
အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
“အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့ လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ သူတို့ရဲ့ ပြုမူနေကျ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲသပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေရမယ့်အချိန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုလည်း အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာ ထားကြဖို့အတွက် အလေးအနက် တိုက်တွန်းလိုပါတယ်။”
မတ် ၂၈ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အတင်းအကျပ်ပြုလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း “တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများ အားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ဒီနေရာကနေ ပြောလိုပါတယ်။ ဒါ့အပြင် ဖက်ဆစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်ဝေခံ လက်နက်ကိုင်အဖွဲ့ကို ကောင်းစွာမထိန်းချုပ်နိုင်တော့တဲ့အပြင် လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့်ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ်ကို ဖော်ပြနေတယ်ဆိုတာ ထင်ရှားပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါ့အပြင် NUG အစိုးရအနေနဲ့ ကြားကာလ လုပ်ငန်းတာဝန်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေတယ်ဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ လျော့ပါးချည့်နဲ့သွားအောင် လုပ်ဆောင်ဖို့ကလည်း တခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ “ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ်ရှိနေတယ် ဆိုတာကို အမြဲသတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် ကျနော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမိုကျစ်လျစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျနော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက်တာတွေ အချိန်နဲ့တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံတော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေ ဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက်မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။