Home
ဆောင်းပါး
နိုင်ငံရေးကြိုးစင်ပေါ်တက်လာတဲ့သူတွေ
DVB
·
March 30, 2023

စစ်တပ်က အာဏာသိမ်းပြီဆိုတော့ ပထမဆုံး ရင်ဆိုင်ရတဲ့ပြဿနာမှာ တော်လှန်ရေးကို ဦးဆောင်မှုပေးနိုင်တဲ့ အဖွဲ့အစည်းတရပ် မရှိခြင်း ဖြစ်ပါတယ်။ အာဏာရပါတီ NLD ကိုယ်တိုင်ပင် ကိုယ့်လူကိုယ် ဘယ်သူဘာလုပ်ဆိုတာမျိုး ဘာညွှန်ကြားချက်မှ မပေးနိုင်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွေ့ရတော့တယ်။ တည့်တည့်ပြောရမယ်ဆိုရင် အငိုက်မိ ကစဉ့်ကလျား တုံ့ပြန်မှု။

ဘာ့ကြောင့် အဲဒီလိုဖြစ်ရတာလဲဆိုတော့ ကြိုတင်ပြင်ဆင်မှု မရှိခြင်းကြောင့်ပါပဲ။ ဘာ့ကြောင့် ကြိုမပြင်ခဲ့ကြတာလဲ။ စစ်တပ်က အာဏာသိမ်းတော့မယ်ဆိုတာ မသိလို့လားဆိုတော့ မဟုတ်ပြန်။ သာမန်ပြည်သူတွေကြားမှာပင် စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတာလောက် ရိပ်စားမိကြတဲ့အဆင့်။ NLD အစိုးရအဖွဲ့နဲ့ ပါတီခေါင်းဆောင်တွေအတွက် စစ်တပ်က အာဏာသိမ်းတော့မယ် ဆိုတာကို ရာနှုန်းပြည့်လက်မခံတောင် ရာခိုင်နှုန်း ၈၀ ၊ ၉၀ လောက် သေချာနေတာ သိပြီးသား။

ဒါပေမဲ့ အာဏာရပါတီတရပ်အနေနဲ့ အာဏာသိမ်းမှုကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့ တိကျတဲ့ အစီအစဉ် ဘာဆိုဘာမှ မရှိခဲ့ဘူးဆိုတာ သေချာတယ်။ ဆိုတော့၊ အစိုးရအဖွဲ့ဝင်တွေရော NLD ပါတီ ခေါင်းဆောင်တွေပါ အာဏာသိမ်းမှုကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအံတုမှုအဖြစ် စစ်တပ်ကလာဖမ်းတာ ထိုင်စောင့်ကာ ရဲရဲတင်းတင်း ထောင်ထဲဝင်သွားကြပါတယ်။

လူငယ်တွေ ကိုယ့်အစုအဖွဲ့ ကိုယ့်အသိနဲ့ကိုယ် လမ်းမပေါ်တက် ကန့်ကွက်ခဲ့ကြတယ်။ စနစ်တကျ ကွပ်ကဲမှုမပါတဲ့ ကန့်ကွက်မှုတွေက တနိုင်ငံလုံးအနှံ့။ ကိုယ့်မြို့ကိုယ့်ရွာမှာ နိုးကြားတဲ့ NLD အမတ်တွေနဲ့ မြို့နယ်အဆင့် NLD ခေါင်းဆောင်တွေက တပ်ဦးထိပ်ကနေ အာဏာရှင်ကို ကန့်ကွက်ခဲ့ကြတယ်။ လမ်းမပေါ်တက်နေတဲ့ကာလ၊ NLD အမတ်တယောက်ကို ပါတီညွှန်ကြားချက် ဘာလဲလို့ ကျနော် မေးကြည့်ဖူးတယ်။ ညွှန်ကြားချက် ဘာမှမရှိ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆက်ရွေ့၊ ရွေးကောက်ခံလွှတ်တော်အမတ်အနေနဲ့ ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲကို  နိုင်ငံရေးအရ ဦးဆောင်မှုပေးခြင်းသာ ဖြစ်တယ်တဲ့။

