Home
ဆောင်းပါး
နိုင်ငံတကာမှ အာရုံစိုက်စရာ ဖြစ်လာသော စစ်တပ်၏ ရှုံးမဲ မဲလာသော လုပ်ရပ်
DVB
·
March 20, 2023

ပြီးခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် မြန်မာနိုင်ငံတွင်း အခြေအနေများ အလွန်အမင်း ဆိုးရွားလာနေပြီဆိုသည့် အကြောင်းအား အတွင်းရေးမှူးချုပ်၏ အထူးသံတမန် ဖြစ်သူ မစ္စစ်နိုလင်းဟေဇာက အသေးစိတ် အစီရင်ခံပြီးနောက်တွင် နိုင်ငံတကာမှ အထူးအာရုံစိုက်စရာအဖြစ်သို့ တမုဟုတ်ချင်း ရောက်ရှိလာနေပြီဖြစ်သည်။

အထွေထွေညီလာခံသည် မြန်မာနိုင်ငံတွင်း အခြေအနေများကို ဆန်းစစ်ကြားနာနိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း နန်းနိန့် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ဖြစ်ပွားခဲ့သည့် ဓာတ်ပုံများအား အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြသခဲ့ပြီး ယင်းလုပ်ရပ်များသည် လူ့အခွင့်အရေး ချိုးဖောက်နေသည် ဆိုသည်ထက် လွန်ကျူးလာပြီး စစ်တပ်မှ နေရာအနှံ့ လူထုအပေါ် စနစ်တကျ တိုက်ခိုက်သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

အဆိုပါသတင်းအား ဓာတ်ပုံများနှင့်တကွ နယူးယောက်တိုင်းမ် သတင်းစာကြီးတွင် အကျယ်တဝင့် ရေးသားဖော်ပြလာခဲ့သဖြင့် တကမ္ဘာလုံး သိရှိသွားခဲ့ပြီလည်း ဖြစ်သည်။ ထို့ပြင် နန်းနိန့်ရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးကို စစ်တပ်က ကျူးလွန်ခဲ့သည်ကို ကြည့်က တော်လှန်ရေးအင်အားစုများသည် အရှိန်အဟုန်နှင့် အင်အားတောင့်တင်းလာနေပြီ ဖြစ်သဖြင့် မင်းအောင်လှိုင် တပ်သားများသည် မနိုင်အင်ကာ ရက်ရက်စက်စက် တုံ့ပြန်နေကြခြင်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။ နယူးယောက်တိုင်းမ် သတင်းဓာတ်ပုံတွင် အုတ်နံရံပေါ်တွင် ကျည်ဆန်ရာ ဗရပွနှင့် အစီအရီတွေ့ရပုံကို ကမ္ဘာက ရှင်းလင်းစွာ တွေ့ခွင့်ရသွားခဲ့ကြသည်။

အမြဲလို မြန်မာပြည်အရေးအား ရေငုံနှုတ်ပိတ်နေလေ့ရှိသော ဗီယက်နမ်သည်ပင် အဆိုပါ ညီလာခံတွင် နိုင်ငံတွင်းအကြမ်းဖက်မှုများ ရပ်ဆိုင်းကြဖို့၊ အတတ်နိုင်ဆုံး ချုပ်တည်းကြဖို့နှင့် ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီးက ပြောဆိုလာပြီ ဖြစ်သည်။ တဖန် မြန်မာပြည်သူများ၏ ဆန္ဒအကျိုးစီးပွားနှင့် ထပ်တူကျမည့် တည်တံ့ခိုင်မြဲမှု ရှိမည့် အဖြေမျိုး ဖြစ်ရန်လိုကြောင်းပါ ထည့်သွင်း ပြောဆိုသွားခဲ့ပြန်သည်။

စစ်အာဏာသိမ်းအဖွဲ့အဖို့ ၎င်းတို့ကျူးလွန်နေမှုများကို ပြည်တွင်းရေးသက်သက်ဟု အတင်းအဓမ္မ လုပ်ကြံဖုံးကွယ်ဖို့ ကြိုးစားနေခြင်းကို ဗီယက်နမ်ကဲ့သို့ ပြောခဲလှသည့် နိုင်ငံကပင် ထုတ်ပြောလာသည့်အထိ ဖြစ်လာရသည်ကို မတုန်လှုပ်ဘဲ နေမည်မဟုတ်။ စိတ်ဓာတ်ရေးရာ အရ ထိုးနှက်မှုကြီး ဖြစ်သွားခဲ့ရသည်။

မနေ့ကပင် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ)က ပူတင်အား ဖမ်းဝရမ်း ထုတ်ပြန်လာသည့်အဖြစ်ကို တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ ပူတင်သည် ရုရှားလူထု၏ ထောက်ခံမှု အချို့တဝက် ရနေသေးသဖြင့် ခံသာသော်လည်း ၎င်းအဖို့ ထိုသို့ ဝရမ်းထုတ်ခံရမည် ဆိုက အရှက်ဗြန်းဗြန်းကွဲရဖို့သာ ရှိပေတော့မည်။ မည်မျှပင် တိုက်ပုံကြီးတကားကားနှင့် သွားလာနေသော်ငြား အားလုံး၏အမြင်တွင် ရာဇဝတ်ကောင်အဖြစ်သာ သဘောထားခံရတော့မည် ဖြစ်သည်။ လစာလေး တပဲခြောက်ပြားနှင့် ၎င်းအား ကာကွယ်ပေးနေရသည့် အဖြစ်ကိုပင် မတန်တော့ဟု အောက်ခြေစစ်သည်များက သဘောထားလာကြပေတော့မည်။

နိုလင်းဟေဇာက ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲတွင် သူသည် အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်ပိုင်းနှင့်ကော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပါ အလေးအနက် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပြန်သည်။  စစ်တပ်နှင့် အာဏာခွဲဝေရေး သူထောက်ခံပြောဆိုခဲ့သည့်အပေါ် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရမှုအတွက် ရှင်းလင်းရာတွင် သူဆိုလိုသည်က ၂၀၂၀ ရွေးကောက်ပွဲတွင် ထင်ဟပ်စေခဲ့သည့် မြန်မာပြည်သူတို့၏ ဆန္ဒနှင့် လိုလားချက်များအတိုင်း မြန်မာမှ ဦးဆောင်ဦးရွက်ပြုလာမည့် လုပ်ငန်းစဉ်များကိုသာ မဆုတ်မနစ် ထောက်ခံခဲ့ခြင်းသာ ဖြစ်သည်ဟု ရှင်းလင်းသွားခဲ့သည်။

အဓိပ္ပာယ်ရှိမည့် အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ရန် ဖြည့်ဆည်းပေးနိုင်ခြင်းမျိုးလည်း မရှိ၊ အပြောင်းအလဲများလည်း မတွေ့ရမချင်း မြန်မာပြည်သို့ ထပ်သွားမည်မဟုတ်ဟု နိုလင်းဟေဇာက ဆိုသည်။

လက်ရှိ တနိုင်ငံလုံး မီးဟုန်းဟုန်း တောက်လောင်လာနေစဉ်တွင် ၎င်းတို့ဒေသ မီးကွင်းရေးဆိုသော မူဝါဒနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်များက တရုတ်အလိုကျ စစ်ကောင်စီနှင့် ဆွေးနွေးရန် ပြောဆိုနေကြချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေနှစ်ခုအတွင်းရှိ လက်နက်စက်ရုံများမှ ထုတ်လုပ်သော ချေမှုန်းရေး ရိုင်ဖယ်များနှင့် ဗုံးသီးတပ် လောင်ချာများသည် နိုင်ငံအနှံ့ရှိ တော်လှန်ရေးအင်အားစုများထံ ပျံ့နှံ့ ရောက်ရှိလာနေပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူ အန်တော်နီဒေးဗီစ်အား ကိုးကား၍ နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားလာခဲ့သည်။ အခြားလက်နက်များဖြစ်သော M16 နှင့် M4s ရိုင်ဖယ်များလည်း ထိုင်းနိုင်ငံရှိ မှောင်ခိုလမ်းကြောင်းမှတဆင့် ဝင်ရောက်လာနေသည်ဟုလည်း ဆိုသည်။

ထို့ပြင် ထွက်ပြေးတိမ်းရှောင်လာကြသော အင်ဂျင်နီယာများနှင့် နည်းပညာ ကျွမ်းကျင်သူများသည်လည်း လက်လုပ်မိုင်းများ၊ ဒရုန်းများ တီထွင်၍ ရန်သူပစ်မှတ်များကို တိုက်ခိုက်လာကြပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဖွဲ့စည်းမှုနှင့် လက်နက်အင်အားသည် ယခင်နှစ်များကထက် များစွာ တိုးတက်ကောင်းမွန်လာနေပြီဖြစ်သည်ဟု အန်တော်နီ ဒေးဗီစ် ၏ သုံးသပ်ချက်ကိုလည်း ဖော်ပြထားသည်။

ထို့အတွက် အင်အားကြီးမားလာပြီး လက်နက်အင်အား ပို၍ကောင်းမွန်လာသည့် တော်လှန်ရေး အဖွဲ့များကို နှိမ်နှင်းနိုင်ရန် ပို၍ ရက်စက်ကြမ်းကြုတ်သည့်နည်းများကို အသုံးချလာရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ၎င်းတို့အတွက် ထိုနည်းလမ်းထက်ပို၍ အခြား နိုင်ငံရေးနှင့် စစ်ရေးတွင် အသုံးချလာနိုင်မှု ရှိ မရှိကို စောင့်ကြည့်ရမည်သာ ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်  တွမ်အင်ဒရူးကလည်း နန်းနိန့် ဘုန်းကြီးကျောင်းဝင်း လူသတ်ပွဲကိုကြည့်က စစ်တပ်သည် ၎င်းတို့ အရေးနိမ့်လာနေပြီ ဆိုသည်ကို ကောင်းစွာ သိနားလည်လာနေပြီ ဖြစ်သည်ဟု အင်တာဗျူးတွင် မှတ်ချက်ချသွားခဲ့ပြန်သည်။ စစ်တပ်သည် လူထုအပေါ် ပို၍ ရက်စက်လာလေ ၎င်းတို့အား တွန်းလှန်မှ ဖြစ်တော့မည်ဟူသော သန္နိဋ္ဌာန်များ ပို၍ ခိုင်မာလာလေလေပင် ဖြစ်သည်ဟု ဆိုသည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024