Live
Home
မြန်မာသတင်း
ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏကန့်သတ်မည့်သတင်းကြောင့် ဆန်စပါးဈေးကွက် ပြန်အေး
DVB
·
March 28, 2023

မြန်မာပြည်တွင်းမှာ ဆန်နဲ့ စပါးစျေးနှုန်းတွေ မြင့်တက်နေတာကြောင့် လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ထွက်ပစ္စည်း ပြည်ပတင်ပို့မှုကို အကန့်အသတ်စနစ်နဲ့ ဆောင်ရွက်မယ်လို့ ဆန်စပါးလုပ်ငန်း အသိုင်းအဝိုင်းမှာ သတင်းထွက်ပေါ်နေပါတယ်။

အဲဒီသတင်းနဲ့အတူ ပြည်တွင်းမှာ ဆက်တိုက်မြင့်တက်နေခဲ့တဲ့ စပါးစျေးပြန်အေးလာပြီး အရောင်းအဝယ်လည်း အေးသွားတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

ဆန်စပါးလုပ်ငန်းရှင်တဦးက “ပြည်တွင်းဆန်ဈေးမတက်အောင် ထိန်းလိုက်တယ်။ ဆန်ပြည်ပပို့ခွင့်ကို ပမာဏကန့်သတ်လိုက်တယ်လို့ သတင်းတွေထွက်နေတယ်။ ဒါကြောင့် စပါးဈေး အေးသွားတာပါ။ စပါးဈေးအေးပေမဲ့ အရောင်းအဝယ်လည်း အေးပါတယ်” လို့ ပြောပါတယ်။

ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့ရာမှာ မြန်မာနိုင်ငံအနေနဲ့ တလကို ပျမ်းမျှ တန်ချိန် နှစ်သိန်းဝန်းကျင် တင်ပို့နေတာဖြစ်ပေမဲ့ လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ တလကို ဆန်တန်ချိန် တသိန်းကနေ တသိန်းခွဲခန့်သာ တင်ပို့ခွင့်ရရှိတော့မယ်လို့  သိရပါတယ်။

အဲဒီကန့်သတ်ချက်ကြောင့် လက်ရှိမှာ ပြည်ပဆန်တင်ပို့ခွင့် လိုင်စင်အသစ်ရရှိဖို့ ခက်ခဲသွားပြီး လိုင်စင်အဟောင်းတွေကိုလည်း စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

အဲဒီမူဝါဒနဲ့ ပြည်ပဆန်တင်ပို့မှုကို လျှော့ချမယ်ဆိုရင် လာမယ့်ဧပြီလကုန် နွေစပါး လှိုင်လှိုင်ပေါ်ချိန်မှာ စျေးကျဆင်းလာနိုင်ပေမဲ့ စိုက်ပျိုးစရိတ်နဲ့ ကုန်စျေးနှုန်းတွေ မြင့်တက်နေတာကြောင့် စပါးစျေးဟာ စောင့်ကြည့်ရမယ့် အနေအထားသာ ဖြစ်တယ်လို့ မြောင်းမြမြို့က စပါးစိုက်တောင်သူတဦးက မှတ်ချက်ပြုပါတယ်။

လက်ရှိ မြန်မာပြည်တွင်း စပါးစျေးနှုန်းတွေက သမိုင်းတလျှောက် စံချိန်သစ်တင်ကာ အမြင့်ဆုံးစျေးနှုန်းတွေကို ရောက်ရှိနေတာဖြစ်ပြီး တောင်သူတွေ ဝယ်ယူရတဲ့ စိုက်ပျိုးရေး သွင်းအားစုစျေးနှုန်းတွေကလည်း ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့် စံချိန်တင် အမြင့်ဆုံးစျေးမှာ ဆက်လက်ရပ်တည်နေတာပါ။

စံချိန်တင်အမြင့်စျေးနဲ့ စပါးဝယ်ယူကြိတ်ခွဲရတာဖြစ်လို့ ဆန်စျေးကျဆင်းနိုင်ခြင်း မရှိသေးသလို ပြည်တွင်းမှာ ဆန်ဈေးမြင့်တက်မှုကလည်း ပြည်ပဆန်တင်ပို့မှုအပေါ် သက်ရောက်မှုတွေ ရှိနေပြန်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့ရာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေတာဖြစ်ပြီး ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကိုလည်း တင်ပို့နေတာပါ။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံကနေ ပြည်ပသို့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်း တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုကနေ ဝင်ငွေ ဒေါ်လာ ၇၈၃ သန်း ရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024