Home
ဆောင်းပါး
စစ်ကိုင်းတိုင်းအတွင်း ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည့် စစ်တပ်နှင့် စစ်ခေါင်းဆောင်တို့ တာဝန်ခံရမည့် စစ်ရာဇဝတ်မှုများ
DVB
·
March 30, 2023

စစ်တပ်က ရွေးကောက်ပွဲ မဲမသမာမှုလို့ ခေါင်းစဉ်တပ် အာဏာသိမ်းခဲ့ပြီး ၂ နှစ်ပြည့်တဲ့ နောက်နေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာခဲ့တယ်။ အဲဒီမတိုင်ခင်က မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားတာဖြစ်လို့ တနိုင်ငံလုံးအတိုင်းအတာဆိုရင် ၄၄ မြို့နယ်ထိ ဖြစ်လာခဲ့တာပါ။

အခုဆန်းစစ်ချက် ဆောင်းပါးမှာတော့ စစ်အုပ်ချုပ်ရေး ကြေညာခံရပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတလျှောက်မှာ အဆိုးဝါးဆုံး ကြုံတွေ့ခံစားနေရတဲ့ စစ်ကိုင်းတိုင်းထဲက ထူးခြားတဲ့ အကြောင်းရာတချို့ကို ထုတ်နုတ်ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။

တလအတွင်းမှာပဲ စစ်အုပ်ချုပ်ရေးနယ်မြေ ထပ်တိုး

Credit-Data For Myanmar

အဲဒီလို စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ တိုင်းနဲ့ ပြည်နယ်ထဲမှာဆိုရင် စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ခဲ့ပြီး မြို့နယ် ၃၇ ခုရှိတဲ့အထဲက မြို့နယ်ပေါင်း ၁၁ ခုက စစ်အုပ်ချုပ်ရေး ကြေညာခံခဲ့ရတာပါ။ စစ်အုပ်ချုပ်ရေး ကြေညာချက်က အဲဒီမှာတင် ရပ်မနေဘဲ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ ခုကို ထပ်တိုးကြေညာခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး ၊ ရွှေဘို၊ ဝက်လက်၊ အရာတော် စတဲ့မြို့နယ် ၁၄ ခုက  စစ်အုပ်ချုပ်ရေး နယ်မြေတွေ ဖြစ်လာခဲ့ပါတယ်။

စစ်တိုင်းမှူးတွေကိုလုပ်ပိုင်ခွင့် အပြည့်အဝပေးလိုက်တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထွက်ပေါ်လာပြီးတဲ့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ရေးဗျူဟာပြောင်းလဲပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုသာ မကဘဲ ဒေသခံ ပြည်သူတွေကိုလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။

လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးနေရာမှာ ဗိုလ်ချုပ်သန်းထိုက်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းထဲက စစ်ဆင်ရေးဗျူဟာတွေ ချမှတ်ကိုင်တွယ်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တိုက်ရိုက်ပေးတဲ့အမိန့်တွေကို စစ်တိုင်းမှူးတွေက သက်ဆိုင်ရာ နယ်မြေတွေမှာ အကောင်အထည်ဖော်နေရသူတွေလည်း ဖြစ်ပါတယ်။

စစ်ကြောင်းတွေဖြန့် ရွာစဉ်လှည့်မီးရှို့

အဲဒီလို စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေထဲမှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်အောင် ထိန်းချုပ်ဖို့ ကြိုးစားနေပြီး အဲဒီနယ်မြေထဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ နာမည်ကျော် တပ်မတွေဖြစ်တဲ့ တပ်မ (၃၃)၊ တပ်မ (၉၉) နဲ့ တပ်မ (၆၆) အောက်မှာရှိတဲ့ စစ်ကြောင်းတွေ ဖြန့်ကြက်ပြီး လှုပ်ရှားနေသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စိုးမိုးထားတဲ့ နယ်မြေတွေကို မဆုံးရှုံးဖို့အတွက် ကြိုးစားနေတာကြောင့် စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲမဖြစ်ပွားတဲ့နေ့ မရှိသလောက်ပဲလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောထားပါတယ်။

