
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ၉ လမ်းက လူငယ်နှစ်ဦး မတ် ၂၅ ရက် ည ၁၀ နာရီလောက်မှာ ကွမ်းယာထွက်ဝယ်ချိန် လုံခြုံရေးကင်းလှည့်တဲ့ ကားနဲ့တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
အဲဒီလူငယ်နှစ်ဦးကို ညမထွက်ရအချိန် အပြင်ထွက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မှာ သတ်မှတ်ထားတဲ့ညမထွက်ရအချိန်က ည ၁၂ နာရီဖြစ်တာကြောင့် ငွေညှစ်ချင်တာကြောင့် ဖမ်းတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။
ငမိုးရိပ်ရပ်ကွက်မှာနေထိုင်သူတဦးက "ဒီမနက်ဘဲ တယောက်ငါးသောင်းနဲ့ ပြန်ရွေးထုတ်လာကြတယ်။ သူတို့ လမ်းထိပ်ထွက်တဲ့အချိန် ကင်းလှည့်တဲ့ကားနဲ့တိုးပြီး ဖမ်းခံရတာလို့ ပြောတယ်" ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးအနက် တဦးက အဲဒီလမ်းက ဒလန်တဦးရဲ့သားဖြစ်နေလို့ ဒီလောက်ငွေပမာဏ နဲ့ ပြန်လွှတ်ပေးလိုက်ပုံရတယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ အခုနောက်ပိုင်း လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက အကြောင်းမဲ့ ပစ်မှတ်ထားဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ဆက်တိုက်ပြုလုပ်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။