Home
ဆောင်းပါး
မြန်မာ့လက်ဝှေ့ကျော် ရွှေဓူဝံ
နော်နိုရင်း
·
March 8, 2023

မြန်မာပြည်မှာ တောရောမြို့ပါမကျန် လူကြီးရော၊ လူငယ်ရော၊ ကလေးတွေပါ  မသိတဲ့သူမရှိလို့ ဆိုရလောက်ဟာ သူ့ခေတ်မှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တစ်ယောက်ကို ပြောပါဆိုရင် ရွှေဓူဝံလို့ အများစုက တညီတညွတ်တည်း ပြောပြကြမှာ ဧကန်မလွဲပါပဲ။ 

မျက်နှာသွင်ပြင်လေးထောင့်စပ်စပ်ပုံစံနဲ့ လက်ဝှေ့သမားတယောက်လို့ မပြောဘဲသိနိုင်တဲ့  ကြံ့ခိုင်တဲ့ ခန္တာကိုယ်အချိုးအစားရှိတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ရွှေဓူဝံဆိုရင် ၁၉၉၆ ဝန်းကျင်ကနေ သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်တွေအထိ လက်ဝှေ့ကြိုးဝိုင်းထဲမှာရော တီဗွီဖန်သားပြင်မှာပါ လူသိများထင်ရှားခဲ့ပြီး သူ့ကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေ အခိုင်အမာရှိခဲ့သူတယောက် ဖြစ်ပါတယ်။ 

ရွှေဓူဝံ (ဘားအံ)ဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ မတော်တဆ ယာဉ်တိမ်းမှောက်မှုကြောင့်  ကံအကြောင်းမလှခဲ့ဘဲ အသက် ၅၂ နှစ်အရွယ်မှာ  ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ 

ဘားအံမြို့အမှတ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ ကရင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ စောသင်တန်း (ခေါ်) ရွှေဓူဝံဟာ မွေးချင်းမောင်နှမ ၇ ဦးထဲက သားအလတ်ဖြစ်ပြီး သူ ကွယ်လွန်ချိန်မှာတော့ သားသမီး ၂ ယောက်နဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။ 

မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ လူသိများထင်ရှားခဲ့တဲ့ လက်ဝှေ့ကျော် ရွှေဓူဝံဟာ မြန်မာပြည်ရဲ့ ရွှေခါးပတ်ချန်ပီယံဆုကို ၁၉၉၆ ခုနှစ်က ရရှိခဲ့တာဖြစ်ပြီး ရွှေဓူဝံဆိုရင် သူတို့ခေတ်မှာရော ဒီဘက်ခေတ်လူငယ်တွေအထိ အားလုံးသိကြတဲ့နာမည်ဖြစ်ပြီး လက်ဝှေ့နဲ့ မရင်းနီးတဲ့သူတွေတောင် သူ့နာမည်နဲ့ ရင်းနှီးကြပါတယ်။‌

သူ့အရင်ရှေ့ခေတ်ဟောင်း လက်ဝှေ့သမားကြီးတွေအများအပြားရှိခဲ့ပေမယ့် အခုခေတ်လို့ မီဒီယာကလည်း သိပ်မထွန်းကားသေးလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့သိရှိ နာမည်ကျော်စောနေတာမျိုး သိပ်မရှိပေမယ့် လက်ဝှေ့ကျော် ရွှေဓူဝံကိုတော့ လူသိများခဲ့ပါတယ်။

