ပြင်သစ်တွင် ပင်စင်သက်တမ်းတိုးသည့်အစီအစဉ်အပေါ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်

ပြင်သစ်နိုင်ငံမှာ အစိုးရရဲ့ နိုင်ငံတော်အဆင့် ပင်စင်သက်တမ်းတိုးမြှင့်မယ့် အစီအစဉ်အပေါ် ဆန့်ကျင် ဆန္ဒပြမှု အသစ်တွေ ပေါ်ပေါက်လာခဲ့ပြီး မတ် ၁၇ ရက်က မြို့တော်ပဲရစ်မှာ ဆန္ဒပြသူတွေ နဲ့ အဓိက ရုဏ်းထိန်းရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာ နိုင်ငံတွင်းမငြိမ်မသက်မှု ကြီးထွား လာတာကြောင့် ဒီနှစ်စကတည်းက သပိတ်မှောက် ဆန္ဒပြလှိုင်းတွေနဲ့အတူ ပဲရစ်မြို့က လမ်းတွေပေါ်မှာလည်း အမှိုက်တွေ စုပုံလျက်ရှိပါတယ်။
ဒါဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ "အဝါရောင်အင်္ကျီ" အမည်ရ ဆန္ဒပြ လှုပ်ရှားမှုနောက်ပိုင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း အတွက် နောက်ထပ် စိုးရိမ်ဖွယ်ရာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
ပဲရစ်မြို့က အောက်လွှတ်တော်အဆောက်အအုံအနီး ပလက်စ် ဒီလာ ကွန်းကော့တ် ရင်ပြင်မှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် မျက်ရည်ယိုဗုံးပစ်ခတ်ကာ ဝင်ရောက် ဖမ်းဆီးခဲ့တာ ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
သမ္မတ မက်ခွန်းက ပင်စင်စနစ်ပြန်လည်ပြင်ဆင်မှုအပေါ် ခုခံပြောဆိုကာ လွှတ်တော်မဲခွဲမှု မပါဝင်ဘဲ တွန်းအားပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဒီလိုစနစ်မကျမှုနဲ့ ပက်သက်ပြီး ပြီးခဲ့တဲ့ မတ် ၁၇ ရက်က ပြသာနာဖြစ်ပွားခဲ့တာပါ။
ပြင်သစ်နိုင်ငံက နိုင်ငံတော်အဆင့် ပင်စင်သက်တမ်းကို ၆၄ နှစ်အထိ ၂နှစ်တိုးမြှင့်လိုက်တာဖြစ်ပြီး အစိုးရကတော့ ဒီပင်စင်စနစ် ပြိုလဲမသွားအောင် သေချာစေဖို့အတွက် ဒါကို မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ တုံ့ပြန်ထားပါတယ်။
မဲဆန္ဒရှင်အများစု နဲ့ သမဂ္ဂတွေကတော့ ဒီအပေါ်မှာ သဘောမတူပါဘူး။ စီပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့အစည်း (OECD) အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံရဲ့ တရားဝင်အငြိမ်းစားယူရမယ့် အသက်ဟာ ၆၂ နှစ် ဖြစ်တာကြောင့် ဒီနိုင်ငံတွေထဲမှာ အနိမ့်ဆုံးဖြစ်ပါတယ်။