Home
ဆောင်းပါး
ဂျီနိုဆိုက် မမြောက်တဲ့ ဂျီနိုဆိုက်
DVB
·
March 24, 2023

ပထမဆုံး လူ့အခွင့်အရေးစာချုပ်

ခေတ်သစ် နိုင်ငံတကာဥပဒေအကြောင်း ပြောဆိုကြတဲ့အခါမှာ မဖြစ်မနေ ထည့်သွင်း ပြောဆိုကြရတဲ့ ဥပဒေတွေ၊ သဘောတူစာချုပ်တွေ ရှိပါတယ်။ တနည်းဆိုရရင် ဒုတိယကမ္ဘာစစ် အလွန် ခေတ်သစ်ကမ္ဘာရဲ့ နိုင်ငံတကာဥပဒေ အုတ်မြစ်ကြီးလေးခု ရှိပါတယ်။ ဘာတွေလဲဆိုရင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၊ လူ့အခွင့်အရေးကြေညာစာတမ်း၊ ဂျီနီဗာသဘောတူစာချုပ်နဲ့ ဂျီနိုဆိုက်သ‌ဘောတူစာချုပ် (Genocide Convention) တို့ပဲ ဖြစ်ပါတယ်။

ဒီအထဲကမှ ဂျီနိုဆိုက်စာချုပ်ဟာ ပထမဆုံး လူ့အခွင့်အရေး သဘောတူစာချုပ်ပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးတွေ အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ကိစ္စတွေမှာ ပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ ဥပဒေအကာအကွယ်တွေ မရှိခဲ့ပါဘူး။ ဒါကြောင့် ဒုတိယကမ္ဘာစစ်အတွင်းကလို ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ဖြစ်ရပ်တွေ နောက်ထပ်တကြိမ် မပေါ်ပေါက်လာအောင် ကမ္ဘာ့နိုင်ငံတွေက ကတိကဝတ်ပြု သဘောတူခဲ့ကြပါတယ်။။ ပိုလန်-ဂျူး ရှေ့နေကြီး၊ ဥပဒေပညာရှင်ကြီး ရာဖေးလမ်ကင်ရဲ့ အဓိက ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ကမ္ဘာ့နိုင်ငံတွေရဲ့ ကတိပြု ဆောင်ရွက်ချက်တွေရဲ့အဆုံးမှာ ဂျီနိုဆိုက် နိုင်ငံတကာသဘောတူစာချုပ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈၊ ဒီဇင်ဘာ ၉ ရက်နေ့ ကုလအထွေထွေညီလာခံရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးမှာ တညီတညွတ်တည်း သဘောတူချမှတ် အတည်ပြုခဲ့ကြပါတယ်။

ဂျီနိုဆိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်

ဂျီနိုဆိုက်သဘောတူစာချုပ်ရဲ့ အပိုဒ် (၂) မှာ (Genocide) ဂျီနိုဆိုက်ကို အခုလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

“ယခု ဂျီနိုဆိုက်စာချုပ်အရ ဂျီနိုဆိုက် ဆိုသည်မှာ- နိုင်ငံသား၊ မျိုးနွယ်၊ လူမျိုး၊ ဘာသာရေး အုပ်စုများကို တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်ချက်နှင့် ကျူးလွန်သော အောက်ပါပြုလုပ်မှုများထဲက တခုခုကို ဆိုလိုသည်။

(က) အုပ်စုဝင်များကို သတ်ဖြတ်ခြင်း

(ခ) အုပ်စုဝင်များ၏ စိတ်ပိုင်း (သို့မဟုတ်) ရုပ်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ထိခိုက်စေခြင်း

(ဂ) တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးမှုများ ဖြစ်ပေါ်စေကာ အုပ်စုများ၏ ဘဝအခြေအနေများအပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခြင်း

(ဃ) အုပ်စုအတွင်း ကလေး​မွေးဖွားမှုများကို တားမြစ်ရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း

(င) အုပ်စုဝင်ကလေးများအား အခြားအုပ်စုတခုသို့ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း ဆိုပြီး  ဂျီနိုဆိုက် ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုကာ သတ်မှတ်ထားပါတယ်။

