Home
မြန်မာသတင်း
ထီးလင်းနှင့် မတူပီမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရ
DVB
·
March 17, 2023

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မတ် ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ယောကာကွယ်ရေးတပ်-YDF က ပြောပါတယ်။

ယောဒေသနဲ့ ချင်းပြည်နယ်ဘက်ကို မတ် ၁၃ ရက်မှာ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၈၀ ထဲက အစီးရေ ၃၈ စီး၊ ရှေ့ပွိုင့်အင်အား ၂၀၀ စုစုပေါင်း အင်အား ၆၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို မတ် ၁၆ ရက် ညနေ ၄ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ YDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်အား ၆၀၀ လောက်နဲ့ ကျောက်ထုမြို့ဘက်ကနေ ထီးလင်းမြို့ဘက်ကို နယ်မြေရှင်းလင်းဖို့ ထွက်လာတာကြောင့် ခြေလျင်ရှေ့ပြေးစစ်ကြောင်းကို ထီလင်းမြို့ မြောက်ဘက် ထိန်တိုင်းရွာနဲ့ ဆေးမင်းတောရွာကြားက ရေရှင်လမ်းခွဲမှာ စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲ မိနစ် ၄၀ လောက် ဖြစ်ပွားခဲ့ကြကာ စစ်ကောင်စီဘက်က ၇ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို YDF စစ်ကြောင်းမှူး ယောလင်း ဦးဆောင်တဲ့ ယောနကစစ်ကြောင်းနဲ့ အတူ ဂန့်ဂေါခရိုင်တပ်ရင်း-၁၇၊ ၁၈ တို့နဲ့ အတူပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ယောဒေသအတွင်းမှာ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်လို့ ဒေသခံ ပြည်သူလူထု အနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာတော့ မတ် ၁၄ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

မတူပီမြို့နယ် မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေးစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မတ် ၁၄ ရက် ညနေ ၄ နာရီလောက်က ဝလံပီးနဲ့ ကလောင်စိုင်းကြားမှာ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”

စစ်ကောင်စီစစ်ကြောင်းဟာ မတူပီမြို့နယ် ထယ်ဘွေးစခန်းဘက်ကနေ မတူပီ-ပလက်ဝ လမ်းအတိုင်း ပြန်လည်ဆုတ်ခွာလာပြီဖြစ်လို့ မတူပီ-ပလက်ဝလမ်း၊ မတူပီ-ဘွေရားလမ်းတွေကို CDF-မတူပီရဲ့ ခွင့်ပြုချက်မရှိဘဲ အသုံးမပြုကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ဘက်ကနေ ချင်းတောင်ဘက်ကို မတ် ၁၃ ရက်က စစ်ကောင်စီကား အစီး ၈၀ ထွက်ခွာလာတာကြောင့် မိဘပြည်သူတွေအနေနဲ့ မင်းတပ်-မတူပီကားလမ်းကို အသုံးမပြုကြဖို့လည်း သတိပေး တားမြစ်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024