Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီ ရခိုင်ပြည်နယ်သို့ စည်းရုံးရေးဆင်း၊ မီဒီယာထောင်ချောက် သတိထားရန်ပြော
DVB
·
March 14, 2023

စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ် ၇ ခုကို လာပြီး ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးခင်ရီဟာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ သမိုင်းဖြစ်ရပ်များ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုတွေ၊ ဒုတိယ ရက် ၉၀ ကာလ ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဝိသမလောဘသားတို့ရဲ့ စီးပွားရေး ထောင်ချောက်တွေ၊ မှန်ကန်မှုမရှိတဲ့ သတင်းဌာနတွေရဲ့ မီဒီယာထောင်ချောက်တွေ၊ အကြားအသိ သတိရှိစွာနေရေး ကိစ္စတွေ၊ တို့တာဝန်အရေး ၃ ပါးကို အလေးထားပြီး ဆောင်ရွက်ကြရန် ဆိုပြီး ပြောကြားခဲ့တာတွေရှိတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

ဦးခင်ရီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲနှစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အားကောင်းခဲ့တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း စတဲ့ ခရိုင်တွေက မြို့နယ် ၇ ခုမှာ ပါတီဝင် ၂၂၇ ယောက်နဲ့ သံတွဲမြို့နယ်ပါတီရုံးမှာ မတ် ၁၁ ရက်က တွေ့ဆုံခဲ့တဲ့အပြင် ပါတီဝင်ဟောင်း အယောက် ၈၀ ကိုလည်း ပြန်လည် စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရဲ့ ပါတီတွင်း စည်းရုံးရေးခရီးစဉ်ဟာ အန်အယ်လ်ဒီပါတီ မရှိတဲ့အချိန် ဒေသတွင်း ရခိုင်ပါတီတွေ အင်အားကောင်းတဲ့ နေရာမဟုတ်တဲ့ နေရာမှာ မဲအပြတ်အသတ် အနိုင်ရဖို့ ကြိုးစားနေတာလို့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ဒီအချိန်မှာ အန်အယ်လ်ဒီလို ပြိုင်ဘက်ပါတီကလည်း မရှိတော့သလိုဖြစ်သွားပြီး မရှိတော့ဘူးလို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲအတွက် သူတို့ဘက်က ဝင်မပြိုင်ဘူးလို့ ကြေညာချက် ထုတ်ထားတယ်။ လှုပ်ရှားမှုလည်း မရှိတော့ဘူး။ ပါတီမှတ်ပုံတင်ခြင်းကတောင် ပယ်ဖျက်နိုင်တဲ့ အခြေအနေမျိုး ရှိတယ်။ အဲဒီအခြေအနေမှာ USDP ပါတီဆိုတာကလည်း စစ်တပ် ကျောထောက်နောက်ခံရှိတဲ့ စစ်ဗိုလ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပြီး အတိုက်ခံပါတီမရှိ။ နောက်ပြီး ရခိုင်အမျိုးသားပါတီတွေကလည်း အင်အားကောင်းတဲ့ နေရာတွေ မဟုတ်တဲ့ အဲဒီနေရာကို USDP ပါတီက မဲကို အပြတ်အသတ်နဲ့ အနိုင်ရဖို့အတွက် အဲဒီနေရာတွေကို ကြိုးစားခြင်းလို့ မြင်တယ်။ ရွေးကောက်ပွဲကလည်း ဘယ်အချိန် ကျင်းပနိုင်မယ်မှန်းမသိ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာလည်း မရှိသေးဆိုတော့ ဒီလို ကြားကာလမှာ ပါတီတွေ မြေပြင်ကိုဆင်းပြီး စည်းရုံးရေးဆင်းပြီး အဲဒီလို အချိန်အခါမျိုးမှာ လက်ဦးမှုရအောင် သူ့ပါတီဝင်တွေကို စည်းရုံးရေးဆင်းနေတာ ဖြစ်တယ်။”

အာဏာသိမ်းစစ်ကောင်စီက လုပ်တဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက အသိအမှတ်ပြုမှာ မဟုတ်ဘဲ အရေးပေါ်ကာလ ဘယ်လောက်ကြာမြင့်မှာ မသိရသေးသလို အခြေအနေမျိုးမှာ စစ်တပ်အင်အားစုတခု ပါတီအင်အားစုတခု ပေါင်းပြီးတော့ အားကောင်မောင်းသန် ဖြစ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားခြင်းမျိုးသာ ဖြစ်နိုင်ပြီး ရွေးကောက်ပွဲမှာသာ အနိုင်ရသွားရင်လည်း နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုခံရမှာမဟုတ်ဘဲ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ယူဖို့ ကြိုးစားနေခြင်းသာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်ပြီးနောက် ကြံ့ခိုင်ရေးပါတီဟာ ပထမဆုံး မှတ်ပုံတင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ နုတ်ထွက်ထားတဲ့ ကြံ့ခိုင်ရေးပါတီဝင် အများအပြားရှိပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ ကိုယ်တိုင် လာပြီး လိုက်လံစည်းရုံးနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီဟာ အနောက်ပိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့နယ်က ပြည်သူ့လွှတ်တော်အမတ် တနေရာနဲ့ ပြည်နယ်လွှတ်တော် အမတ်တနေရာသာ နိုင်ခဲ့ပါတယ်။

အခု ဦခင်ရီ လာရောက်စည်းရုံးခဲ့တဲ့ သံတွဲ၊ ဂွနဲ့ တောင်ကုတ် မဲဆန္ဒနယ်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ရခိုင်ပြည်နယ်အတွင်း အဓိကအနိုင်ရတဲ့ မဲဆန္ဒနယ်မြေတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ထွက်ပြီးနောက် ရခိုင်ပြည်နယ်က ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) က ပထမဆုံး ပါတီမှတ်ပုံတင်ခဲ့သလို ရခိုင်အမျိုးသားပါတီ (ANP) ဟာလည်း မှတ်ပုံတင်မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ရခိုင်မျိုးနွယ်စုပါတီတချို့လည်း မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကတော့ စစ်အာဏာရှင်နဲ့ ပူးပေါင်းလိုခြင်း မရှိတာကြောင့် ပါတီမှတ်ပုံတင်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုထားတာတွေ ရှိပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး နိုင်ငံရေးပါတီတွေ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို  လျှောက်ထားနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၁၃ ရက်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၂၁ ပါတီရှိပြီလို့ ကော်မရှင်ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024