။  ဒီ Body ကိုပဲ အဆင့်ဆင့် လက်ဆင့်ကမ်းပြီးတော့ ရှည်လျားတဲ့ခရီးမှာ ကျနော်တို့ကို အထပ်ထပ် ပိတ်ဆို့ပြီးတော့ ဝိုင်းပိတ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတွေလက်က ပြန်ဖောက်ထွက်ပြီးတော့ လွတ်မြောက်အောင် အားလုံးဆုတ်နိုင်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ၁၇ ယောက်ကတော့ ကျပြီး ကျန်ခဲ့တယ်ပေါ့နော်။ အဲဒီဆုတ်လမ်းမှာ ညနေခင်း ၅ နာရီလောက်မှာ အဲဒီပုံကို ကျနော်ရိုက်ဖြစ်ခဲ့တာပါ။ ကျနော်တို့ အတူတူဆုတ်ရင်း ဆုတ်ရင်း လွတ်လမ်းကို ရှာရင်းရှာရင်းနဲ့ ရိုက်ထားတဲ့ ပုံဖြစ်ပါတယ်။”

မေး။ အစ်ကို ဓာတ်ပုံရိုက်ကူးတဲ့အချိန်၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်၊ မြန်မာနိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာကသိအောင် တထောင့်တနေရာကနေပြီးတော့ ပြနိုင်တယ်လို့ ဆိုရမှာပေါ့နော်။ ဒီလိုမျိုး ဆုရရှိတဲ့အချိန်မှာ စိတ်ခံစားချက်လေးတွေကို ပြောပြပေးပါဦး။

ဖြေ။ “ဓာတ်ပုံရိုက်နေတဲ့အချိန်ရဲ့ ခံစားချက်ကတော့ အဲဒီတုန်းကတော့ အမှန်အတိုင်းပြောရရင် အင်မတန်ပင်ပန်းတာပေါ့။ ပုံမှန်ကတော့ တိုက်ပွဲတွေသွားလို့ရှိရင် ကျနော်တို့က ပျော်ကြတာ။ စိတ်လှုပ်ရှားမှုကို ကျနော်တို့ရတယ်။ ပြီးတော့ ခွေးကို ပစ်ရတယ်။ ခွေးကို ပစ်ရတော့ ကျနော်တို့က ပျော်တယ်လေ။ ဒီကောင်တွေ ကျသွားလေလေ ကျနော်တို့အတွက် ပျော်စရာကောင်းလေလေပဲ။ ဒီကောင်တွေ လျော့သွားလေလေ ကျနော်တို့အတွက် ကောင်းလေလေပဲ။ ဒါကြောင့်မို့လို့  ရှေ့တန်းကိုသွားရင် ပျော်ပျော်ရွှင်ရွှင်ပဲ။ ကျနော်တို့ကို ပစ်ခံနေရလည်း လမ်းဘေးမှာ ဝပ်ပြီးရယ်နေကြတယ်။ ပြန်ဆုတ်ရင်လည်း ပျော်နေကြတယ်။ ဒါပုံမှန်ပဲ။ ကရင်နီက လူငယ်တွေရဲ့ ပုံမှန်စတိုင်ပဲ။ ဒါပေမဲ့ အဲဒီနေ့ကတော့ အင်မတန် စိတ်ပင်ပန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခါမှမကြုံဖူးတဲ့ ကျဆုံးမှုကို တွေ့ရတယ်။ ကျနော်သိသလောက် အဲဒီ ၁၇ ယောက် ၁၈ ယောက်ဆိုတဲ့ အရေအတွက်က ဒီနေ့ ဒီအချိန်အထိ ကရင်နီမှာ အများဆုံးလို့တောင် ပြောလို့ရတယ်။ တရက်တည်း တပြိုင်တည်း ကျတာ။ အမှန်တော့ အဲဒီ ၁၇ ယောက်က အရှေ့မှာပဲ ရှိသေးတယ်။ နောက်မှာ အာပီဂျီပစ်ရင်းနဲ့ ကျည်ဆန် Error ဖြစ်ပြီးတော့ ကွဲသွားပြီးတော့ အပေါ်တပိုင်းလုံးဖွာထွက်သွားပြီး ကျသွားတဲ့ ရဲဘော်တွေလည်းရှိတယ်။ တခြားလက်နက်ငယ်မှန်ပြီး ကျသွားတဲ့ ရဲဘော်တွေလည်းရှိတယ်။ အဲဒီနေ့တရက်တည်း စုစုပေါင်း ၂၀ ဝန်းကျင် ကျတယ်။” 