အထက်မှာပြောခဲ့သလိုပဲ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှုရအောင် ထိန်းချုပ်ရအောင်လို့ ဆောင်ရွက်တဲ့နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ကြတယ်ဆိုတဲ့ အနေထားမျိုးကို မတွေ့ရဘဲ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း သိသိသာသာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာတာကို ဒေသတွင်း သတင်းရင်းမြစ်တွေအရ တွေ့ရမှာပါ။ လက်ရှိအခြေအနေက ဂျပန်ခေတ်နဲ့ အင်္ဂလိပ်ခေတ်က အခြေအနေတွေထက် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့လည်း ကိုလိုနီခေတ် အဆက်ဆက်ကို မီခဲ့တဲ့ ခင်ဦးမြို့နယ်ထဲက အသက် ၉၀ ကျော်အရွယ် စစ်ဘေးရှောင် အဘွားအိုတဦးက ပြောပါတယ်။

ပြည်သူရှိလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိ

အခုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက တိုက်ခိုက်ရေးစစ်ကြောင်းမဟုတ်ဘဲ ပြည်သူရှိလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှိနေတာဆိုတဲ့ တွေးခေါ်ချက်နဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေကိုလည်း ရွာစဉ်လှည့် မီးရှို့နေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေက ဒေသခံတွေ စိုက်ပျိုးသိုမှီးထားတဲ့ သီးနှံနဲ့ စားနပ်ရိက္ခာတွေအပြင် ရေတွင်းရေကန်တွေမှာလည်း သောက်သုံးလို့ မရတော့အောင် ဖျက်ဆီးခဲ့တဲ့အပြင် မိရိုးဖလာ လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပစ္စည်းတွေကိုလည်း ရှေ့ဆက်လုပ်ကိုင်လို့မရအောင် ဖျက်ဆီးခဲ့ပါတယ်။

Credit-Data for Myanmar

သိန်းနဲ့ချီတဲ့ ဒေသခံတွေကို မိမိတို့နေထိုင်ရာ ဒေသတွေကနေ ထွက်ခွာသွားအောင် အကြမ်းဖက်နည်းလမ်းကို အသုံးပြုပြီး မြို့ရွာတွေကို မီးရှို့ စနစ်တကျ အကွက်ချ စီမံဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နေပါတယ်။

မြန်မာစစ်တပ်က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) မှာ သဘောတူ လက်မှတ်ရေးထိုးထားပြီး အဲဒီဥပဒေမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်း လက်နက်ကိုင်နဲ့ အရပ်သားအကြား ခွဲခြားပြီး အရပ်သားတွေကို ထိခိုက်နစ်နာမှုမရှိအောင် ဒါမှမဟုတ် နည်းပါးအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ အခြေခံ သဘောတရားတွေ ပါဝင်နေပါတယ်။ အရပ်သားလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတယ်လို့ IHL မှာ ပြဋ္ဌာန်းထားပေမဲ့ မြန်မာ့စစ်တပ်ရဲ့ လုပ်ရပ်ကတော့ နိုင်ငံတကာ စစ်ရာဇဝတ်မှုဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး လက်နက်မဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တဲ့ အပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပစ္စည်းနဲ့ လုပ်ငန်းတွေကိုပါ ဖျက်ဆီးပြီး အဲဒီဒေသတွေမှာ ဆက်လက်နေထိုင်လို့မရတော့ဘဲ နေရပ်စွန့်ခွာအောင် ပြုမူနေတာကို တွေ့ရမှာလည်း ဖြစ်ပါတယ်။

