
မြန်မာစစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ လက်နက်ပွဲစား ခရိုနီ ဦးထွန်းမင်းလတ်၊ သူ့ရဲ့ ဇနီးနဲ့ သူပိုင်ဆိုင်တဲ့ အဖွဲ့အစည်း ၆ ခုကို အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာစစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက် လေယာဉ်လောင်စာဆီ အဝယ်တော်တွေနဲ့ စစ်တပ်ခရိုနီတွေကို အမေရိကန်ပြည်ထောင်စုက ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ ရေးယူတဲ့အနေနဲ့ လူပုဂ္ဂိုလ်နှစ်ဦးနဲ့ လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို အရေးယူလိုက်တာလို့ဆိုပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဦးထွန်းမင်းလတ်၊ သူ့ဇနီး ဒေါ်ဝင်းမင်းစိုးနဲ့ သူပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ လုပ်ငန်းအဖွဲ့အစည်း သုံးခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှာဖြစ်တဲ့အပြင် မြန်မာစစ်အာဏာရှင်ထံ လေယာဉ်လောင်စာဆီထောက်ပံ့တာနဲ့ ဆက်နွှယ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ ခံရနိုင်ခြေတွေနဲ့ပတ်သက်လို့ ကိုယ်ပိုင်လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို အသိပေးတဲ့အနေနဲ့ “မြန်မာ့လေယာဉ်လောင်စာဆီနှင့် စပ်လျဉ်းသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုသတိပေးချက်” ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်။
အာဏာရှင်အဖွဲ့အစည်းဟာ မြန်မာပြည်သူတွေကို နာကျင်မှုနဲ့ အတိဒုက္ခတွေသာ ဆက်လက်ပေးနေကြောင်း မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေတဲ့ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံသွားဖို့ သံန္နိဋ္ဌာန်ချထားပြီး ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ရာမှာ အာဏာရှင်အဖွဲ့အစည်းက အသုံးပြုတဲ့ အရင်းအမြစ်တွေကို ဖြတ်တောက် အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ထားပါတယ်။
လက်နက်ပွဲစား ခရိုနီသူဌေး ဦးထွန်းမင်းလတ်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားပြီး သူ့ရဲ့ ဘတ်သန်း ၁၈၀၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေ၊ ဟိုတယ်၊ ကား စတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းထားလိုက်ပါတယ်။
ခရိုနီ ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်က အဆင့်မြင့် ကွန်ဒိုတိုက်ခန်းနဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့ တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက စုံစမ်းနေပါတယ်။