“ဆိုတော့ အဲလောက်ကျဆုံးတဲ့နေ့က မရှိဘူး။ KNDF အုပ်စုက ကျနော်မှတ်မိသလောက် ၁၄ ယောက်လောက်အထိကျတယ်။ ပြီးတော့ သိပ်မကြာခင်အချိန်ကဆိုရင် KA က ၁၀ ယောက်ကျော်ကျတယ်။ အဲဒီဟာတွေတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ အဲဒီနေ့ကဟာကို မမီဘူးပေါ့နော်။ အင်မတန်ဆိုးဝါးတဲ့နေ့။ အဲဒီအဖြစ်အပျက်ကြီးကို ကျနော် မြင်နေရတော့ အင်မတန် စိတ်မောတာပေါ့။ အဲဒါအပြင်ကို ခွေးစစ်ကြောင်းတွေကလည်း အနောက်က တကြောင်းထိုးလာတယ်။ ပြီးတော့ သတင်းချိတ်ဆက်မှုတွေကလည်း အနည်းငယ် ပြတ်တောက်သွားတယ်။ အဲဒီတော့ ဝေဝေဝါးဝါးတွေဖြစ်ပြီးတော့ ဟိုဘက်လမ်းပေါ်မှာလည်း ဆေးအဖွဲ့ရဲ့ ကားကလည်း ပစ်ခံလိုက်ရတယ်ဆိုတော့ ဆေးအဖွဲ့ကလည်း ဖရိုဖရဲဖြစ်။ အဲဒီအနေအထားမှာ ကျနော်တို့က မနည်း ပြန်အားတင်းပြီး ဆုတ်ရတာဆိုတော့ အင်မတန်မောတယ်။ အဲဒီပွဲရဲ့နောက်ပိုင်းမှာ ကျနော် ၂ လလောက်ရှေ့ဆုံးကိုမသွားတော့ဘူး။ ရှေ့တန်းကိုရောက်ရင် အလယ်နားလောက်မှာပဲနေတယ်။ အရင်ကဆိုရင် ရှေ့ဆုံးကို မရောက်ရောက်အောင်သွားတာ။ မင်း သေနတ်မပါဘူး။ ဘယ်လိုသွားမလဲဆို ရတယ် ငါသွားချင်လို့ ဆိုပြီး ရောက်အောင် ပျော်ပျော်ရွှင်ရွှင်သွားတာ။ ဒါပေမဲ့ အဲဒီအဖြစ်အပျက် ပြီးသွားချိန်မှာ ၂ လလောက် နားလိုက်ရတယ်။ နောက်တော့မှ ကျနော် ပြန်သွားနိုင်တယ်။ အဲဒါက ရိုက်တုန်းက ခံစားချက်ပေါ့။”

