Home
ဆောင်းပါး
စစ်ဓားပြတို့ လုယက်ခိုးယူထားတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့
DVB
·
March 21, 2023

မကြာခင်ကျရောက်လာမယ့် မတ်လ ၂၇ ရက်နေ့ဟာ စစ်ဓားပြတပ်က တပ်မတော်နေ့အဖြစ် လုယက်ခိုးယူထားတဲ့ အများပြည်သူပိုင် ၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်‌ရေးနေ့ ဖြစ်ပါတယ်။ နိုင်ငံနဲ့ပြည်သူကို လူမဆန်စွာ ဖိနှိပ်ညှဉ်းပန်းအုပ်စိုးနေတဲ့ ဖက်ဆစ်ဂျပန်တွေကို လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်ဖွဲ့တွေ၊ ကွန်မြူနစ်-ဆိုရှယ်လစ် ပါတီတွေ၊ တခြားနိုင်ငံရေးအင်အားစုတွေနဲ့ လယ်သမားတွေ တိုင်းရင်းသားပြည်သူ အလွှာအသီးသီး ပါဝင်ပြီး ညီညာစွာ စုပေါင်းတော်လှန်ခဲ့တာ ဖြစ်ပါတယ်။ ဖက်ဆစ်ဂျပန်ကို သုတ်သင်တဲ့နေရာမှာ နာမည်ကြီးလာတဲ့ ပဲခူးရိုးမတလျှောက်က တိုက်ပွဲတွေဆိုရင် လယ်သမားတပ်သားတွေက ဂျပန်ကို ချေမှုန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံရဲ့ အိမ်ဦးခန်းကို ကျက်သရေမဲ့စွာ လုယက်မောင်ပိုင်စီးထားတဲ့ အာဏာရူး စစ်ဓားပြတပ်ဟာ မျိုးရိုးဗီဇ DNA မှာ ဖက်ဆစ်သန္ဓေနဲ့ ခိုးဆိုးစရိုက်က မွေးရာပါလာခဲ့တာမို့ ပြည်သူအလိုမတူဘဲ တိုင်းပြည်အာဏာကို အကြိမ်ကြိမ် လုယက်ယူခဲ့ရုံတင် မကပါဘူး၊ ပြည်သူလူထုတရပ်လုံးနဲ့ဆိုင်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အပါအဝင် နိုင်ငံပိုင်အရာ အားလုံးကို လုယက်သိမ်းပိုက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ တွင်းထွက်သယံဇာတတွေလည်း လုယက်၊ ပြည်သူ့ဘဏ္ဍာတွေလည်း ခိုးဝှက်၊ တိုင်းသူပြည်သားတွေရဲ့ မြေယာတွေလည်း အဓမ္မသိမ်းပိုက်၊ နိုင်ငံရဲ့ ရေမြေတောတောင်ကနေ အချုပ်အခြာအာဏာအဆုံးအရာအားလုံးကို လုယက်ဓားပြတိုက်ခဲ့ကြတာ သူခိုးဓားပြ စစ်စောရများပဲ ဖြစ်ကြပါတယ်။

သူတို့ဟာ တိုင်းပြည်ရဲ့ ဖြစ်ရပ်အမှန်တွေကို ဖုံးကွယ်ဖျောက်ဖျက်ပြီး နိုင်ငံရဲ့ သမိုင်းမှတ်တမ်းတွေလည်း လုယက်ခဲ့တယ်။ နိုင်ငံရဲ့အလံကိုလည်း လုယက်ခဲ့သလို နိုင်ငံရဲ့အမည်ကိုလည်း လုယက်ခဲ့တယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုရဲ့ ဆန္ဒမဲ အဆုံးအဖြတ်၊ ရည်မှန်းချက် အိပ်မက်တွေလည်း လုယက်ခဲ့ကြတယ်။ အဆိုးဆုံးကတော့ နိုင်ငံရဲ့ရင်နှစ်သည်းခြာ လူငယ်လူရွယ်တွေရဲ့ အနာဂတ်ကို လုယက်ဖျက်ဆီးခဲ့ကြတာပဲ ဖြစ်တယ်။

