
မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က မတ် ၁၃ ရက်မှ ၁၇ ရက်အထိ စစ်ကြောင်းထိုးကာ ရွာ ၇ ရွာကိုမီးရှို့ပြီး အရပ်သား ၂ ယောက်နဲ့ PDF ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
သတ်ခံရတဲ့အလောင်းတွေကို မတ် ၁၈ ရက် မနက်ပိုင်းက ပြည်သူကာကွယ်ရေးအဖွဲ့တွေ ရှင်းလင်းရေးဝင်ချိန် တွေခဲ့ရတာလို ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“သူတို့ စစ်ကြောင်းထိုးလာပြီး ရွာတွေဆီ ပစ်ခတ် ဝင်ရောက်လာတာတွေ လုပ်တယ်။ ပြေးနိုင်တဲ့သူ ပြေးပေါ့။ ကျန်တဲ့သူကတော့ အခုလို အသတ်ခံရတယ်။ နောက်ပြီး ရွာတွေကိုလည်း မီးရှို့တယ်။”
မတ္တရာမြို့နယ်က ပိုဝကျေးရွာ စာသင်ကျောင်း ၂ ဆောင်၊ စိန်ပန်းကုန်းကျေးရွာက နေအိမ် ၁ လုံး၊ မြွေမြစ်ရိုးကျေးရွာက နေအိမ် ၂၉ လုံး၊ မြွေခလကျေးရွာက အိမ် ၂၇ လုံး၊ မြွေရေယဥ် ကျေးရွာက အိမ် ၄၅ လုံး၊ မြွေပုသိမ်ကျေးရွာက အိမ် ၁ လုံး၊ မြွေကုတိုးဆိပ်ကျေးရွာက အိမ် ၄ လုံးကို မီးရှို့သွားတယ်လို့ ဆိုပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖတာဝန်ရှိသူက “မြွေတလိုင်း၊ မြွေဟင်္သာ၊ မြွေရွှေခဲနဲ့ မြွေကြည်ကုန်း ကျေးရွာတွေမှာက စစ်ကြောင်း ရှိနေသေးလို့ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုမတ္တရာမြို့နယ်အတွင်း စစ်ကောင်စီက ကျေးရွာတွေကို မီးရှို့ခဲ့သလို ပိုဝရွာမှာ သေဆုံးနေတဲ့ PDF အလောင်း ၂ လောင်း၊ ရွှေဂဲပြန်ရွာမှာ အဓမ္မပြုကျင့်သတ်ထား ခဲ့တဲ့ အမျိုးသမီးအလောင်း ၁ လောင်းနဲ့ မယ်ဇလီကျေးရွာမှာတော့ ဘုန်ကြီး ၁ ပါး အလောင်း တွေ့ခဲ့ရတယ်လို့ ပြင်ဦးလွင်ပကဖတာဝန်ရှိသူက ပြောပါတယ်။
“အမျိုးသမီးအလောင်း အသက် ၃၀ မိန်းကလေး။ အဓမ္မပြုကျင့်သတ်ထားခဲကြတယ်။ အလောင်းအနေအထားတွေ ကြည့်လိုက်ရင် သိတယ်။ ဘော်လီကြိုးတွေ ဖြတ်ထားပြီး ရင်သားတွေမှာ ကုတ်ဖဲထားတဲအရာတွေနဲ့ ထမိန်ကဖရိုဖရဲအနေအထားတွေ ကြည့်ခြင်းအားဖြင့် အဓမ္မပြုထားခဲ့တာလို ပြောနိုင်တာ။”
အခုလို မတ္တရာမြိုနယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးရွာတွေကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း သုံးကြောင်းခွဲကာ ထိုးနေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးခရိုင်တပ်ရင်း၃ တာဝန်ရှိသူကတော့ “တိုက်ပွဲကတော့အပြင်းအထန်ပဲ။ သူတို့ဘက်က အကျအဆုံးကတော့ အတော်များတယ်။ အတိကျတော့ မပြောနိုင်ဘူး။ မတ္တရာဘက်ခြမ်းက ရဲဘော် ၂ ဦး အသတ်ခံရတာရှိသလို တခြား ရဲဘော် ၆ ဦး ဒဏ်ရာ ရထားတယ်”လို့ ဆိုပါတယ်။
အခုလို စစ်တပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် မတ္တရာနဲ့ မင်းကွန်းတိုက်နယ်ကြား ဧရာဝတီမြစ်ရိုးနား ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင် နေရတယ်လို့ သိရပါတယ်။