“ပြိုင်နေတဲ့အချိန်ခံစားချက်ကတော့ တဆင့် တဆင့်ရောက်သွားတာကို အီးမေးလ်တွေ ရတာပေါ့နော်။ အမှန်အတိုင်းပြောလို့ရှိရင် စိတ်လှုပ်ရှားတာပေါ့။ ဒါလောက်ကြီးတဲ့ ပွဲကြီးမှာ ငါ နောက်တဆင့် တက်သွားတယ်ပေါ့။ ပျော်တာပေါ့။ ပြီးတော့ နောက်တခုက မြန်မာပြည်ရဲ့အရေးနဲ့ပတ်သက်ပြီးတော့ အဲဒီဟာလည်း တိုက်ရိုက် အချိုးကျတယ် ဒီပုံက။ ပုံကောင်းတွေအများကြီးပဲဗျာ။ ပုံကောင်းတွေ အများကြီးထဲမှာ ဒီပုံကိုရွေးတာက ဒီပုံက ပိုကောင်းလို့တော့ မဟုတ်ဘူး။ ဒီအရေးက ပိုအရေးကြီးလို့ ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်ပေါ့။  ဆုရတဲ့ အီးမေးလ်ဝင်လာတဲ့နေ့မှာ အဲဒီအဖြစ်အပျက်ရဲ့ တနှစ်နဲ့ တပတ်ပဲကြာတာ။ ကျသွားတဲ့ရဲဘော်တွေကို သတိရတယ်။ ဝမ်းနည်းတယ်။ ကျနော်တို့ ဒီဓာတ်ပုံက World Stage ပေါ်ကို ရောက်သွားတဲ့အတွက်လည်း ဝမ်းသာတယ်။”

မေး။ အစ်ကို ဓာတ်ပုံတွေ လိုက်ရိုက်တဲ့အချိန်မှာ သေနတ်မကိုင်ဘဲ ကင်မရာပဲ ကိုင်ခဲ့တာပေါ့။

ဖြေ။ “ဟုတ်ပါတယ်။ ကျနော်က သေနတ်လုံးဝ မကိုင်ပါဘူး။ ကျနော့်ကို ပေးကြပါတယ်။ ပစ္စတိုတွေလည်း ပေးကြတယ်။ ဒါပေမဲ့ ကျနော် မကိုင်ဘူး။ မကိုင်ဘူးဆိုတာက နံပါတ် ၁ အကြောင်းတရားကတော့ ကျနော်က သေနတ်ခလုတ်ကို မညှစ်ချင်ဘူး။ ကင်မရာခလုတ်ကိုပဲ နှိပ်ချင်တယ်။ အာရုံစူးစိုက်မှုကို မှတ်တမ်းမှာပဲ အပြည့်ယူချင်တယ်။ ကိုယ်က သေနတ်ပစ်နေတဲ့အချိန်မှာ အရေးကြီးတဲ့ Movement တွေ မှတ်တမ်းတွေ လွတ်သွားမှာကို ကျနော် စိတ်ပူတယ်။"

"နောက်တခုကတော့ လေးလို့ (ရယ်လျက်)။ သေနတ်ကိုင်ပြီးသွားလို့ရှိရင် နောက်ဆုံး မတော်တဆ ခွေးပြေးဝက်ပြေး‌ ပြေးရရင် လေးပြီးအလုပ်ရှုပ်မှာစိုးလို့။ နောက်တခုကတော့ ဒီပစ္စတိုတွေက တကယ့်ချေမှုန်းရေးတိုက်ပွဲတွေမှာ အသုံးမဝင်ဘူး။ သူက နောက်မှာ နေရင်နေ၊ လုံခြုံရေးအတွက် ကိုင်ရင်ကိုင်၊ ဒလန်ရှင်းရင်ရှင်း၊ ဗိုလ်ကြီးတွေအဆင့်မှာ ကိုင်ကြတယ်ပေါ့နော်။ အဲလောက်ပဲအသုံးဝင်တာ။ ရှေ့တန်းမှာကတော့ အနီးကပ်လာရင်ခြောက်ဖို့ပေါ့။ ဒီလောက်ပဲ။ ချေမှုန်းရေး သေနတ်မဟုတ်ဘူး။ အသုံးမဝင်ဘူး။ အသုံးဝင်တဲ့ ချေမှုန်းရေး သေနတ်တွေကလည်း အင်မတန်လေးတယ်။ ကျနော့်ဟာ ကျနော် ကင်မရာ ပစ္စည်းတွေနဲ့ ဘာတွေနဲ့ ညာတွေနဲ့ တယောက်တည်း ရှုပ်နေတာဆိုတော့ အဲဒါတွေ ကျနော် ထပ်မကိုင်ချင်ဘူး။”

မေး။ အန္တရာယ်များတဲ့အခြေအနေမှာ မှတ်တမ်းဓာတ်ပုံရိုက်ကူးတာဆိုတော့ ကိုယ်တိုင်ရော အသက်အန္တရာယ်နဲ့ နီးနီးကပ်ကပ်ကြုံခဲ့ရတာမျိုး၊ ကိုယ့်ရဲဘော်ရဲဘက်တွေ ဆုံးရှုံးခဲ့ရတာမျိုးတွေ ပြောပြပေးပါဦး။

ဖြေ။ “အဲဒါတွေကတော့ ပုံမှန်ပဲဗျာ။ ဒါတွေက ထမင်းစားရေသောက်ကြုံနေရတာ၊ ရှေ့တန်းမှာတော့။ အသက်အန္တရာယ်ကြုံရတဲ့အကြိမ်ပေါင်းလည်း မနည်းပါဘူး။ ကျနော့်ရှေ့မှာလည်း လက်နက်ကြီးတွေ လာကျပြီးတော့ ကံကောင်းလို့ မသေတဲ့ အကြိမ်တွေလည်း အများကြီးပေါ့နော်။ လက်နက်မျိုးစုံနဲ့ ပစ်တာတွေ ကျနော်ခံရတယ်။ တင့်ကားနဲ့ပစ်တာလည်း ကျနော်တို့ ခံရတယ်။ ဒုံးကျည်နဲ့ပစ်တာလည်း ခံရတယ်။ ဗုံးကြဲတာလည်းခံရတယ်။ အစုံပါပဲ။ ဒီကြားထဲကနေပဲ ရအောင် ပုံတွေရိုက်ရတာပေါ့။  ကျဆုံးနဲ့ရဲဘော်တွေကလည်း အမြဲတမ်းကြုံနေရတာပေါ့။ တယောက်ကျသွားပြီဆို ဘယ်သူလဲဆိုပြီး စုံစမ်းရတာ၊ ကိုယ့်အသိဟုတ်တယ် ဆိုလို့ရှိရင် ကြေကွဲရတာပေါ့နော်။ အသိမဟုတ်ရင်လည်း ပါသွားပြန်ပြီ ငါတို့ရဲဘော်တယောက်ဆိုပြီး ဖြစ်ရတာပေါ့။ ဒါတွေကတော့ ပုံမှန်ပါပဲ ကျနော်တို့က ထုံတောင် ထုံသွားပါပြီ။ ကျနော်တို့ ကျသွားလည်း သင်္ချိုင်းမြေမှာဆိုရင် နေရာတွေတောင် လျှောက်ပြောပြီး ဦးကြတာမျိုးရှိတယ်။” 

မေး။ အစ်ကိုက တက်ကြွလှုပ်ရှားသူတယောက်လည်း ဖြစ်တော့ အာဏာမသိမ်းခင်က ဘဝနေထိုင်လှုပ်ရှားမှုနဲ့ အခု အာဏာသိမ်းပြီးတဲ့နောက် ဘယ်လိုကွာခြားသွားလဲ။