စစ်တပ်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းပြီဆိုရင် ဘယ်လိုဆက်စခန်းသွားမလဲလို့ ကျနော် ဆက်မေးကြည့်တော့ သူ့သက်ပြင်းချသံကို ကြားလိုက်ရ၊ ပါတီညွှန်ကြားချက်မရှိ၊ မီးစင်ကြည့်ကမယ်၊ ထောင်ထဲတော့ မဝင်ဘူးလို့ဆိုရဲ့။

အဲဒီလို ပါတီညွှန်ကြားချက်မရှိ၊ ပါတီခေါင်းဆောင်တွေ ထောင်ထဲရောက်သွားပြီဖြစ်တဲ့ အခြေအနေမှာ ပါတီညွှန်ကြားချက်ဆိုတာလည်း လာစရာအကြောင်းမရှိ။ နိုင်ငံရေးသမားဆိုတာ ရုံးစာရေးကြီးလည်းမဟုတ်၊ စစ်သားလည်းမဟုတ်တဲ့အတွက် ပါတီညွှန်ကြားချက်မရှိရင် ဘာမှမလုပ်၊ ငုတ်တုတ်ထိုင်နေရလောက်အောင်လည်း  နိုင်ငံရေးဉာဏ်ရည် ခေါင်းပါးလွန်းသူတွေ မဟုတ်တော့ မီးစင်ကြည့်က အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတယ်။ ပြီးတော့ စစ်တပ်က ဗြောင်အာဏာသိမ်းပြီး အစိုးရတဖွဲ့လုံးကို ထောင်ထဲထည့်လိုက်တဲ့အပေါ် ပါတီညွှန်ကြားချက် စောင့်စရာမလိုဘဲ ဆန့်ကျင်ကန့်ကွက်ရမယ် ဆိုတာလောက် NLD ပါတီဝင်တွေရော ပြည်သူတိုင်းက သိကြပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့အချိန် လွှတ်တော်တက်ဖို့ နေပြည်တော် စည်ပင်ရိပ်သာကို တစုတစည်းတည်း ရောက်နေတဲ့ထဲက နိုင်ငံရေးဉာဏ်ကြီးတဲ့ အမတ်တွေက သူတို့ရဲ့ ပြည်သူ့ကိုယ်စားပြု တရားဝင်မှုကို အသုံးချကာ CRPH လို့ ကျနော်တို့ခေါ်နေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ ၅ ရက်မှာ စတင်ဖွဲ့စည်းလိုက်တယ်။ CRPH ဆိုတာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံး တရားဝင်မှု အဖွဲ့အစည်းတရပ်ဖြစ်သလို နွေဦးတော်လှန်ရေးအလံတော်ကို စတင်ကိုင်စွဲလိုက်တဲ့ တပ်ဦး ဖြစ်လာပါတယ်။

CRPH က ဖေဖော်ဝါရီ ၇ ရက်နေ့မှာပဲ စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ ရာဇဝတ်မှုမြောက်ကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တရားဝင်အစိုးရဆိုင်ရာ ကိစ္စရပ်တွေကို CRPH နဲ့သာ ဆက်သွယ်ဆောင်ရွက်ဖို့ ကြေညာကာ တပ်လှန့်ခဲ့တယ်။

ပြီးတော့ NUCC လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ။ နိုင်ငံရေးအမြော်အမြင်ကြီးတဲ့ ကိုမင်းကိုနိုင်နဲ့ ခေါင်းဆောင်တချို့က ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြန်တယ်။ CRPH ရဲ့ ဥပဒေပြုအာဏာ၊ NUCC ရဲ့ အားလုံးကို ကိုယ်စားပြုမှုတို့နဲ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဆက်လက်ဖွဲ့စည်းစေကာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးအလံတော်ကို ယုံကြည်စွာ အပ်နှံခဲ့ကြတယ်။

ချက်ချင်းဆိုသလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု တစုံတရာ ရရှိခဲ့သလို အာဏာသိမ်းပြီးစ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖရိုဖရဲတိုက်နေရတဲ့ အခြေအနေကို လွန်မြောက်ကာ တော်လှန်ရေးတပ်ဦး ဗဟိုချက်ဆိုတာ အချိန်တိုအတွင်း ဖြစ်ပေါ်လာခဲ့တယ်။