တလအတွင်း နေအိမ် ၆,၀၀၀ ကျော် မီးရှို့ခံရပြီး ၄၀ ကျော် သတ်ဖြတ်ခံရ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တခုတည်းမှာပဲ စစ်ကိုင်းတိုင်းထဲမှာ ၇၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးလို့ အရပ်သားနေအိမ် ၆,၆၆၂ လုံးနဲ့ ဘာသာရေးအဆောက်အဦမျိုးစုံ ၄ လုံး၊ စာသင်ကျောင်း ၁၀ ကျောင်း၊ ဆေးရုံနဲ့ ကျေးလက်ဆေးပေးခန်း ၂ ခုထိ ရှိခဲ့တယ်လို့ NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ မီးသတ်ဦးစီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီး တလဝန်းကျင်အတွင်းမှာပဲ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ မြို့နယ်အသီးသီးက ပြည်သူ ၃၈ ယောက်၊ PDF ၆ ယောက် စုစုပေါင်း ၄၄ ယောက်အထိ တလအတွင်းမှာ သေဆုံးခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သာသနာ့ဝန်ထမ်းတွေအပြင် ကထိကဆရာတဦးလည်း ပါဝင်ခဲ့ပြီး အဲဒီထဲက အမျိုးသမီးတချို့ကတော့ သတ်ဖြတ်မှုမခံရခင် အုပ်စုဖွဲ့ ပြင်းပြင်းထန်ထန် မုဒိမ်းကျင့်ခံရပြီးမှ သတ်ဖြတ်ခဲ့တဲ့ စစ်ပွဲအတွင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အထောက်ထားတွေကိုလည်း ရရှိထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကတော့ တလအတွင်း ၆ ယောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး အများစုကတော့ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အစိတ်ပိုင်းတွေကို အပိုင်းပိုင်း လှီးဖြတ်ခံခဲ့ရပါတယ်။

IHL မှာတော့ အရပ်သားတွေကို အကာအကွယ်ပေးရမယ့်အပြင် လက်နက်ကိုင်ရန်သူကို ဖမ်းဆီးရမိရင် ဒါမှမဟုတ် လက်နက်ချအညံ့ခံရင် ဘယ်လိုနည်းနဲ့မှ အန္တရာယ်ပေးလို့မရဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပေမဲ့ မြေပြင်မှာတော့ တော်လှန်ရေးအင်အားစုတွေကိုသာမက ပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြနေတာလည်း ဖြစ်ပါတယ်။

အခုပြုစုထားတဲ့ စာရင်းတွေဟာ စစ်ကောင်စီတပ်တွေက စစ်အုပ်ချုပ်ရေးကြေညာပြီး တလအတွင်း စစ်ကိုင်းတိုင်းထဲမှာ အများဆုံး ကျူးလွန်ခဲ့ကြတာဖြစ်ပြီး ဒီအချက်အလက်တွေကိုတော့ NUG အစိုးရက ထုတ်ပြန်ထားတာလည်းဖြစ်သလို လွတ်လပ်တဲ့ မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်ကနေ ပြည်သူလူထုပေးပို့တဲ့ သတင်းအချက်အလက်တွေကို စိစစ်ဖော်ပြတာဖြစ်ပြီး မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုတွေဟာ ပိုပြီးတော့ များပြားနိုင်ပါတယ်။

နာမည်ကျော် တာတိုင်ကျေးရွာဖြစ်စဉ်မှာဆိုရင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၆ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောက် စုစုပေါင်း ၁၇ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်လိုမျိုး  စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတခုလုံးမှာဆိုရင် အလားတူဖြစ်စဉ်ပေါင်း ၃၀ နီးပါးအထိ ရှိတယ်လို့လည်း NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားပါတယ်။

ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံလို့ တင်စားခံခဲ့ရတဲ့ အညာ

ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံလို့ တင်စားခံခဲ့ရပြီး စားနပ်ရိက္ခာ ပေါကြွယ်တဲ့ မြန်မာပြည်ရဲ့ အလယ်ပိုင်းက စပါးကျီဖြစ်တဲ့ အညာဒေသက အခုတော့ ပြာပုံအတိ ဖြစ်လို့နေပါပြီ။ အညာဒေသထွက် ရွှေဘိုစပါးက သဖန်းဆိပ်ဆည်ရေကြောင့် ရာသီပတ်လုံး စိုက်ပျိုးနိုင်ပြီး ရွှေဘိုပေါ်ဆန်းမွှေးကလည်း မြန်မာပြည်ရဲ့ အကောင်းဆုံး ဆန်စပါးတမျိုးပါ။ အဲဒီဒေသက တောင်သူတွေရဲ့ စပါးကျီကဆိုရင်လည်း နေအိမ်တွေထက်ကို ပိုပြီး ကြီးကြီးမားမား ဆောက်လုပ်သိုလှောင်ထားပြီး ထွက်သမျှဆန်တွေကို တနိုင်ငံလုံးအပြင် ပြည်ပထိပါ တင်ပို့ရောင်းချနေရတာပါ။

တိုက်ပွဲမဖြစ်ပွားဘဲနဲ့ ရွာစဉ်ပတ် မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က  ဝက်လက်မြို့နယ်ထဲက ကျီးကန်တောင်ရွာနဲ့ မြောက်ရွာကို စစ်ကြောင်းထိုးပြီး နေအိမ်တွေနဲ့ စားနပ်ရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှစ်ရွာပေါင်း အိမ်ခြေ ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီရွာတွေမှာ အနည်းဆုံးဆိုတဲ့အိမ်က တအိမ်ကို စပါးတင်း ၃၀၀ လောက် သိုလှောင်ထားပြီး တောင်သူကြီးတန်းတွေဆိုရင် တအိမ်ကို စပါးတင်း ၁,၅၀၀ လောက် အနည်းဆုံး သိုလှောင်ထားကာ အဲဒါတွေအကုန်လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့  ဒေသခံတွေက ဆိုထားပါတယ်။

ဒီအခြေအနေက စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ကျေးရွာလေးနှစ်ခုရဲ့ စာရင်းအချက်လက်သာဖြစ်ပြီး ရွှေဘိုခရိုင်တခုတည်းမှာတင် အနည်းဆုံး စပါးတင်း ၄ သိန်းနဲ့ ၅ သိန်းကြားထဲလောက် မီးရှို့ဖျက်ဆီးခံခဲ့ရမယ်လို့လည်း ဒေသခံတွေက တွက်ဆထားပါတယ်။ ဆန်စပါး စားနပ်ရိက္ခာတွေ ဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းတခုလုံး ဆိုရင်တော့ တိကျတဲ့စာရင်းရရှိဖို့က မြေပြင်အခြေအနေတွေကြောင့် ရရှိဖို့ ခက်ခဲနေဆဲပါ။

အဲဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့ တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ကလောဘက်ကနေ စစ်ကိုင်းတိုင်းထဲကို အင်အား ၁,၀၀၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့ တပ်တွေနဲ့ ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) က ပူးပေါင်းထားတဲ့တပ်တွေ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပြန်ပါတယ်။