နိုင်ငံရေးအုပ်စုဝင်များ မပါဝင်

ဂျီနိုဆိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဂျီနိုဆိုက်ဆိုတာ ဒါတွေ၊ ဒါတွေပါလို့ ဖွင့်ဆိုသွားပါတယ်။ ဘယ်အုပ်စုဝင်တွေဆိုတာ ဖွင့်ဆိုသွားပါတယ်။ ဒါပေမဲ့  ထူးခြားတာကတော့ အဲဒီ ကြီးမားတဲ့ ဂျီနိုဆိုက်စာချုပ်မှာ political group လို့ခေါ်တဲ့ နိုင်ငံရေးအုပ်စုဝင်တွေ မပါဝင်ခြင်း၊ ထည့်သွင်းမထားခြင်းဘဲ ဖြစ်ပါတယ်။ လူမျိုး၊ မျိုးနွယ်၊ နိုင်ငံသား၊ ဘာသာရေး အုပ်စုဝင်တွေကို genecoide အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ထည့်သွင်းထားပေမဲ့ နိုင်ငံရေးယုံကြည်ချက် တခုတည်းကြောင့် အစုအပြုံလိုက် သတ်ဖြတ်ခံရသူတွေကိုတော့ ဂျီနိုဆိုက်အဖြစ် ထည့်သွင်းဖော်ပြထားခြင်း မတွေ့ရပါဘူး။ ဒီတော့ စာချုပ်ပါ ဖွင့်ဆိုထားတဲ့အတိုင်းဆိုရင် လူမျိုး‌တွေ၊ ဘာသာရေးအုပ်စုတွေ၊ မျိုးနွယ်တွေ စတာတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ရင် ဂျီနိုဆိုက်မြောက်ပြီး နိုင်ငံရေးယုံကြည်မှုကြောင့် လူဘယ်လောက်ပဲသေသေ၊ သတ်ခံရ သတ်ခံရ  ဂျီနိုဆိုက်မမြောက်ဘူး ဖြစ်နေပါတယ်။

ဂျီနိုဆိုက် ရာဇဝင်

တကယ်တော့ ၁၉၄၈ ဒီဇင်ဘာ ၉ ရက်မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဂျီနိုဆိုက် သဘောတူစာချုပ်မှာလည်း ရာဇဝင်လေးတွေ ရှိပါတယ်။ ၁၉၄၆ ဒီဇင်ဘာ ၁၁ ရက်မှာ ကုလ အထွေထွေညီလာခံ UNGA ဟာ ဂျီနိုဆိုက်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တခုကို ချမှတ်ခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ ဂျီနိုဆိုက် ဆိုတာကို ခုလို ဖွင့်ဆိုထားခဲ့ပါတယ်။

“ဂျီနိုဆိုက် ဆိုသည်မှာ လူသားအုပ်စုအားလုံး၏ ဖြစ်တည်မှုကို ငြင်းဆိုခြင်းဖြစ်သည်.... လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့် အခြားအုပ်စုဝင်များကို တစိတ်တပိုင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ ဖျက်ဆီးပစ်သော ထိုကဲ့သို့ ပြစ်မှုများမှာ သမိုင်းတလျှောက် ဖြစ်ပွားခဲ့ပြီး ဆက်လက်ဖြစ်ပွားနေတုန်းပဲ ဖြစ်သည်…”

အဓိကကတော့ အဲဒီတုန်းက အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ နိုင်ငံရေး political ဆိုတာ ပါတယ်။ ဒါပေမဲ့ ၁၉၄၈ ဒီဇင်ဘာ ၉ ရက်‌ သဘောတူစာချုပ်ကို ပြဋ္ဌာန်းလိုက်တဲ့အခါမှာတော့ စာချုပ်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်ကြရတော့တာပါပဲ။ ဆိုဗီယက် အမှူးပြုတဲ့ အုပ်စုက “political” ထည့်ထားတာကို လက်မခံပါဘူး။ နိုင်ငံရေးအုပ်စုတွေဟာ ဂျီနိုဆိုက် ဒုက္ခသည်တွေ မဟုတ်ဘူး။ ဂျီနိုဆိုက်ဆိုတဲ့ ဝေါဟာရဇာစ်မြစ်အတိုင်း အဓိပ္ပာယ်ဖွင့်သင့်ပါသတဲ့။ ဝေါဟာရဇာစ်မြစ်ဆိုတာက ဒီလိုပါ။