လက်ရှိ WLC ဝယ်တာဝိတ်တန်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ထိုးသတ်နေသလို ကီလို ၆၀ တန်း ရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်ဝှေ့ကျော် စိုးလင်းဦးကတော့ သူ လက်ဝှေ့လောကထဲ ဝင်ရောက်စဉ် ရွှေဓူဝံကတော့ လက်ဝှေ့လောကနေ စွန့်ခွာသွားပြီဖြစ်ပေမဲ့ သူ့ကို အားကျနှစ်သက်ခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“လက်ဝှေ့လောကမှာ စသိတယ်၊ မြန်မာပြည်က ပရိသတ်တွေသိပ်ပြီး သတိထားမိတယ်ဆိုတာ  ဦးဓူဝံနဲ့ ဦးဝမ်ချိုင်းတို့ ထိုးတဲ့အချိန်ကပဲ လက်ဝှေ့ကို မြန်မာပြည် ပရိသတ်တွေ ပိုပြီး သတိထားမိတယ်လေ။ ဟိုးအရင် ဦးရွှေဝါထွန်းတို့ခေတ်ကတော့ ရန်ကုန်ကလူတွေ သိပ်ပြီးတော့ သတိမထားမိဘူးပေါ့နော်။ မီဒီယာတွေဘာတွေတော့ သိပ်ပြီးတော့ မကျော်ကြားဘူး။ ဒီနောက်ပိုင်း မီဒီယာတွေပေါ်တဲ့ခေတ် လူအများသတိထားတဲ့ခေတ်ကတော့ ဦးရွှေဓူဝံနဲ့ ဦးရွှေဝါထွန်းတို့ကပဲ မြန်မာ့လက်ဝှေ့လောကကို နာမည်ကြီးစေတာ။”

ရွှေဓူဝံဟာ မြန်မာ့လက်ဝှေ့ကျော်တွေဖြစ်တဲ့ စောသဲအောင်၊ သာစည်မောင်မော်ကြီး စသူတို့နဲ့အတူ ဂျာမနီနိုင်ငံမှာ ကစ်ဘောက်ဆာချန်ပီယံတွေနဲ့ သွားရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး ရွှေဓူဝံကတော့ အနိုင်မရခဲ့ပေမဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပြိုင်ဘက်ကို ရဲရဲဝံဝံ လိုက်လံထိုးသတ်ခဲ့ပုံတွေက ပရိတ်သတ်တွေရဲ့ အကြိုက်တွေ့စေခဲ့ပါတယ်။

မြန်မာပြည်တွင်း ထိုးသတ်ခဲ့တဲ့ လက်ဝှေ့စိန်ခေါ်ပွဲမှာလည်း ဂန္ထဝင်လက်ဝှေ့သမားကြီး  ရွှေဝါထွန်းကို အနိုင်ထိုးသတ်ခဲ့ပြီးနောက် ရွှေဓူဝံဆိုတဲ့ နာမည်တလုံးကို မြန်မာ့လက်ဝှေ့လောကမှာ မှတ်ကျောက်တင် အခိုက်အမာစိုက်ထူ နိုင်ခဲ့သူဖြစ်ပါတယ်။

လက်ဝှေ့ကျော်ရွှေဓူဝံကို ထိုးသတ်အနိုင်ရပြီး  ရွှေခါးပတ်ချန်ပီယံဆုရယူနိုင်ခဲ့သူကတော့   လက်ဝှေ့ကျော် ဝမ်ချိုင်းဖြစ်ပါတယ်။

ရွှေဓူဝံနဲ့ သူ ၁၂ ကြိမ်အထိ ထိုးသတ်ခဲ့ဖူးကြောင်းနဲ့ ၁၉၉၅ ခုနှစ်က ပထမဦးဆုံးအကြိမ် မန္တလေးမြို့မှာထိုးသတ်ခဲ့ဖူးတယ်လို့ ဝမ်ချိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“၁၂ ပွဲထိုးသတ်ခဲ့တာကတော့ သူ့ကို ၃ ပွဲနိုင်ခဲ့ဖူးတယ်။ ကျန်တဲ့ပွဲတွေကတော့ သရေပေါ့။ သူက လက်ဝှေ့လောကမှာဆိုရင် တော်တော်များများကို ခံနိုင်ရည်ရှိတဲ့လူတယောက်၊ သူက တကယ့်ကို သန်မာတဲ့လူတယောက်။ တော်ရုံတန်ရုံသူ့ကို ချဖို့က မလွယ်ဘူး။ သူက တော်တော်လေးကို သန်မာတဲ့လူတယောက် ဖြစ်တယ်။” 