အမျိုးသားညီညွတ်ရေးအစိုးရဆိုတာက NLD ပါတီဝင်တွေချည်းမဟုတ်။ ယာယီသမ္မတက ကချင်၊ ပြည်ထောင်စုဝန်ကြီးချုပ်က ကရင်၊ ပြီးတော့ အစိုးရအဖွဲ့ဝန်ကြီးတွေက အလွှာစုံ။ NLD အစိုးရမဟုတ်သော အမျိုးသားညီညွတ်ရေးအစိုးရ။

စစ်အုပ်စုရဲ့နှာနုကို အဲဒီလို လက်ဆပြင်းပြင်းနဲ့ ဖြတ်ရိုက်ခံလိုက်ရလေတော့ သူတို့ရဲ့ထုံးစံအတိုင်း ခွေးရူးလို တုံ့ပြန်တယ်။ ဖမ်းဆီးခံရတဲ့ NLD အမတ်တွေနဲ့ ပါတီဝင်တွေကို CRPH၊ NUG အစိုးရနဲ့ လုံးဝပတ်သက်မှုမရှိကြောင်း ခံဝန်ထိုးခိုင်းတော့တယ်။

တချို့က မတတ်သာလို့ ခံဝန်ထိုးလိုက်ရတယ်။ တချို့ကတော့ ခံဝန်လည်း ထိုးလိုက်ရ၊ ခံဝန်ထိုးပြီး မကြာခင်မှာပဲ အဖမ်းခံလိုက်ရ၊ ထောင်ထဲဝင်တာချင်းတူတာတောင် ဒူးထောက် လက်မြှောက်ပြီး ဝင်သွားရသလို အရှုံးကြီးရှုံးခဲ့ရတယ်။

NUG အစိုးရနဲ့ CRPH အပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုအားကောင်းလာလေ စစ်အုပ်စုက မုန်ယိုလေ။ မုန်ယိုနေတဲ့စိတ်ကို ထိန်းသိမ်းနိုင်တဲ့ ဆင်ခြင်တုံတရားဆိုတာလည်း မရှိတော့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ဟာ တနိုင်ငံလုံးက NLD ရုံးတွေကို အကြမ်းဖက် ဖျက်ဆီးပစ်တော့တယ်။ ရန်ကုန်မြို့၊ ရွှေဂုံတိုင်က NLD ရုံးချုပ်ကို ၃ ကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ မွန်ပြည်နယ်၊ သထုံမြို့ပေါ်က NLD ရုံးကို ဖျက်အားပြင်းဗုံးနဲ့ တစစီဖြစ်အောင်ကို ဖျက်ဆီးခဲ့တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု မယ်မယ်ရရ မရှိတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့၊ မြို့မရဲစခန်းနဲ့ တည့်တည့်နားက NLD ရုံးကိုလည်း ဖျက်အားပြင်းဗုံးနဲ့ အငြိုးတကြီး ဖောက်ခွဲခဲ့ပါတယ်။

NLD ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ လွှတ်တော်အမတ် ၈၀ နဲ့ ပါတီဝင် ၁,၁၅၂ ဦး ဖမ်းဆီးခံထားရ။ NLD ပါတီဝင် ကြိုးပေးခံရသူ ၁ ဦး၊ စစ်ကြောရေးမှာ ကျဆုံး ၂၃ ဦးနဲ့ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၀။ NLD အမတ် ၂၀၆ ဦးနဲ့ ပါတီဝင် ၁၆၅ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံလိုက်ရ။

အဲဒီလို NLD ရပ်ကျေးပါတီဝင်ကအစ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေလို့မရ၊ ဒီနေ့ဖမ်းသွားပြီး မနက်ဖြန် လမ်းဘေးမှာ အလောင်းစွန့်ပစ်ခံထားရတဲ့ အခြေအနေမှာ စစ်အုပ်စုနဲ့ နားလည်မှု တည်ဆောက်ထားနိုင်တဲ့ NLD ထဲက အပိုင်းအစ သေးသေးတစ ရှိနေတာကိုလည်း ပါးစပ်အဟောင်းသားနဲ့ တွေ့လိုက်ရတယ်။

မကြာသေးမီက NLD ပါတီကနေ ရာသက်ပန် မောင်းထုတ်ခံလိုက်ရတဲ့ စန္ဒာမင်းနဲ့ တဆယ်သားလောက်ရှိတဲ့ အပေါင်းအပါများ။ စန္ဒာမင်းက စစ်အုပ်စုလက်ပါးစေတွေ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ NLD ပါတီရုံးချုပ်ကို ကာကွယ်စောင့်ရှောက်ထားပါသတဲ့။ မတ်လ ပထမပတ်အတွင်း ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ အဲဒီလိုပြောကြားခဲ့တယ်။ တနိုင်ငံလုံးက ပါတီရုံးတွေ မီးဟုန်းဟုန်းတောက်နေတဲ့အချိန် သူ့ရဲ့ကာကွယ်စောင့်ရှောက်ပုံက ရွှေဂုံတိုင်ပါတီရုံးချုပ်ရဲ့ ရေခွန်၊ မြေခွန်၊ မီးခွန် စတဲ့ အခွန်အခတွေကို စစ်အုပ်စုထံ ပေးဆောင်ခြင်းနဲ့ စောင့်ရှောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ စန္ဒာမင်းရဲ့ နောက်တမျိုး စောင့်ရှောက်ပုံက တော်လှန်ရေးထဲမပါဘဲ အဖမ်းခံရတဲ့ NLD ပါတီဝင်တွေ လွတ်အောင် စစ်အုပ်စုကို ပြောဆိုပေးခြင်းလို့ ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ ထပ်ပြောပါတယ်။ “ဒီကောင်လေး၊ ကောင်မလေးကတော့ စစ်တပ်ကို မတော်လှန်တဲ့ လူကောင်းလေးတွေပါ” လို့ အာမခံပေးကာ လွတ်မြောက်အောင် လုပ်ပေးနိုင်သူမို့ မြန်မာနိုင်ငံတဝန်းက NLD ပါတီဝင်တွေထဲ စစ်အုပ်စုယုံကြည်မှုရထားတာ စန္ဒာမင်း တဦးတည်းသာ ရှိတယ်လို့တောင် ဆိုရပါတော့မယ်။ အဲဒါက စန္ဒာမင်းကိုယ်တိုင် ဘီဘီစီမှာ နှုတ်လွန်ခဲ့တာတွေပါ။

ဆိုတော့ အဲဒီလို နှုတ်လွန်ခဲ့တဲ့အပေါ် အခြေခံကာ နောက်တလှမ်း ဆက်တွေးရမှာတွေ ရှိလာပါတယ်။ NLD အသိုင်းအဝိုင်းကြား ပြောဆိုနေကြတဲ့ သတင်းစကားပါ။ အဲဒါက CRPH နဲ့ မပတ်သက်ဖို့ ပြည်တွင်းထဲ တိုးတိုးတိတ်တိတ် ငြိမ်ဝပ်ပိပြားနေတဲ့ NLD ပါတီဝင် နည်းနည်းကို တိုးလွင်၊ စန္ဒာမင်းဂိုဏ်းက သိမ်းသွင်းနေတယ် ဆိုတာပါပဲ။

အဲဒီသတင်းစကားဟာ ဘယ်လောက်ထိ မှန်၊ မမှန် အခုအချိန်မှာ အတည်ပြုဖို့ခက်ပေမဲ့ စစ်အုပ်စုနဲ့အပြိုင် (NLD ကနေ ရာသက်ပန်မောင်းထုတ်ခံလိုက်ရတဲ့) တိုးလွင်ကလည်း CRPH အပေါ် အနာကြီးနာနေကြောင်း သူ့ဖေ့စ်ဘွတ်ခ်ပေါ် အရေးအသားက ဖော်ပြနေပါတယ်။ တိုးလွင်ရဲ့ အရေးအသားကို လိုသလောက် ဆွဲယူချုပ်ရရင် NLD အမတ်တွေက NLD ပါတီရဲ့ ခွင့်ပြုချက်မယူဘဲ CRPH ဖွဲ့စည်းခဲ့တာဟာ နိုင်ငံရေးကျင့်ဝတ်သိက္ခာ မထိန်းသိမ်းရာ ရောက်တယ်လို့ ဆိုထားပါတယ်။

