Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးသယ်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်၊ စိတ်ကြွဆေး ၄ သိန်း ဖမ်းမိ
DVB
·
March 31, 2023

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် ထိုင်း-မြန်မာနယ်စပ်အနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ပရက်စ် ဒေသတွင်းသတင်းက မတ် ၃၀ ရက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက် မွန်းလွဲပိုင်းက ထိုင်းခြေမြန်တပ်ရင်း တပ်ဖွဲ့ဝင်တွေဟာ မဲ့အိုင်းမြို့နယ် မဲ့အိုင်းအုပ်စု ဘန်မအင့်ကျေးရွာအနီး တောစပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် မသင်္ကာဘွယ်လူတစု အထုပ်တွေကျောပိုးပြီး မြန်မာနယ်စပ်တောင်ကုန်းဘက်ကနေ ဆင်းလာတာ တွေ့ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်က စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ရာမှာ တဖက်က လူစုခွဲပြီး သေနတ်နဲ့ စပစ်ခဲ့ကြောင်း၊ ဒါကြောင့် ထိုင်းစစ်တပ်က ပြန်လည်ပစ်ခတ်ပြီး မိနစ်အနည်းငယ် အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သံတွေငြိမ်သွားတော့ ထိုင်းစစ်တပ်က အဆိုပါနေရာကို ပစ်ခတ်လမ်းရှင်းပြီး တဖြည်းဖြည်းဝင်သွားကြောင်း၊ အခင်းဖြစ်တဲ့နေရာမှာ လူမရှိတော့ဘဲ မြွေရေခွံအိတ် ၄ လုံးနဲ့ အသုံးအဆောင်ပစ္စည်း တချို့သာ တွေ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အိတ် ၄ လုံးထဲမှာ စိတ်ကြွဆေး ၁ သိန်းစီပါရှိပြီး စုစုပေါင်း ၄ သိန်းရှိကြောင်း၊ ၂ သိန်းမှာ 999 တံဆိပ်နဲ့ နောက်ထပ် ၂ သိန်းမှာ Y1 တံဆိပ်တို့ဖြစ်ကြောင်း၊ ဒါ့အပြင် အနွေးထည်အင်္ကျီ ၃ ထည်၊ ကက်ပ်ဦးထုပ် ၁ လုံး၊ ကျောပိုးအိတ် ၁ လုံးနဲ့ မူးယစ်ဆေးသုံးကိရိယာတချို့ တွေ့ရှိခဲ့ပါတယ်။

အဆိုပါပစ္စည်းတွေကို မဲ့အိုင်းမြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပြီး ထွက်ပြေးလွတ်မြောက်သူနဲ့ ပါဝင်ပတ်သက်သူတွေကို နယ်စပ်ကျေးရွာအနီးနားတဝိုက်မှာ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

မဲ့အိုင်းမြို့နယ်ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်နဲ့ ကပ်လျက်တည်ရှိပြီး အဆိုပါနယ်မြေထဲမှာ UWSA ဝ တပ်ဖွဲ့၊ လားဟူတပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024