လက်ဝှေ့ကျော် ရွှေဓူဝံက လက်ဝှေ့လောကကနေ ထွက်သွားပြီးတဲ့နောက် စီးပွားရေးသက်သက်ပဲ သူလုပ်ဆောင်ခဲ့ပေမယ့် လက်ဝှေ့ပွဲတွေရှိတိုင်းအမြဲတမ်း လာရောက်အားပေးသူဖြစ်သလို တက်သစ်စ လက်ဝှေ့သမားတွကို ဆုချီးမြှင့်တာတွေ လုပ်ဆောင်ပေးလေ့ရှိတယ်လို့ လက်ဝှေ့ကျော်ဝမ်ချိုင်းက ပြောပါတယ်။

လက်ဝှေ့ကျော် ရွှေဓူဝံဟာ လက်ဝှေ့လောကနေ နောက်ပိုင်း အနားယူးပြီး စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သလို  ဘားအံမြို့ အမှတ် ၇ ရပ်ကွက်မှာ အရင်က ဘီယာဆိုင်ဖွင့်ထားပြီး နောက်ပိုင်းမှာ အဲဒီဆိုင်ကို ပိတ်ကာ ချန်ပီယံဆိုတဲ့ ဟော်တယ်ကို ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။ 

လက်ဝှေ့ကျော် စိုးလင်းဦးကတော့ “ကျနော်က ၂၀၀၇ ခုနစ်က လက်ဝှေ့ထဲ စဝင်တာပေါ့နော်။ စဝင်တဲ့အချိန်မှာ ကျနော်မှတ်မိသလောက် ဦးဓူဝံတို့ ထိုးတာတောင်သိပ်မတွေ့ တော့ဘူး။ သူတို့နားလိုက်ပြီပေါ့နော်။ သူ့ပွဲတွေကတော့ ကျနော်လက်ဝှေ့လောကထဲမှာ ကျနော်မဝင်ခင်က ကျနော် ကလေး ၁၀ နှစ် ၁၂ အရွယ်ကတည်းက ကျနော်တီဗွီထဲမှာပဲ ကြည့်ဖူးတာပေါ့နော်။ သူတို့ခွေ၊ တီဗွီတို့ ဗွီဒီယိုတို့ခေတ်ပေါ့။ အဲဒါတွေနဲ့ပဲ ကျနော်ခွေထဲမှာပဲ ကြည့်ရဖူးတာပေါ့နော်။ ကျနော်လက်ဝှေ့လောကထဲ စဝင်တဲ့အချိန်မှာ သူတို့ လက်ဝှေ့လောကမှာ မရှိတော့ဘဲ အပြင် စီးပွားရေးတွေ လုပ်နေပြီ”လို့ ပြောပါတယ်။

ဒါတင်မကပါဘူး၊ လက်ဝှေ့ကျော် ရွှေဓူဝံဟာ ကြမ်းကြမ်းတမ်းတမ်း လက်ဝှေ့ကာမှာ နာမည်ကျော်ကြားသူဖြစ်ပေမဲ့  တဖက်မှာလည်း ဂီတအနုပညာကို ဝါသနာပါ စိတ်ဝင်စားသူ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာ ရွှေဓူဝံသီဆိုထားတဲ့  ‘မာယာရှင်နတ်သမီး’ ဆိုတဲ့ တေးစီးရီးတခွေ ထုတ်ခဲ့ပြီး အဲဒီခွေမှာ “မ,မချစ်ရင်မဖြစ်” သီချင်း အခုချိန်ထိလည်း  ရေးပန်းစားတဲ့ သီချင်းဖြစ်ပေမယ့် သူသီဆိုခဲ့မှန်း ပရိသတ်တွေသိသူနည်းပါး ပါတယ်။ 

ဒါ့အပြင် ရုပ်ရှင်ဗွီဒီယိုလောကမှာ နာမည်ကြီးတဲ့ ဟာသသရုပ်ဆောင် မော့စ်နဲ့တွဲပြီးလည်း  ရုပ်ရှင် ဗီဒီယိုတွေ ရိုက်ဖူးသလို တီဗွီကနေပြသတဲ့ ကုန်ပစ္စည်းကြော်ငြာတွေမှာလည်း ရွှေဓူဝံကို မြင်တွေ့ရလေ့ရှိပါတယ်။

ဒီလိုဘက်စုံ ထူးချွန်ခဲ့တဲ့ ရွှေဓူဝံနဲ့  ယာဉ်တိမ်းမှောက်ပြီး ရုတ်တရက် ကွယ်လွန်တဲ့ပေါ် လက်ဝှေ့ကျော် ဝမ်ချိုင်းက “သူနဲ့ပတ်သက်တဲ့ အမှတ်တရကတော့ သူ မဆုံးသွားခင် တောင်ကလေး နှစ်သစ်ကူးမှာ ဒီနောင်လာနောင်သား ကလေးတွေတွေ တွေ့ဖူးအောင် ရွှေဓူဝံ၊ ဝမ်ချိုင်းဆိုတာ ကျနော်တို့ နှစ်ယောက် အပေါ်တင်ပြီးတော့ လက်ဝှေ့ပြခိုင်းတယ်။ သူ ပြတဲ့အချိန်မှာ သူရတဲ့ဆုတွေကိုပေါ့နော် အဲဒါအကုန်လုံးကို ကျနော့်ကို အပ်ပေးခဲ့တယ်။ ဒါ မှတ်မှတ်ရရ နောက်ဆုံးပေါ့နော်။ တခြားပြောချင်တာကတော့ ဒီလိုမျိုး ရုတ်တရက်ဖြစ်သွားတော့ စိတ်တော့မကောင်းဘူးပေါ့နော်။ ဒီလိုရိုးရာ လက်ဝှေ့ချန်ပီယံတယောက် ဆုံးရှုံးသွားတာကို ကျနော်တို့ ရိုးရာလက်ဝှေ့ ဆုံးရှုံးသွားသလိုပဲ ခံစားရတာပေါ့နော်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

၆၀ ကီလိုတန်း ရွှေခါးပတ်ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ စိုးလင်းဦးကလည်း “အခုလိုမျိုး ဦးဓူဝံကြီး အဲလို ဖြစ်သွားတော့ ကျနော်တို့အနေနဲ့ တကယ်စိတ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ လက်ဝှေ့လောကကို သူတို့ကနေပဲ စပြီးတော့ လမ်းဖောက်ပေးသွားတာပေါ့နော်။ ဒီလိုလမ်းဖောက်ပေးတဲ့သူတယောက် အဲလိုဖြစ်သွားတော့ ကျနော်တို့လည်း စိတ်ကောင်းဖြစ်ရတာပေါ့။ ပြီးတော့ အားလုံးလျော့တာပေါ့။ ဘာလို့လဲဆိုတော့ သူတို့ဖောက်ပေးတဲ့လမ်းကို သူတို့မရှိတော့ဘူးဆိုတော့ ကျနော်တို့လည်း  တကယ်တမ်း စိတ်လည်းမကောင်းဘူး။ နှမျောလည်း နှမြောတာပေါ့”လို့ ပြောပါတယ်။

ရွှေဓူဝံဟာ  လက်ဝှေ့ကျော် သထုံရွှေဝါထွန်း အကျပိုင်းရောက်လာချိန်မှာ ထိုးထွက်လာခဲ့တဲ့ လက်ဝှေ့သမား ဖြစ်ပါတယ်။ ရွှေဝါထွန်းဟာ  ပညာစုံ၊ သတ်လုံးသတ်ပေါက်စုံ၊ လက်ဝှေ့ကို အနုပညာမြောက်အောင် ထိုးနိုင်တဲ့သူဖြစ်သလို  ရွှေဓူဝံကတော့ ဒီဘက်ခေတ်လက်ဝှေ့သမား ပိုဆန်လာပြီး ဒီဘက်ခေတ်က လက်ဝှေ့သမားနဲ့ အရင်ခေတ်ဟောင်းက လက်ဝှေ့ကို ပေါင်းကူးပေးသူမျိုးဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ 

ရိုးရာ လက်ဝှေ့ချန်ပီယံ ရွှေဝါထွန်း၊ သမန်းကျား၊ ရွှေဓူဝံ အပါအဝင် ဝမ်ချိုင်း၊ အိန္ဒုမောင်မောင်၊ သာစည်မောင်မောင်ကြီး၊ အယ်ထီးကော်၊ စောသဲအောင်၊ ထိန်ချုံး၊ သာစည်မောင်မောင်ကြီး၊ လုံးချော၊ မြကျည်ဆံ၊ ဇာနည်ဆင်ရိုင်း ဆိုတဲ့ နာမည်တွေကို မြန်မာပြည်သူတွေ  ကြားဖူးကြသလို  ဒီဘက်ခေတ်မှာလည်း သူတို့က အရွယ်လွန် မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ဂန္ထဝင်ကြီးတွေဖြစ်ပါတယ်။

ရိုးရာလက်ဝှေ့သမားတွေဟာ အရင်ခေတ်တုန်းက သုံးမိနစ်ထိုး သုံးမိနစ်နား ဆယ်ချီ ဆယ့်နှစ်ချီထိ ထိုးသတ်ယှဉ်ပြိုင်ရတာဖြစ်ပြီး အချီပြည့်လို့ အနိုင်ရှုံးမပေါ်ရင် ရေကုန်နေခန်း အရှုံးနိုင်ပေါ်တဲ့အထိထိုးသတ်ကြရတာဖြစ်ပါတယ်။

နဝတ စစ်အစိုးရလက်ထက် ၁၉၉၆ ခုနစ်ကျမှ အမှတ်ပေးစနစ်နဲ့ ပြောင်းပြီး  မြန်မာနိုင်ငံရဲ့ ရိုးရာလက်ဝှေ့သမိုင်းမှာ ပြည်တွင်းရွှေခါးပတ်ချန်ပီယံပွဲတွေကို  ကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာလက်ဝှေ့၊ ရိုးရာလက်ဝှေ့ (ဝါ) ဗန်တိုလက်ဝှေ့ဟာ မြန်မာနိုင်ငံမှာ အစပြုထွန်းကားတဲ့ ရိုးရာအားကစားနည်း တရပ် ဖြစ်ပြီး လက်သီး၊ တံတောင်၊ ခြေထောက်၊ ဒူး၊ ဦးခေါင်း တို့ကို  လွတ်လပ်စွာ အသုံးပြုခွင့်ရှိကာ ဘာအကာအကွယ် ပစ္စည်းမှအသုံးမပြုဘဲ ဗလာလက်သီးနဲ့ ထိုးသတ်ရတာဖြစ်လို့ တမူထူးခြားတဲ့ ကိုယ်ပိုင်ဟန်ရှိပါတယ်။ နောက်ပိုင်းမှာတော့ ပတ်တီးစည်းပြီး ထိုးသတ်ကြပါတယ်။ 

မြန်မာ့လက်‌ဝှေ့ဟာ ဒေသတွင်းက တခြားအရှေ့တောင်အာရှနိုင်ငံတွေက လက်ဝှေ့ နည်းတွေဖြစ်တဲ့ မွေထိုင်း (ထိုင်း)၊ မွေလာအို (လာအို)၊ ခွန်ခမာ (ကမ္ဘောဒီးယား)၊ တိုမွိုင် (မလေးရှား) တို့နဲ့ အုပ်စုတူ ဖြစ်ပါတယ်။

တခေတ်တခါက ရိုးရာလက်ဝှေ့ကြိုးဝိုင်းထဲမှာ အောင်လံအကြိမ်ကြိမ်လွှင့်ထူခဲ့ဖူးတဲ့ လက်ဝှေ့ကျော် ရွှေဓူဝံတယောက် ဘဝတပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမဲ့ ရွှေဓူဝံဆိုတဲ့ အမည်ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်တွေရင်ထဲမှာနဲ့  မြန်မာရိုးရာလက်ဝှေ့သမိုင်းစာမျက်နှာမှာ ထာဝစဉ်ထင်ကျန်ရစ်နေမှာပဲ ဖြစ်ပါတယ်။ 

နော်နိုရင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024