Home
ဆောင်းပါး
ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာနဲ့ ကင်းကွာနေမလို့လား လေဒီတို့
DVB
·
March 24, 2023

ဒစ်ဂျစ်တယ်ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ မစိမ်းပေမယ့် ဒီနယ်ပယ်နဲ့ ထဲထဲဝင်ဝင် ရင်းနှီးကျွမ်းဝင်သူတွေကတော့ အမျိုးသားတွေပါ။ လေဒီလေးတွေက ဖုန်းဆိုရင် ဆက်သွယ်စကားပြောဖို့ ဆိုတာအတွက်ပဲ အသုံးများကြပါတယ်။ ဒါက အရင်ခေတ် ကြိုးဖုန်းတွေ၊ keypads တွေ သုံးတုန်းကတော့ ပြောစရာ မဟုတ်ပေမယ့် ဒီဘက်ခေတ်မှာတော့ စမတ်ခ်ဖုန်းတွေက နည်းပညာအသစ်သစ်တွေနဲ့ ဘက်စုံသုံးလို့ရအောင် ကြိုးပမ်း လုပ်ဆောင်လာချိန်မှာတော့ ဒါက ပြောစရာ နည်းနည်း ရှိလာပါပြီ။

အထူးသဖြင့် ကျွန်မတို့ရဲ့ မေမေတွေပေါ့။ မေမေတွေက မြန်မာအမျိုးသမီး သိပ်ပီသကြသူတွေပါ။ အိမ်ထောင်မှု တာဝန် သားသမီးတာဝန်တွေကို မလစ်ဟင်းရလေအောင် တာဝန်ယူရင်း ဒစ်ဂျစ်တယ်ခေတ်ရဲ့ နည်းပညာတွေနဲ့ ကင်းကင်းကွာကွာ နေထိုင်နေကြပါတယ်။ တကယ်ကတော့ ဒါကမဖြစ်သင့်ပါဘူး။ အခုခေတ် နောက်ပိုင်းမှာ နည်းပညာနဲ့ နီးစပ်မှုက ကျား/မ ကွာဟချက် နည်းပါးလာပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအကွာလောက်က မွေးဖွားသူတွေထဲမှာတော့ ယနေ့ခေတ် နည်းပညာတွေနဲ့ ကင်းကွာနေတဲ့ အမျိုးသမီးတွေ တော်တော်များများ ရှိနေပါတယ်။

‘ဒီတော့ မေးချင်တာက ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာနဲ့ ကင်းကွာနေမလို့လား လေဒီတို့ လို့ပါ’

တကယ်ကတော့ နည်းပညာတွေက လူတွေကို သက်သာအောင် လုပ်ဆောင်ပေးနေတာပါ။ ဒီနေ့ခေတ်မှာ အင်တာနက်နဲ့ စမတ်ခ်ဖုန်းတွေ၊ လက်ပ်တော့တွေကို အသုံးပြုရင်း တရားဓမ္မကို ရှာမှီးနိုင်သလို သားသားမီးမီးတို့အတွက် ပညာရေး၊ ချစ်ရတဲ့ အိမ်သူအိမ်သားတွေနဲ့ ကိုယ်တိုင်အတွက် ကျန်းမာရေးဗဟုသုတ၊ အလှအပရေးရာ၊ အာဟာရပြည့်ဝတဲ့ ဟင်းချက်နည်း အဖြာဖြာတွေကို နေအိမ်ကမခွာ ထိုင်ရာကမထ နားနားနေနေ နေရင်းက လေ့လာလို့ ရနေပါပြီ။

အရေးကြီးတာလေးတစ်ခုက နည်းပညာနဲ့ ကင်းကွာမနေဘဲ နည်းပညာကို လက်ပွန်းတတီးရှိနေအောင် လုပ်ဆောင်ဖို့ပါပဲ။ တကယ်ကတော့ မေမေဆိုတာ သားသမီးတွေအတွက် လမ်းပြပေးသူဖြစ်သလို တစ်အိမ်လုံးအတွက် ပဲ့ကိုင်ရှင်ပါပဲ။

သားသားမီးမီးတို့တွေလည်း ဒီဘက်ခေတ် အထူးသဖြင့် ကိုဗစ်နောက်ပိုင်းမှာ ဒစ်ဂျစ်တယ် နည်းပညာတွေကို သုံးရင်း ပညာသင်ယူမှုတွေကို လုပ်ဆောင်လာရတယ်လေ။ zoom လေးနဲ့ သင်တန်းတက်တာ၊ you tube ကနေ ပြင်ပဗဟုသုတကို လေ့လာတာတွေ လုပ်ဆောင်ဖို့ မေမေကိုယ်တိုင်က လမ်းပြပေးနိုင်တော့ ကောင်းတာပေါ့။