မိရိုးဖလာ ရိုးရာလက်မှုလုပ်ငန်းတွေပါ ဆုံးရှုံး

အညာဒေသက ပြည်သူတွေက စိုက်ပျိုးရေးကို အခြေခံပြီး မြန်မာပြည် နေရာဒေသအသီးသီးက ပြည်သူတွေ ဝတ်ဆင်ဖို့အတွက် မိရိုးဖလာ လုပ်ကိုင်လာတဲ့ ရိုးရာလက်မှုရက်ကန်း ရက်လုပ်တာတွေကိုလည်း လုပ်ကြပြန်ပါသေးတယ်။ အဲဒီထဲက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲက ဆိပ်ခွန်တိုက်နယ်ဆိုတာကလည်း နိုင်ငံကျော် ရက်ကန်းထည်တွေ ထွက်ရှိတဲ့ နာမည်ကျော်ဒေသတခုပါ။ ဆိပ်ခွန်တိုက်နယ်ဒေသက ထွက်ရှိတဲ့ အဝတ်အထည်တွေက အကောင်းဆုံးဖြစ်ပြီး နာမည်ကျော်ကြားသလို ဒေသတခုလုံးက ရိုးရာလက်ရက်ကန်းနဲ့ စက်ရက်ကန်းတွေနဲ့ ရက်လုပ်ပြီး တနိုင်ငံလုံးကို ဖြန့်ဖြူးရာဒေသလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဆိပ်ခွန်တိုက်နယ်ထဲမှာ ရိုးရာရက်ကန်းလုပ်ငန်း လုပ်ကိုင်ပြီး လူဦးရေ ၃,၀၀၀ လောက် နေထိုင်နေတဲ့ ထူးကြီးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ခဲ့ပြီးတဲ့နောက် ရွာထဲမှာ ၂ ညအိပ် ၃ ရက်တိတိ တပ်စွဲနေထိုင်ပြီး ရက်ကန်းရုံ ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တာက ရက်ကန်းစင်တွေဆိုပေမဲ့ တကယ်ဆုံးရှုံးသွားတာက တိမ်ကောစပြုလာတဲ့ ဒေသရဲ့ မိရိုးဖလာ လုပ်ကိုင်နေတဲ့ ရိုးရာလက်မှုလုပ်ငန်းတွေအပြင် မိသားစုပေါင်း ထောင်နဲ့ချီပြီး မှီခိုနေရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလည်း ဖြစ်ပါတယ်။

ဒေသခံတွေ မိမိတို့နေရပ်မှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲအောင် လုပ်ဆောင်ခဲ့တဲ့ အခုလို အကြမ်းဖက်လုပ်ရပ်ဟာ စစ်ပွဲအတွင်း ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး နောင်တချိန်မှာတော့ တာဝန်ရှိသူအဆင့်ဆင့်နဲ့ ကျူးလွန်ခဲ့သူတွေက တာဝန်ယူ ရင်ဆိုင်ဖြေရှင်းရမယ့် ဖြစ်စဉ်တွေလည်း ဖြစ်ပါတယ်။

ကူရာမဲ့တဲ့ သိန်းနဲ့ချီတဲ့ပြည်သူတွေ

အထက်မှာ တင်ပြခဲ့တဲ့ အကြောင်းအရာတွေက ဒေသခံတွေရှိလို့ တော်လှန်သူတွေရှိတာဆိုတဲ့ တွေးခေါ်ချက်နဲ့ ဒေသခံပြည်သူတွေကို နေရပ်မှာ ဆက်လက်မနေဝံ့အောင် စစ်ကောင်စီက ဖြတ်လေးဖြတ်လို့ခေါ်တဲ့ ငွေကြေး၊ ရိက္ခာ၊ သတင်းအချက်အလက်နဲ့ တပ်သားသစ် စုဆောင်းနိုင်အောင် တားဆီးတာမျိုး မဟုတ်တော့ဘဲ အရပ်သားပြည်သူတွေကို နေရပ်ကနေ အပြီးတိုင် စွန့်ခွာထွက်ပြေးအောင် ဒါမှမဟုတ် ဆက်လက် ရှင်သန်နေထိုင်လို့မရအောင် ရည်ရွယ်ချက်ရှိရှိ ပြုမူနေတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