genocide ဆိုတာ ဂရိစကားလုံး Genosနဲ့ လာတင်စကားလုံး cide ဆိုတဲ့ နှစ်ခုကို ပေါင်းထားတာပါ။ ဒီတော့ genocide ဆိုတာ Genos(race,tribe)+cide(killing)=လူမျိုး (ဝါ) မျိုးနွယ်စုကို သတ်ဖြတ်ခြင်းပဲပေါ့။ ဒါကြောင့် ဆိုဗီယက်တို့အုပ်စုက လူမျိုးတို့၊ မျိုးနွယ်စုတို့ကို သတ်ဖြတ်မှ ဂျီနိုဆိုက်နဲ့ အကျုံးဝင်တယ်လို့ ဆိုပါတယ်၊။ တချို့ကလည်း နိုင်ငံရေးအုပ်စုဆိုတာ အသေမဟုတ်။ အမြဲတမ်း ပြောင်းလဲနေတယ်တဲ့။ တချို့ကလည်း စာချုပ်ထဲမှာ နိုင်ငံရေးအုပ်စု ဆိုတာ ထည့်လိုက်ရင် ပြည်တွင်းရေးကိစ္စမှာ ပြည်ပစွက်ဖက်မှု ပေါ်လာမှာစိုးတယ်။ အကျယ်အကျယ်နဲ့ နောက်ဆုံးကျ နိုင်ငံတကာပြဿနာ ဖြစ်လာမှာဆိုပြီး လက်မခံကြဘူး။ ဂျီနိုဆိုက် စာချုပ်ထဲမှာ “political group” ကို ထည့်ဖို့‌ ထောက်ခံတဲ့သူတွေကတော့ ဝေါဟာရတခုဆိုတာ အသေမဟုတ်။ အမြဲတမ်း ဖြစ်ပေါ်တိုးတက်နေတယ်။ ပြောင်းလဲနေတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဖျက်ဆီးခံရတယ် ဆိုတဲ့နေရာမှာ နိုင်ငံရေးအုပ်စုဝင်တွေပါ ထည့်သင့်ကြောင်း ကျိုးကြောင်းပြ ပြောဆိုကြပါတယ်။ ထောက်ခံသူတွေဟာ စီးပွားရေး အုပ်စုဝင်တွေကိုတောင် ထည့်ပေးဖို့ အဆိုပြုကြတယ်။ အဲဒီလို အချေအတင်ဆွေးနွေး ငြင်းကြခုံကြပြီးတဲ့နောက် ဂျီနိုဆိုက် စာချုပ်ကို အပြီးသတ် ချမှတ်လိုက်ပါတယ်။

အဲဒီ ဂျီနိုဆိုက်စာချုပ်မှာ “ဂျီနိုဆိုက် ဆိုသည်မှာ နိုင်ငံသား၊ လူမျိုး၊ လူမျိုးနွယ်နှင့် ဘာသာရေး အုပ်စုဝင်များကို အလုံးစုံဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ထိခိုက်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူး‌လွန်သော လုပ်ဆောင်မှုများ” ဆိုပြီး လက်ရှိ အားလုံးသိထားတဲ့ တည်ဆဲ ဂျီနိုဆိုက် စာချုပ်ထဲကအတိုင်း ဖွင့်ဆိုချက် ပေးလိုက်ပါတော့တယ်။

လက်ရှိမြန်မာပြည်

ဒီမိုကရေစီကို ဖျက်ဆီးပြီး အာဏာရှင်စနစ်ကို တည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖေဖော်ဝါရီ ၁၊ ၂၀၂၁ မှာ စစ်တပ်အမည်ခံ အဖွဲ့အစည်းဟာ မြန်မာနိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့ပါတယ်။ ပြည်သူ ရွေးကောက်တင်‌မြှောက်ထားတဲ့ အစိုးရကိုလည်း လက်နက်အားကိုးနဲ့ ဖြုတ်ချလိုက်ပါတယ်။ ဒါတင်မက အဲဒီလုပ်ရပ်ကို လက်မခံတဲ့၊ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတွေကိုလည်း အကြမ်းနည်းသုံးကာ ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ တရမန်းကြမ်း လုပ်ဆောင်လာပါတော့တယ်။ အဲဒီလို အကြမ်းဖက်နည်းနဲ့ လုပ်ဆောင်ချက်တွေကြောင့် လက်ရှိအချိန်မှာ ပစ်ခတ်သတ်ဖြတ်ခံရသူ အရေအတွက်ဟာ မတ်လ ၂၀ ရက် စာရင်းအရ ၃,၁၄၆ ဦး ရှိသွားပါပြီ။

ဒါဟာ ဂျီနိုဆိုက် သဘောတူစာချုပ်ပါ အပိုဒ် (၂)(က) အုပ်စုဝင်များကို သတ်ဖြတ်ခြင်းနဲ့ ကိုက်ညီနေပါတယ်။ အသတ်မခံရတဲ့လူတွေကိုလည်း ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်နေတာပါပဲ။ ယောက်ျားလေးလည်း ယောက်ျားလေးမို့ သူတို့ကို ဆန့်ကျင်ချင်ဦးဆိုကာ ထောင်ထဲမှာ ရိုက်နှက်၊ ကန်ကျောက်တာ၊ တခါတရံ သေနတ်နဲ့ ပစ်ခတ်တာ၊ လူ့ဂုဏ်သိက္ခာမဲ့စွာ ဆက်ဆံတာ။ မိန်းကလေးဆိုလည်း မိန်းကလေးမို့ လိင်ပိုင်းဆိုင်ရာ ‌ထိပါးတယ်၊ စော်ကားတယ်။ နှုတ်အားဖြင့်၊ ကာယအားဖြင့် ထောင်ထဲမှာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်နေပါတယ်။ အဆိုးဆုံးကတော့ အာဏာရှင်စနစ်ကို မကြိုက်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို နိုင်ငံတကာက ဝိုင်းဝန်းတားမြစ်နေတဲ့ ကြားကနေ ကြိုးပေးကွပ်မျက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာလည်း ဂျီနိုဆိုက် သဘောတူစာချုပ်ပါ အပိုဒ်(၂)(ခ) အရ ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်နာကျင်အောင် လုပ်တာပဲ မဟုတ်ပါလား။

