
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ လူနေမှုဘဝလုံခြုံမှုမရှိတော့လို့ ရန်ကုန်မြို့မှာ အငှားယာဉ် (တက္ကစီ) စီးနင်းတဲ့ အမျိုးသမီးတွေအနေနဲ့ လုံခြုံရေးသတိထားပြီး စီးနင်းနေရတယ်လို့ မြိုခံအမျိုးသမီးတွေက ပြောပါတယ်။
ရန်ကုန်မြို့လို လူဦးရေထူထပ်တဲ့ နေရာမျိုးမှာ အမျိုးသမီးတွေအနေနဲ့ အလုပ်လုပ်ကိုင်ရတာ လုံခြုံမှုမရှိဖြစ်နေပြီး အလုပ်ကိစ္စတွေနဲ့ မြို့အစွန်အဖျားကို တက္ကစီနဲ့ သွားရတဲ့အခါ ပိုပြီး သတိထားနေရတယ်လို့ ခရီးသွားအမျိုးသမီးတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက် ညနေပိုင်း စော်ဘွားကြီးကုန်းကနေ ထောက်ကြန့်လမ်းဆုံ အထိ လက်တားတက္ကစီကို ငှားစီးခဲ့တဲ့ အမျိုးသမီးတဦးကို ကားသမားက ပုဂ္ဂိုလ်ရေးမေးခွန်းတွေ မေးမြန်းပြီး အရက်သောက်မောင်းနှင်နေသလို နောက်ထပ် အမျိုးသားအဖော်တဦးကိုလည်း ကားသမားကလမ်းမှာဝင်ခေါ်တာကြောင့် ကားကိုရပ်ပေးဖို့ ပြောပေမဲ့ မရပ်ပေးတဲ့အတွက် ကားပေါ်ကနေ ခုန်ဆင်းခဲ့ရတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ ခရီးသည်အမျိုးသမီးက ပြောပါတယ်။
“လမ်းခရီးမှာလည်း အငှားယာဉ်မောင်းက အိမ်ပြန်တာလား၊ တယောက်တည်းလားဆိုတဲ့ ရိသဲ့သဲ့စကားတွေပြောပြီး ယာဉ်မောင်းနေရင်း ဘီယာသောက်တာလည်း တွေ့သလို လမ်းကြုံ ခရီးသည် အမျိုးသမီးတယောက်ကို ဝင်ခေါ်မယ်ပြောပြီး ကားပေါ်တက်လာတော့ အမျိုးသားတဦး ဖြစ်နေတာ။ စိတ်ထဲ သိပ်အဆင်မပြေတော့တာနဲ့ အနီးဆုံး ကားမှတ်တိုင်မှာပဲ ရပ်ပေးဖို့ပြောလိုက်တာ ကားမှတ်တိုင်မှာ ရပ်ပေးဖို့ ထပ်ပြောပေမဲ့ မရပ်ပေးဘဲ ဆက်မောင်းနေတာ။ ကားပေါ်မှာ လမ်းကြုံတက်လာတဲ့ အမျိုးသားကလည်း နောက် ၁၀ မိနစ်နေရင် ရောက်မှာမို့လို့ အဆင်သင့်ပြင်ထားဖို့ ဖုန်းနဲ့ လှမ်းပြောသံကို ကြားလိုက်တယ်။ ဒါကြောင့် ကားအရှိန်လျော့လာချိန်မှာ တံခါးဖွင့်ပြီး ခုန်ချခဲ့တာ။ အခုလို ကားတံခါးဖွင့်ပြီး ခုန်ချလိုက်တဲ့အတွက် ဒူးတွေလည်းကွဲ၊ လက်တွေလည်း ပွန်းကုန်၊ ယာဉ်မောင်းက ကားပေါ်ကဆင်းလာပြီး ဆဲတာ။ ကားပေါ်ပြန်တက်ဖို့ ဆွဲတင်မယ်လုပ်တော့ ကျမလက်ထဲက ရေသန့်ဘူးနဲ့ ပေါက်လိုက်တယ်။ အဲဒါကို ကားသမား ပြန်ရိုက်ဖို့လုပ်တယ်။ လမ်းကြုံပါလာတဲ့သူက ဆင်းလာပြီး ပြဿနာတက်မယ်၊ နောက်မှာ လူတွေလာနေတယ် ဆိုပြီး ဆွဲခေါ်သွားတယ်။”
အခုလိုဖြစ်စဉ်မျိုးတွေဟာ ရန်ကုန်မှာ မကြာခဏ ကြုံတွေ့ ကြားသိနေရပြီး အခုအခြေနေထက် ဆိုးဝါးတာက တက္ကစီငှားစီးရင်း ယာဉ်မောင်းက ခရီးသည်အမျိုးသမီးကို အဓမ္မကျင့်ပြီး သတ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။
ရန်ကုန်မြို့က ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးက “အခုလိုကာလမှာ တက္ကစီစီးတိုင်း ပိုပြီးသတိထားတယ်။ အထူးသဖြင့် ပုံမှန်ထက် စျေးအရမ်းလျှော့ပေးနေရင် မလိုက်ဘူး၊ ကားပေါ်မှာ အဖော်ပါနေရင် မစီးဘူး။ သွားနေကျ လမ်းကြောင်း မဟုတ်ဘဲ တခြားလမ်းကြောင်းက မောင်းနေရင် သူငယ်ချင်းကိုဖုန်းခေါ်ပြီး စကားပြောနေတာမျိုးတွေ လုပ်တယ်” လို့ပြောပါတယ်။
အခုလိုဖြစ်စဉ်မျိုးတွေကြောင့် သမားရိုးကျ အငှားယာဉ်မောင်းနှင်တဲ့သူတွေပါ ထိခိုက်နေပြီး အမျိုးသမီးတွေအနေနဲ့ အငှားယာဉ်စီးတဲ့အခါမှာ ငွေပိုပေးရပေမဲ့ စိတ်ချရတဲ့ Grab လို မှတ်ပုံတင်ထားတဲ့ တက္ကစီတွေကိုသာ စီးနင်းဖို့နဲ့ အရေးပေါ်အခြေအနေကြောင့် လက်တားစီးရမယ်ဆိုရင်လည်း သေသေချာချာ စိစစ်ပြီးမှ စီးသင့်တယ်လို့ အငှားယာဉ်မောင်းနှင်သူတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ကြီးတွေ အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားများမှာ ရာဇဝတ်မှုတွေအပြင် ဓားပြတိုက်မှု၊ အနုကြမ်းစီးမှုတွေအထိပါ ထိရောက်တဲ့ အရေးယူမှုတွေလည်း မရှိတာကြောင့် လုံခြုံမှုမရှိတဲ့ အခြေအနေကို ပြည်သူလူထု ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
မတ်လ ၁၂ ရက်ညပိုင်းကလည်း တက္ကစီ ငှားစီးတဲ့ ခရီးသည် အမျိုးသားတဦးကို တက္ကစီသမားက သတ်ပြီး ငွေတွေလုယူကာ တာမွေမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံဟစ်တိုင်ရှေ့မှာ အလောင်းကို လာပစ်သွားခဲ့ပါတယ်။
အလားတူ တက္ကစီယာဉ်မောင်းတွေကို ခရီးသည်ဟန်ဆောင်ပြီး ဓားထောက်ငွေလုတာ၊ အုပ်စုဖွဲ့ရိုက်နှက်ပြီး ကားကိုလုယူတာတွေလည်းရှိခဲ့ပြီး လုယက်မှု ကျူးလွန်သူတွေကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး