
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ တီယန်ဇွတ်ကျေးရွာအနီးက တရားမဝင် ရွှေမှော်တွေမှာ မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် တရားဝင်ပုံစံနဲ့ ရောင်းဝယ်နေကြတယ်လို့ ရွှေမှော်လုပ်သားတွေက ပြောပါတယ်။
တီယန်ဇွတ်ကျေးရွာ အထက်ပိုင်းက မလိခချောင်းအတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ နေရာတွေမှာ ဘိန်းဖြူ No.4၊ ယာမ၊ WY၊ ဘိန်းမည်း စတာတွေကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြတာလို့ ဆိုပါတယ်။
“ရွှေမှော်တွေကို လောပန်းတွေက ရွှေတူးဖို့ လူငယ်လေးတွေ ခေါ်ခေါ်လာတယ်။ အစပိုင်းတော့ ပြဿနာမရှိဘူး။ မှော်မှာက မူးယစ်ဆေးဝါးစုံတယ်။ မကြာဘူး၊ စိတ်မထိန်းနိုင်တဲ့ လူငယ်တွေ စမ်းသုံးကြည့်ရင်းနဲ့ မူးယစ်ဆေးစွဲတဲ့အခြေအနေ ရောက်သွားတယ်။ မှော်မှာက မူးယစ်ဆေးဝါး တရားဝင်နီးနီး ပေါ်ပေါ်ထင်ထင်ကို ရောင်းနေကြတာ” လို့ ရွှေမှော်လုပ်သားတဦးက ပြောပါတယ်။
ရွှေမှော်တွေမှာ လုပ်ကိုင်ကြတဲ့ လူငယ်တွေဟာ ကချင်ပြည်နယ်က လူငယ်တွေအပါအဝင် ကချင်ပြည်နယ်အောက်ပိုင်း တိုင်းဒေသကြီး အသီးသီးက လူငယ်တွေ ပါဝင်ပြီး အများစုဟာ မူးယစ်ဆေးသုံးစွဲနေကြပါတယ်။
“မှော်မှာက လူစုံတယ်။ ကချင်ပြည်နယ်ထဲက လူငယ်တွေ ပါသလို မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ စတဲ့ဒေသက လူငယ်တွေပါတယ်။ သူတို့ဒေသမှာ မူးယစ်ဆေးဝါးနဲ့ အလှမ်းဝေးတော့ ဒီလူငယ်တွေ မသုံးဖြစ်ဘူး။ ရွှေမှော်ရောက်လာတော့မှ မူးယစ်ဆေး စမ်းသုံးရင်းနဲ့ အတော်များများ မသုံးရမနေနိုင် ဖြစ်လာတယ်။ မှော်ထဲတွေမှာကလည်း မူးယစ်ဆေးဝါး လွယ်လင့်တကူ ရနေတာကိုး” လို့ ရွှေမှော်လုပ်သားတဦးက ပြောပါတယ်။
ရွှေမှော်တွေမှာ မူးယစ်ဆေးဝါး တရားဝင်နီးပါး ပေါပေါများများ ရောင်းဝယ်မှု ပြုလုပ်နေပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဖမ်းဆီးအရေးယူတာ မရှိပါဘူး။
တီယန်ဇွတ်ကျေးရွာ ဒေသခံတဦးက “ကျနော် သိသလောက်ကတော့ ရွှေမှော်တွေမှာ မူးယစ်ဆေးဝါး လာဖမ်းလို့ ရောင်းတဲ့သူ ဘယ်သူပါသွားပြီဆိုတာ တခါမှ မကြားမိဘူး။ အဲဒါကြောင့်လည်း သုံးစွဲသူတွေ တဖြည်းဖြည်းများလာတယ်။ ကျနော်တို့ရွာက ရွှေမှော်သမားတွေ အများစုနဲ့ ပူတာအိုတက်တဲ့ ခရီးသည်တွေ နားတဲ့ရွာ။ ရွှေမှော်သမားတွေ လိုအပ်တာ တက်ဝယ်ရတဲ့ရွာ။ ရွာမှာတင် လမ်းဘေးမှာ No.4 ထိုးတဲ့တဲတွေ ရှိပြီးသား။ ဘယ်အဖွဲ့မှလည်း အဖမ်းအဆီးမရှိဘူး” လို့ ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေကြောင့် မှုးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။