Home
မြန်မာသတင်း
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်တပ်က ၁၅ ဦးသေဆုံး၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး
lusane
·
March 31, 2023

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခလရ ၂၈၇ တပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား မတ် ၂၉ နဲ့ ၃၀ နှစ်ရက်တာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဆီကနေ လက်နက်ကြီး လက်နက်ငယ်တွေ၊ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတဲ့အတွက် မတ် ၃၀ ရက် နေ့လယ်ပိုင်းက တိုက်လေယာဉ် ၂ စီးနဲ့ ဒေါလျားခူကျောင်းရွာ တောင်ပေါက်မှာ ၁၀ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတရွာရဲ့ စာသင်ကျောင်းဝင်း တခုကိုလည်း ၂ ကြိမ်လောက် လှည့်ပတ်ပစ်ခဲ့တဲ့အတွက် အရပ်သားတဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

မနေ့ညနေပိုင်းမှာလည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဘက်ကို တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ် နယ်စပ်မှာ ၁ လတာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း  စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရပြီး လက်နက်ခဲယမ်းနဲ့ ကျည်အများအပြား သိမ်းဆည်းရမိတယ်လို့ 1007 MOBYE PDF-2 က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024