Home
မြန်မာသတင်း
မြဝတီမြို့တွင် ပတ်စ်ပို့ရုံးဝန်ထမ်းများက လာဘ်ငွေယူပြီး ပတ်စ်ပို့ လုပ်ပေးနေ
DVB
·
March 30, 2023

ကရင်ပြည်နယ်၊ မြဝတီမြို့က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့လုပ်လိုသူတွေအနေနဲ့ ပြင်ပပွဲစားတွေကိုသာမက ပတ်စ်ပို့ရုံးဝန်ထမ်းတွေကိုပါ အခကြေးငွေပေးပြီး လုပ်နေရတာ ရှိတယ်လို့ ကိုယ်တိုင်ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်အတွင်း မြဝတီမြို့မှာ ပတ်စ်ပို့ပြုလုပ်ခဲ့သူတယောက်က ပတ်စ်ပို့ရုံးဝန်ထမ်း အမျိုးသမီးတယောက်ဆီမှာ ငွေကျပ် ၅ သိန်းခွဲ လာဘ်ငွေပေးပြီး ပတ်စ်ပို့စာအုပ် ပြုလုပ်ခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မြဝတီမှာ တယောက်ကို ၅ သိန်းခွဲ၊ လုပ်တဲ့လူချင်း မတူဘူး။ ပွဲစားဆိုရင် စောင့်ရမယ်၊ တန်းစီရမယ်။ ရုံးထဲက ဆရာမနဲ့လုပ်တာဆို စောင့်စရာမလိုဘူး။ သူ့လမ်းကြောနဲ့သူ သွားတာ။ အခုက မြဝတီမှာ လုပ်ဆို QR မလိုဘူး။ မြဝတီမှာ သူ့အဆက်အစပ်မရှိဘဲ ရုံးထဲ ဝင်လို့မရဘူး။ သူ့လူနဲ့သူသွင်းမှ ဝင်လို့ရမှာ။ ဝင်ချင်းတိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ မရဘူး။ ဘာမျဉ်းစောင်းမဆိုရတယ်။ နယ်မြေမသတ်မှတ်ထားဘူး။ နယ်ကျော် အကုန်လက်ခံတယ်။”

မြဝတီမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ တရက်ကို လူ ၃၀၀ နီးပါး ပတ်စ်ပို့ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ခဲ့ပြီး လက်ရှိမှာတော့ လမ်းကြောင်းတွေ ပြန်ဖွင့်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီ ပတ်စ်ပို့ရုံးမှာ ပြင်ပပွဲစားတွေနဲ့ ပတ်စ်ပို့လုပ်မယ်ဆိုရင် စျေးနှုန်း အနိမ့်ဆုံး ကျပ်  ၂ သိန်းကစလို့ ၇ သိန်း၊ ၈ သိန်းအထိ ပေါက်စျေးရှိနေပြီး ရုံးတွင်းပွဲစားတွေနဲ့လုပ်မယ်ရင် ၅ သိန်းခွဲဝန်းကျင်ရှိတယ်လို့ ကိုယ်တိုင်လုပ်ခဲ့သူတွေက ပြောပါတယ်။

ပေါင်မြို့နယ်မှ ပတ်စ်ပို့ပြုလုပ်သူတဦးက “ညီမလုပ်တာ အပြီးအစီး ၄ သိန်းလောက် ကုန်သွားတယ်။ ကိုယ်တိုင် ပွဲစားပါပါတယ်။ ၁၂ လပိုင်းတည်းက စလစ်ရထားပြီးသား လူတွေကို အခုထိ ပတ်စ်ပို့မထုတ်ပေးသေးဘူး။ အသစ်တော့ ထုတ်ပေးနေတယ်ပြောတယ်။ ဘားအံနဲ့ မော်လမြိုင်မှာလုပ်ရင် ပိုမြန်တယ် ပြောတယ်။ ရန်ကုန်မှာတော့ မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့က ပတ်စ်ပို့ရုံးမှာတော့ အွန်လိုင်းစနစ်နဲ့ ရက်ချိန်းရယူမှု ပြုလုပ်နိုင်ပြီး လက်ရှိမှာတော့ ၈ လပိုင်းအထိ ဘိုကင်ရက်ချိန်းတွေ အပြည့်ဖြစ်နေပြီလို့ သိရပါတယ်။

ရန်ကုန် ပတ်စ်ပို့ရုံးအတွင်းမှာလည်း မိဘနာမည်တွေမှာ ဦး၊ ဒေါ် ရေးထည့်မိတာ၊ PV PJ အတန်းမှားစီတာဆိုရင် တဦး ငွေကျပ် ၅,၀၀၀ ရုံးဝန်ထမ်းတွေကို ပေးနေရတယ်လို့ ပတ်စ်ပို့ ပြုလုပ်ခဲ့သူတွေက ပြောပါတယ်။

အရင် အရပ်သားအစိုးရလက်ထက်မှာ ပတ်စ်ပို့စာအုပ်ပြုလုပ်ခ ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ပြောင်းလဲလိုက်တဲ့ QR စနစ်၊ စောင့်ဆိုင်းရတဲ့ အခြေအနေတွေ၊ ပြည်ပထွက်လိုသူ များပြားတာနဲ့ ရုံးဝန်ထမ်းတွေရဲ့ အကျင့်ပြ ခြစားမှုတွေကြောင့် ပတ်စ်ပို့မှောင်ခိုစျေးကွက်ဟာ ငွေကျပ် ၂ သိန်းကနေ ၁၀ သိန်းအထိ အမြင့်ဆုံး ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024