ကဲ အခုဆောင်းပါးအစပိုင်းမှာ ရေးခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့အကြောင်း ပြန်ကောက်ရအောင်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်တုန်းက မြန်မာပြည်သူလူထုကို လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖက်ဆစ်ဂျပန်တွေကို နိုင်ငံတဝန်းလုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ တိုင်းရင်းသား ပြည်သူလူထု လက်တွဲလို့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ  ညီညီညွတ်ညွတ် တော်လှန်မောင်းထုတ်ခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ ရဲရင့်ပြောင်မြောက်တဲ့ သမိုင်းကြောင်းနဲ့ နေ့ရက်ကို ဂုဏ်ပြုသတ်မှတ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။

အဲ့ဒါကို ပြည်သူကို ဗဟိုမပြုတဲ့ စစ်ဗိုလ်တသိုက်ဖြစ်တဲ့ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့က ဗိုလ်နေဝင်းကို တပ်တွင်းဆိုရှယ်လစ်ခေါင်းဆောင်အဖြစ် တင်ပြီး တပ်မတော်ကို လွှမ်းမိုးလာတဲ့ ကာလ ၁၉၅၄ ခုနှစ်မှာ ပြည်သူလူထုရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို “တပ်မတော်နေ့” လို့ အမည်ပြောင်းခဲ့ကြတယ်ဆိုတဲ့ အကြောင်းကို ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောရဲ့ “၂၀၀၃ ခုနှစ်၊ မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အထိမ်းအမှတ် ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းခန်း” ကတဆင့် ကြားနာခဲ့ရဖူးပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ သမိုင်းဝင်နေ့ကို စစ်အာဏာရှင် အခွင့်ထူးခံအုပ်စုက မူရင်းပိုင်ရှင် ပြည်သူတွေထံက လုယက် မောင်ပိုင်စီးခဲ့ကြတာဖြစ်တာမို့ တော်လှန်‌ရေးရဲ့ အဓိပ္ပာယ် အစစ်အမှန်ကိုလည်း သွေဖည်စေပါတယ်။ ဒီလို မိုက်မဲစွာ လုယက် အမည်ပြောင်းမှုဟာ ပြည်သူနဲ့ စစ်တပ်ကို သွေးခွဲလိုက်တာဖြစ်ပြီး လူထုနဲ့ အာဏာရှင် ခါးပိုက်‌ဆောင်တပ်ဟာ ကင်းကွာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူနဲ့ တပ်မတော်ကြား စိတ်ဝမ်းကွဲအောင်လုပ်နေတာ ပြည်သူလူထုမဟုတ်ဘူး။ ကျမတို့ နိုင်ငံရေးလုပ်တဲ့သူတွေလည်း မဟုတ်ဘူး။ တပ်မတော်ကို ကိုယ်ကျိုးအတွက် အသုံးချချင်တဲ့လူများက လုပ်နေတာ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

တကယ်တမ်းသာ အာဏာရှင် စစ်ဗိုလ်ချုပ်တွေ ရိုးသားကြမယ်၊ အသိဉာဏ်ရှိမယ်ဆိုရင် တပ်မတော်ကို ဂုဏ်ပြုဖို့ “တပ်မတော်နေ့” ရယ်လို့ သတ်မှတ်ချင်ရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့တဲ့နေ့ဖြစ်တဲ့ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့ပဲ ဖြစ်သင့်တယ်လို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက အကြံပြုထားခဲ့ဖူးပြီးသား ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စရိုက်သဘာဝ ဗီဇသ‌န္ဓေစိတ်ကကို ခိုးဆိုးဓားပြလုယက်လိုတဲ့ စိတ်ယုတ်မာရှိတဲ့ စစ်အာဏာရှင်‌တွေဟာ အမှားပြင်ဖို့ မကြိုးစားဘဲ ခေတ်အဆက်ဆက်မှာ နိုင်ငံပိုင်၊ ပြည်သူပိုင် အရာတွေ အားလုံးကို လုယက်ခိုးယူပြီး မသန့်ရှင်းတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ မိုက်မဲစွာ တဒင်္ဂ ချမ်းသာခွင့်ကိုသာ ကြည့်တတ်မြင်တတ်ပြီး အတောမသတ် နှစ်ပေါင်း ၇၅ နှစ်တိုင် ဆင်ခြင်တုံတရား ကင်းမဲ့စွာ အမှားပြီးအမှားဆင့်လို့ ကျူးလွန်နေကြတာပဲ ဖြစ်ပါတယ်။

အခုလာမယ့် မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ၇၈ နှစ်မြောက် ဖက်ဆစ်တော်လှန်‌ရေးနေ့ကို တပ်မတော်နေ့အဖြစ် ဆက်လက်လုယက်ကျင်းပဖို့ လူအင်အား အလဟဿဖြုန်းတီးဖို့၊ တိုင်းပြည်ဘဏ္ဍာတွေ ဖြုန်းတီးဖို့ ပြင်ဆင်လာပြန်ပါပြီ။ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မှာ မတ်လ ၁၅ ရက်နေ့က စစ်ဓားပြတပ်ရဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတွေက အမှတ် ၁ အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန မွန်းတည့် ၁၂ နာရီ စာမေးပွဲဖြေဆိုပြီးချိန်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ နယ်မြေခံတပ်ရင်းနဲ့ ပြည်သူတွေကို ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြောင်း ဒီဗွီဘီသတင်းမှာ ဖတ်ခဲ့ရပါတယ်။ 

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ခေတ်စနစ်ပြောင်းဖို့ လုပ်ဆောင်ကြရာမှာ တော်လှန်‌ရေးဆိုတာ တစုတဖွဲ့တည်း လုပ်ဆောင်လို့မရပါဘူး။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လူတန်းစား အလွှာအသီးသီးက တိုင်းရင်းသားပြည်သူအားလုံး ကျရာအခန်းကနေ ပါဝင်ဆင်နွှဲမှသာ တော်လှန်‌ရေးအောင်ပွဲခံကြရတာ ဖြစ်ပါတယ်။ အခုလို အများပြည်သူ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ သမိုင်းဝင် ဖက်ဆစ်တော်လှန်‌ရေးနေ့ကို စစ်အာဏာရှင် အခွင့်ထူးခံလူတစုက လုယက်ခိုးယူ မောင်ပိုင်းစီးထားတာဟာ အရှက်သိက္ခာမဲ့တဲ့လုပ်ရပ်သာ ဖြစ်ပါတယ်။

ဒီကနေ့ မြန်မာပြည်သူလူထုဟာ သူခိုးဓားပြဗီဇဆိုးနဲ့ စစ်အာဏာရှင်တစု လုယူ လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံတော်အာဏာ၊ တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူ့မြေယာ၊ သယံဇာတ၊ လူထုမဲဆန္ဒ အဆုံးအဖြတ်၊ ဖက်ဒရယ်ဒီမိုက‌ရေစီ ရည်မှန်းချက်၊ သမိုင်းအစဉ်အလာကြီးမားတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အပါအဝင် အရာအားလုံးကို ပြန်လည်သိမ်းပိုက်ရယူဖို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ နိုင်ရာဝန်ထမ်းလို့ ပါဝင်နေကြတာမို့ နိုင်ငံသူ နိုင်ငံသား အများစုရဲ့ ကျောခိုင်းစွန့်ပစ်တာခံရတဲ့ စစ်ဓားပြတပ်ဟာ လွင်တီးခေါင်မှာ လောင်ကျွမ်းနေတဲ့ အမှိုက်ပုံမီးလိုပဲ၊ သူတို့အုပ်စုကို လက်ရှိ အလုပ်အကျွေးပြုနေကြတဲ့ လူမိုက်လူ့အန္ဓ စစ်သား ရဲသား လောင်စာအမှိုက်ကုန်ရင် နောက်ထပ် တပ်သားသစ် လူမိုက်သစ် အမှိုက်သစ် မရနိုင်‌တော့တာမို့ လောင်စာကုန် ပြာပုံပဲကျန်မယ့် စစ်အမှိုက်ပုံမီးဟောင်းကြီးသာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024