ငါတို့ကို လက်မခံရမလား၊ ငါတို့ကို ဆန့်ကျင်ရမလားဆိုကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် လက်မခံတဲ့ ကျေးရွာတွေကိုလည်း မီးလောင်ပြာချပစ်ပါတယ်။ ဒေသခံတွေ ထွက်ပြေးရအောင် လုပ်ပါတယ်။ မိမိဒေသမှာ ပြန်လည်ခြေချလို့မရ၊ လုပ်ကိုင်စားသောက်လို့ မရဝောာ့တဲ့အထိ ဒီမိုကရေစီလိုလားသူ ပြည်သူ‌တွေဟာ ဖိနှိပ်ခံရပါတယ်။

Data For Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအနှံ့မှာ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ‌ဖေဖော်ဝါရီကစလို့ အခုချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ၁ ဒသမ ၃ သန်းကျော်လာပြီလို့ စစ်တမ်းကောက်ယူထားကြပါတယ်။

ဒါတွေဟာ ဂျီနိုဆိုက် သဘောတူစာချုပ်ပါ အပိုဒ်(၂)(ဂ) အရ အုပ်စုဝင်တွေရဲ့ ဘဝအခြေအနေတွေကို ပျက်စီးအောင်လုပ်တယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။

ဂျီနိုဆိုက်မမြောက်တဲ့ ဂျီနိုဆိုက်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာတွေက စိစစ်ကြည့်မယ်ဆိုရင် ဂျီနိုဆိုက်စာချုပ် အပိုဒ်(၂) ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဂျီနိုဆိုက် စာချုပ်အရ အကျုံးမဝင်ပါဘူး။ ဘာကြောင့်ပါလဲ။ အထက်မှာဆိုခဲ့သလို political group ဆိုတာကို ထည့်သွင်းမထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးအုပ်စုဆိုတာကို ဂျီနိုဆိုက် စာချုပ်ထဲမှာ ထည့်သွင်းမဖော်ပြခဲ့တဲ့အတွက်ကြောင့်  ကမ္ဘာမှာ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရပါတယ်။

၁၉၇၉ တုန်းက ကမ္ဘောဒီးယားမှာ လူတန်းစားမဲ့ လယ်ယာအဖွဲ့အစည်း တည်‌ထောင်မယ်ဆိုတဲ့ ခမာနီတွေဟာ သူတို့ မသင်္ကာတဲ့သူတွေ၊ သူတို့နဲ့ နိုင်ငံရေးရပ်တည်ချက် မတူညီတဲ့သူတွေကို သတ်ဖြတ်ခဲ့တာ ၁ ဒသမ ၅ သန်းနီးပါး ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဓနရှင်လူတန်းစား ဖောက်ပြန်တဲ့ လူတန်းစားဆိုပြီး သတ်မှတ်ခံထားရတဲ့ သာမန်ပြည်သူတွေ၊ အသိပညာ အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေ ပါဝင်ခဲ့ကြပါတယ်။ ထိုနည်းလည်းကောင်း မော်စီတုန်းရဲ့ ယဉ်ကျေးမှုတော်လှန်ရေးမှာလည်း နိုင်ငံရေးအယူဝါဒပေါ် အခြေပြုပြီး သုတ်သင်ရှင်းလင်းခံရသူတွေ မနည်းပါဘူး။

ဟုတ်ပါတယ်။ ဒီလို ရှင်းလင်းခံရ သတ်ဖြတ်ခံရသူတွေဟာ  နိုင်ငံရေးအုပ်စု political group ကို ထည့်သွင်းမထားတဲ့ ဂျီနိုဆိုက်စာချုပ်အရဆိုရင် ဂျီနိုဆိုက်မှု မမြောက်ပါဘူး။ ဒါပေမဲ့ သတ်ခံရသူတွေကဝော့ာ သန်းပေါင်းများစွာပါ။ ဂျီနိုဆိုက်မမြောက်တဲ့ ဂျီနိုဆိုက်တွေလို့ အမည်ပေးမယ်ဆိုရင် မှားမည်မထင်ပါ။

နွေဦးဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024