ဖြေ။ “Activist (တက်ကြွလှုပ်ရှားသူ) ဘဝကို ၂၀၁၈ လောက်မှာ နားပြီးတော့ ကျနော့် Professional  (အသက်မွေးဝမ်းကျောင်းအလုပ်)ကို လိုက်တာပေါ့။ ကျနော့် Profession က Filmmaker ဆိုတော့ Feature Film တွေ ကျနော်လုပ်တယ်။ ရုံတင်ကားကြီးတကားရိုက်ဖို့အတွက် Production တခုနဲ့လည်း ကျနော်စကားတွေ ပြောပြီးသွားပြီ။ ညှိနေပြီ။ ဇာတ်ညွှန်းတွေဘာတွေ သေချာပြန်လုပ်နေတုန်း အာဏာသိမ်းတာပေါ့။ အဲဒီတော့ ကျနော့်ရဲ့ ရှိထားပြီးသား တည်ဆောက်သားပြီးသား အရာအားလုံးကို စွန့်လွှတ်လိုက်ရတယ်။ နေတဲ့နေရာအားလုံး စွန့်ခွာရတယ်။ ဘဝအသစ်တခု ဖြစ်သွားတာပေါ့။ တော်လှန်ရေးလုပ်ရတဲ့ဘဝ။ ပုန်းရှောင်ရတဲ့ဘဝ။ ခိုအောင်းရတဲ့ဘဝ။ ရင်ဆိုင်ရတဲ့ဘဝ ဒါတွေဖြစ်သွားတယ်။ ခိုးဝှက်သွားလာရတဲ့ဘဝတွေ ဖြစ်သွားတာပေါ့။ ပြီးတော့ ရှေ့တန်းရောက်တော့ ရဲဘော်တပိုင်းဘဝဖြစ်သွားတာပေါ့။ တခါမှမထင်ထားတဲ့ဟာတွေ မကြုံထားတဲ့ဟာတွေ ဖြစ်လာတာပေါ့။ ဆက်တိုက် တနှစ်ပြီး တနှစ်။” 

“ဓာတ်ပုံရိုက်ဖြစ်တဲ့ကိစ္စကတော့ နံပါတ် ၁ ကတော့ ကရင်နီက ကျနော့်ဇာတိဖြစ်တယ်။ ဆိုတော့ ကျနော့်ဇာတိမှာ မှတ်တမ်းတွေ ကျန်ခဲ့ဖို့အတွက် ကျနော့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ အာဏာသိမ်းပြီး ၈ လ ၉ လကြာတဲ့အချိန်မှာ ကျနော်ပြန်သွားပြီး တပ်ရင်းတရင်းမှာ နေတယ်။ လွိုင်ကော်မှာပေါ့။ အလုပ်လုပ်တယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ်သွားတယ်။ သူတို့ရဲ့ စစ်ရေးအစီအစဉ်တိုင်းမှာ ကျနော်ပါတယ်။ လွိုင်ကော် PDF က များသောအားဖြင့် ပွဲတိုင်းကိုသွားတယ်။ ဖယ်ခုံဆိုလည်း ရောက်တယ်။ ဒီးမော့ဆိုရောက်တယ်။ ဖရူဆိုရောက်တယ်။ အကုန်ရောက်တယ်ဗျာ။ မိုးဗြဲဆိုလည်း ရောက်တာပဲ။ စစ်ခွင်ကျယ်တော့ ကျနော်လည်း ရောက်တဲ့နေရာများတာပေါ့။ အဲဒါကြောင့် ကျနော် ပုံအစုံအလင်ရတာတွေပါတယ်။"

"ပွဲတွေမရှိလည်း လျှောက်သွားပြီး မှတ်တမ်းတွေလိုက်ယူနေတယ်ဆိုတော့လေ။ မှတ်တမ်းဆိုတာက အင်မတန်အရေးကြီးတဲ့ အရာပေါ့နော်။ ကမ္ဘာပေါ်မှာ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တာတွေထဲက မှတ်တမ်းကျန်ခဲ့တာကပဲ သမိုင်းဖြစ်မှာ။ ဆို‌တော့ ကျနော်တို့ ဒီ ကရင်နီဆိုတဲ့ သေးသေးလေးမှာရှိနေတဲ့ လွတ်လပ်မှုကို အသက်ပေးပြီးတော့ တိုက်ပွဲဝင်ကြတဲ့ မြတ်နိုးကြတဲ့လူတွေရဲ့အကြောင်းကို အားလုံးကို သိစေချင်တယ်။ ဒါကြောင့်မို့ ဒီမှတ်တမ်းတွေကို တင်ရခြင်းဖြစ်တယ်။ ကိုယ့်ဇာတိဆိုတဲ့ သံယောဇဉ်လည်း ရှိတယ်။ ဒါကြောင့်ပါ။"

အခုလိုအချိန်ပေးပြီးဖြေပေးတာကျေးဇူးတင်ပါတယ်။

Photo Credit- Mauk Kham Wah/ World Press Photo

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024