ကလေးကို မှန်ကန်တဲ့ လေ့လာသင်ယူမှုတွေ ရရှိစေဖို့အတွက် မေမေကိုယ်တိုင်က နည်းပညာတွေကို သိရှိ ကြီးကြပ်နိုင်တော့ ကောင်းတာပေါ့။

မေမေတွေဆိုလို့ လေဒီလေးတွေ အထူးသဖြင့် လက်ရှိမှာ တစ်ကိုယ်တည်း ရှိနေတဲ့ လေဒီလေးတွေက ငါကတော့ ကလေးမရှိလို့ ငါနဲ့ မဆိုင်ပါဘူးလေလို့ မတွေးလိုက်ပါနဲ့နော်။

ဆက်လက်ဖတ်ရှုမည်။

တစ်ချိန်မှာ အိမ်ထောင်ရက်သားကျလို့ မေမေတွေ ဖြစ်လာနိုင်သလို မွေးချင်းတွေထဲက အိမ်ထောင်ကျ မောင်နှမတွေရဲ့ မွေးဖွားလာတဲ့ တူလေး တူမလေးတွေကို သေချာ သင်ကြားပေးနိုင်ဖို့ မေမေရေလို့ ခေါ်ပြီး အားတကိုးကြီး မေးလာမယ့် သားသားမီးမီးလေးတွေနဲ့ တီတီရေလို့ ခေါ်ပြီး အားကိုးတကြီး မေးလာမယ့် တူတူမလေးတွေရဲ့ ဒစ်ဂျစ်တယ်ခေတ် မေးခွန်းလေးတွေကို အဖြေပေးနိုင်ပြီး လေးစားဖွယ်ရာ တီတီလေးတွေဖြစ်ဖို့ နည်းပညာကို မကင်းကွာဘဲ အခုကတည်းက လေ့လာထားတာ ကောင်းပါတယ်။

နည်းပညာက အသုံးချတတ်ရင် အသိပညာတွေ အများကြီးကို ပေးနိုင်ပါတယ်။ ဒါကြောင့် နည်းပညာနဲ့ ကင်းကွာမနေဘဲ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုရှိပြီး နည်းပညာနဲ့ ရင်းနှီး ကျွမ်းဝင်သူ ဖြစ်အောင် ကိုယ်တိုင်ကို ပျိုးထောင်လို့ နည်းပညာရင်းနှီးမှု ကျား/မ ကွာဟချက်ကို ကျဉ်းနိုင်သမျှ ကျဉ်းလိုက်ကြစို့နော်။နည်းပညာနဲ့ ပတ်သက်လို့ သိချင်တာရှိလာချိန်မှာ ကိုယ်တိုင်ဖြေရှင်းမလား! လက်ပ်တော့လေး စမတ်ခ်ဖုန်းလေး ကိုင်ပြီး ဖြေရှင်းပေးမယ့် အမျိုးသားတစ်ဦးဦးကို စောင့်နေမလား! ကိုယ်တွေကတော့ ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ နည်းပညာနဲ့ မကင်းကွာတဲ့ ဒစ်ဂျစ်တယ်ခေတ် လေဒီလေးပဲ ဖြစ်စေချင်ပါတယ်။

နည်းပညာက ကြောက်စရာ မဟုတ်ပါ

မေမေတို့ကိုလည်း ဒီနေရာကနေ ပြောပြချင်တာလေး တစ်ခုက ကိုယ်တိုင်နဲ့ ချစ်ရတဲ့သူတွေကို ကျန်းမာရေးအစ အရာရာကို ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းကောင်းလေး တွေကို နည်းပညာအသုံးပြုရင်း ရှာဖွေနိုင်တယ်ဆိုတော့ နည်းပညာနဲ့ မကင်းကွာကြပါနဲ့လို့ ပြောချင်ပါတယ်နော်။

လက်ထဲက ဖုန်းလေးကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် စပြီး လေ့လာလိုက်ပါတော့နော်။ လေ့လာမှုတိုင်းက နောက်မကျပါဘူး။ အရွယ်အကန့်အသတ် မရှိပါဘူးနော်။ မေမေတို့ရေ …………

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024