Home
မြန်မာသတင်း
ရန်ကုန်တွင် တရားမဝင် အောက်ဆိုဒ်ကားများပိုများလာပြီး အပြိုင်အဆိုင်မောင်းနေ
DVB
·
March 22, 2023

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ဘတ်စ်ကားတွေလုံလောက်အောင် အချိန်ပြည့် မပြေးဆွဲနိုင်တာကြောင့်  တရားမဝင် ခရီးသည်တင်ယာဉ်တင်တဲ့ အောက်ဆိုက်ကားတွေ ပိုများလာပြီး  ယာဉ်စီးခပိုပေးပြီး စီးနင်းနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်တွေဟာ CNG ရှားပါးမှုနဲ့ ဓာတ်ငွေ့ဖြည့်တဲ့ဆိုင်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတဲ့အတွက် YBS တွေ အချိန်မီမထွက်နိုင်ဘဲ နေ့စဉ်သွားလာနေရတဲ့ ရန်ကုန်မြို့ကပြည်သူတွေ ကားမှတ်တိုင်တွေမှာ ကားလာဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

အောက်ဆိုက်ဒ်ကားယာဉ်စီးခနှုန်းထားက YBS  ဘတ်စ်ကားဈေးနှုန်းထက် များပြီး နေရာအကွာအဝေးပေါ် မူတည်ကာ ကားခ ကျပ် ၄၀၀ ကနေ ၅၀၀ ကြားပေးရတယ်လို့ ခရီးသည်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အောက်ဆိုက်ဒ်ကားတွေကလည်း တစီးနဲ့တစီး ပြိုင်မောင်းနေတဲ့အတွက် ခရီးသည်တွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိတာကြောင့် နောက်ပိုင်းမှာတော့ ဘယ်လောက်အရေး ကြီးကြီး အောက်ဆိုက်ဒ်ကားကို မစီးဖြစ်တော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီလက်ထက်မှာ YBS ယာဉ်တွေ နည်းပါးလာပြီး အလုပ်ဆင်းချိန်ကျရင် အိမ်ကို စောစောပြန်ချင်တာအပြင် ကားပေါ်မှာလည်း ထိုင်ခုံနေရာ မလုချင်တာကြောင့် အများစုက အောက်ဆိုက်ဒ်ကားကို ရွေးချယ်စီးလာကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာ တရားမဝင်ပြေးဆွဲနေတဲ့ အောက်ဆိုက်ဒ်ကားတွေကို မောင်းနှင်သူတွေက ကားပိုင်ရှင်တွေဆီက ငှားရမ်းတဲ့အခါမှာ ကားအမျိုးအစားပေါ်မူတည်ပြီး အကြမ်းဖျဉ်းဈေးနှုန်းအနေနဲ့ ပြင်ဆင်စရိတ်အပြီးစီးကျပ်  ၆ သိန်းနဲ့ ငှားရမ်းရပြီး ငှားရမ်းမောင်းနှင်သူက ပြင်ဆင်ရမယ်ဆို တလကို ကျပ်  ၃ သိန်းခွဲနဲ့ ငှားရမ်းမောင်းနေကြတာလို့ အောက်ဆိုက်ဒ်ကား မောင်းနှင်သူတယောက်က ပြောပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာတော့ အောက်ဆိုက်ဒ်ကားယာဉ်လိုင်းတွေကို အုပ်စုဖွဲ့ လူမိုက်တချို့က ထိန်းချုပ်ထားပြီး အောက်ဆိုက်ဒ်ကားတွေ ရဲဖမ်းခံရရင် ၂ သိန်းလောက်နဲ့ မြို့နယ်လူမိုက်တွေက ပြန်လည်ရွေးပေးပါတယ်။ 

မြို့နယ်တခုမှာဆိုရင် အောက်ဆိုက်ဒ်ကား အစီးရေ ၇၀-၈၀ ရှိပြီး အဆိုပါ အုပ်စုဖွဲ့လူမိုက်တွေရဲ့ ဝင်ငွေက တလကို သိန်း ၅၀ နဲ့ ၆၀ ကြားထဲ ရနေတယ်လို့ ရန်ကုန်မြို့မှ YBS ယာဉ်မောင်းတဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီအောက်ဆိုက်ဒ်ကားတွေနဲ့ YBS ကားတွေ ပြဿနာတက်တာမျိုး၊ တခြားကားတွေနဲ့ ပြဿနာတက်တဲ့အခါမျိုးတွေမှာလည်း အောက်ဆိုက်ဒ်ကားတွေဆီကနေ လိုင်းကြေးယူထားတဲ့ လူမိုက်အဖွဲ့တွေက တခြားကားတွေကို အုပ်စုလိုက် ရန်ရှာတာမျိုး၊ YBS ယာဉ်လိုင်းတွေ အနေနဲ့လည်း ညမိုးချုပ်ထိ ကားပြေးဆွဲနေသေးရင် ပြဿနာရှာတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

တရားမဝင် ပြေးဆွဲနေတဲ့ အောက်ဆိုက်ဒ်ကား မောင်းနှင်တဲ့သူ အများစုဟာ လိုင်စင်မရှိတာများပြီး ညဉ့်နက်သန်းခေါင်တွေမှာ တခြားရွေးချယ်စရာ မရှိတာကြောင့် ခရီးသွားပြည်သူတွေဟာ အောက်ဆိုက်ဒ်ကားတွေကိုပဲ စီးနေကြရတယ်လို့  ရှိနေတာလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ကလည်း တရားမဝင် အောက်ဆိုက်ဒ်ကား ပြဿနာတွေကို စနစ်တကျ ကိုင်တွယ် အရေးယူဖြေရှင်းတာမျိုး အခုချိန်ထိ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024