ပုံမှန်အခြေအနေမှာ ပါတီခွင့်ပြုချက်မရှိဘဲ လုပ်ခွင့်မရှိဘူးဆိုတာ ရပ်ကျေးပါတီဝင်အဆင့် ကိုတောင် အထူးတလည် ရှင်းပြစရာ မလိုပါဘူး။ CRPH ဖွဲ့စည်းတဲ့အချိန်ဟာ ကမ်းခြေမှာ အပန်းဖြေ လမ်းသလားနေတဲ့အချိန် မဟုတ်ပါဘူး။ NLD ပါတီတရပ်တည်းတင်မဟုတ်ဘဲ တတိုင်းပြည်လုံး ဝရုန်းသုန်းကားဖြစ်နေတဲ့ အာဏာသိမ်းပြီးစ အခြေအနေပါ။ အဲဒီလိုအခြေအနေမှာ CRPH ဆိုတာ တိုင်းပြည်ရဲ့ အရေးပေါ်လိုအပ်ချက်အရ ဖွဲ့စည်းခြင်းဖြစ်ပြီး NLD ပါတီအတွက် ဖွဲ့စည်းခြင်းလည်း မဟုတ်ပါဘူး။

ပြီးတော့ CRPH ဖွဲ့စည်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ထိပ်တန်းခေါင်းဆောင် တော်တော်များများ ထောင်ထဲရောက်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ ပါတီရဲ့ဆုံးဖြတ်ချက်ကို ရယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပါတီရဲ့ဆုံးဖြတ်ချက် ရယူပြီးမှသာ ဖွဲ့စည်းရမယ်ဆိုရင် CRPH လည်း ဖြစ်မလာ၊ NUCC လည်း ပေါ်လာဖို့ခက်နဲ့ NUG အစိုးရဆိုတာ ဝေလာဝေးဆိုတော့ တိုးလွင်ရဲ့အလိုဟာ စစ်အုပ်စုအကြိုက် နိုင်ငံရေးလို့ဆိုရင် မမှားပါဘူး။

၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ NLD ပါတီဆိုတာ မုန်တိုင်းတွေရဲ့ကြား ရှင်သန်ခဲ့ကြတာဖြစ်လို့ မုန်တိုင်းကို ဘယ်လိုအန်တုဖြတ်သန်းရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ အဲဒီမုန်တိုင်းတွေကပဲ အမေ မရှိလည်း ကိုယ့်ထိုးထွင်းဉာဏ်နဲ့ကိုယ် ရအောင်ဖြတ်မယ်ဆိုတဲ့အသိ တလူလူလွင့်နေအောင် သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို အညံ့ခံဖို့ရာ အဆင်သင့်ဖြစ်နေတဲ့ နိုင်ငံရေးနုံချာဆင်းရဲမှုနဲ့ နိုင်ငံရေးကျပ်မပြည့်သူတွေကြောင့်တော့ နွေဦးတော်လှန်ရေးဟာ ခြင်တကောင် တချက် အကိုက်ခံရတာထက် ပိုသက်ရောက်မှာ မဟုတ်ပါဘူး။

CRPH၊ NUCC နဲ့  NUG ကို အကျိုးအကြောင်းမဲ့ ဆန့်ကျင်တယ်ဆိုတာ မင်းအောင်လှိုင်အကြိုက် တော်လှန်ရေးကို ဆန့်ကျင်ခြင်းဖြစ်သလို ပြည်သူကို ဆန့်ကျင်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒါကို နောက်တမျိုး ထပ်ဆိုရရင် ကိုယ့်နိုင်ငံရေးကိုယ် ကြိုးစင်တင်လိုက်ခြင်းပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024