အဲဒီလို တိမ်းရှောင်နေရတဲ့ သိန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စစ်ရှောင်စခန်းဆိုတာ သီးခြားမရှိသလို နိုင်ငံတကာ ကူညီစောင့်ရှောက်ရေး အစီအမံတွေလည်း ဘာတခုမှ မရရှိကြပါဘူး။ အဲဒီထဲက ခင်ဦး၊ ရေဦး၊ ဝက်လက်၊ ယင်းမာပင်၊ ပုလဲနဲ့ အရာတော်မြို့နယ်ထဲက ကျေးရွာတွေကတော့ အဆိုးဝါးဆုံးဖြစ်ပြီး နေ့စဉ်နဲ့အမျှ စစ်ကြောင်းမထိုးခံရတဲ့ ရွာတွေဆိုတာ မရှိသလောက် ဖြစ်နေပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ လုပ်ရပ်က အခုမှကျူးလွန်တာတော့ မဟုတ်ပါဘူး။ ဟိုးအရင် စစ်အစိုးရ ခေတ်အဆက်ဆက်တည်းက တိုင်းရင်းသားဒေသတွေမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေအပြင် မိမိတို့ အခြေချနေထိုင်ရာ နေရပ်ဒေသမှာ ဆက်ပြီးမနေထိုင်နိုင်အောင် စနစ်တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ ပုံစံတခုပဲ ဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်း အရေးယူမှုတွေ

လူမျိုးတုံးသတ်ဖြတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအဖြစ် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ IHL  က သတ်မှတ်ထားပြီး  မြန်မာစစ်တပ်ကလည်း အဲဒီဥပဒေမှာ သဘောတူ လက်မှတ်ရေးထိုးထားခဲ့တာပါ။ အဲဒီဥပဒေမှာဆိုရင်တော့ ပဋိပက္ခတွေထဲမှာ မပါဝင်တဲ့သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း မြန်မာစစ်တပ်က အတိအလင်း သဘောတူထားပေမဲ့ မြေပြင်လုပ်ဆောင်ချက်တွေကတော့ ပဋိပက္ခတွေထဲမှာ မပါဝင်တဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ့်အစား လူသားမျိုးနွယ်တွေအပေါ် ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေပါတယ်။

အဲဒီလို စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာ တရားစီရင်ရေး ခုံရုံးကို တင်ပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က သက်သေအထောက်ထားတွေကို စုဆောင်းနေပြီး နိုင်ငံတကာ တရားစီရင်ရေးမှာ သက်သေတင်သွင်းနိုင်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ IIMM ယန္တရားအနေနဲ့ ရင်းမြစ်ပေါင်း ၂၀၀ ကျော်ကနေ အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီ ပုံစံမျိုးစုံနဲ့ စုဆောင်းရရှိထားတယ်ဆိုပေမဲ့ ဘယ်အချိန်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူနိုင်မှာလဲ ဆိုတာကတော့ အတိအကျ မသိရှိနိုင်ပါဘူး။

ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားစီရင်ရေး စီမံမှုအောက်ကို ရောက်ဖို့ဆိုတာက နှစ်ပေါင်းများစွာ ကြာနိုင်သလို အောင်မြင်ဖို့ မအောင်မြင်ဖို့ ဆိုတာကလည်း သေချာပေါက်မပြောနိုင်တဲ့ အရာတခုလို့လည်း ဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC မှာ တရားစွဲတင်ဖို့ ကြိုးစားနေပြီး အဲဒီတရားစီရင်ရေးစနစ်ကလည်း သဘောသဘာဝအရ နှစ်ပေါင်းများစွာ ကြာမြင့်လေ့ရှိသလို တရားစီရင်ရေးမစတင်ခင် သို့ စတင်နေဆဲကာလမှာ ကျူးလွန်သူတွေအနေနဲ့ သေဆုံးသွားခဲ့ရင်လည်း အမှုကိုပိတ်သိမ်းပြီး ဆက်လက်ကိုင်တွယ် ဖြေရှင်းမှာ မဟုတ်တော့ဘူးလို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ တကယ်လို့ ပြစ်မှုကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အပြစ်ရှိတယ်လို့ စီရင်ချက်ချလိုက်တဲ့အခါ သူတို့ကိုလက်ခံတဲ့ အင်အားကြီးနိုင်ငံ တခုခုအောက်မှာ ခိုလှုံနေမယ်ဆိုရင်လည်း တရားရုံးတွေအနေနဲ့ ဘာမှ ဆောင်ရွက်လို့ရမှာမဟုတ်ပါဘူး။

အောင်ကျော်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024