
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မလွှဲတောင် စစ်ဆေးရေးဂိတ်မှာ မတ်လ ၁၀ ရက် မနက်ပိုင်းက ခရီးသည်တင် မှန်လုံယာဉ်ပေါ်ကနေ လူ ၄ ဦးကို ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတလွဲအသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီ CCDAC က မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပါတယ်။
ရန်ကုန်ကနေ မြိတ်မြို့ကိုလာတဲ့ မစ်ဆူဘီရှီ ဖူဆို အမျိုးအစား ခရီးသည်တင် မှန်လုံယာဉ်ကို ရှာဖွေစစ်ဆေးရာ ပလတ်စတစ်ခြင်း ၆ ခြင်းနဲ့ သယ်လာတဲ့ ကာလတန်ဖိုး ကျပ် ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးပြား ၁၀ ဒသမ ၃ သိန်းနဲ့ အက်ဖက်တမင်း ၂ ကီလိုကို သယ်ဆောင်လာသူ ၄ ဦးနဲ့အတူ ဖမ်းဆီးရမိခံတာလို့ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်တိုင်းကနေ တနင်္သာရီတိုင်းကို သယ်ဆောင်မယ့် မူးယစ်ဆေးဝါးတွေဖြစ်ပြီး သယ်ဆောင်လာသူတွေ ယာဉ်မောင်း ဖိုးသဲနဲ့အတူ သန်းထွန်းအောင်၊ ဇာနည်ဦး၊ မြတ်သူတို့ ၄ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူ အမှုဖွင့်ထားပြီး ကွင်းဆက်တွေကို ဆက်ဖော်ထုတ်နေတယ်လို့ CCDAC ကထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကလည်း မလွှဲတောင်ဂိတ်မှာ ရေးမြို့ကနေ ထားဝယ်ဘက်ကိုလာတဲ့ ဆိုင်ကယ်စီးလာသူ အမျိုးသား ၂ ဦးကို စစ်ဆေးရာ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးပြား ၃,၅၀၀ ကို ရှာဖွေဖမ်းဆီးရမိပြီး အဆိုပါအမျိုးသား ၂ ဦးကို ကလိန်အောင်နယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်း မလွှဲတောင်ဂိတ်မှာ ကျပ်သိန်း ၂,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်သူ ၅ ဦးကို ဖမ်းမိခဲ့ပါသေးတယ်။
မော်လမြိုင်-ထားဝယ် ယာဉ်လိုင်းပြေးဆွဲနေသူတဦးက “မူးယစ်ဆေးဝါးက ပုံစံမျိုးစုံနဲ့ သယ်လာကြတယ်။ CD အချပ်ပုံစံနဲ့ တချို့ကလည်း ဝါလတ်ဆီပုံး ပုံစံနဲ့ရော တခြားပစ္စည်းတွေနဲ့ရောပြီး သယ်ကြတယ်။ တချို့က လူနဲ့အတူ သယ်ကြတယ်။ အခုနောက်ပိုင်း တန်ဆာပစ္စည်းတွေဆိုရင် အရမ်းကာရော လက်ခံလို့မရတော့ဘူး။ အကုန်ဖွင့်စစ်ပြီးမှ လက်ခံပေးလို့ရတော့တယ်” လို့ ပြောပါတယ်။
မလွှဲတောင် စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု မှတ်တမ်းတွေအရ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးတွေကို ခရီးသည်တင်ယာဉ်တွေ၊ ကုန်တင်ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်တာ ပိုများလာနေတာကို တွေ့ရပါတယ်။