Home
မြန်မာသတင်း
ထားဝယ်တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံရွာသား ၃ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
March 3, 2023
334581346_938081680956873_7679511688814655126_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပေါက်တိုင်းကျေးရွာမှာ မတ် ၁ ရက် ည ၉ နာရီလောက်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက်   ဒေသခံရွာသား ၃ ဦးကို စစ်ကောင်စီတပ်က  ဖမ်းဆီးလိုက်ပါတယ်။

အဲဒီပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် မတ် ၂ ရက် ညနေ ၃ နာရီလောက်မှာ ပေါက်တိုင်းကျေးရွာရှိ နေအိမ် ၃ လုံးကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ ကား ၃ စီးနဲ့ ဝင်စီးခဲ့ပြီး ရွာသား ၃ ဦးအား ဖမ်းသွားတာဖြစ်ပါတယ်။

ဝင်ရောက်စီးနင်းခံရတဲ့ နေအိမ်တွေကတော့ ဦးတင်စိုး၊ ဦးသက်ရှိန်နဲ့ ဦးခင်မောင်ကျော်တို့ရဲ့ နေအိမ်တွေဖြစ်ပြီး သူတို့ ၃ ဦးလည်း အဖမ်းခံခဲ့ရကာ နေအိမ်ရှိ လက်ကိုင်ဖုန်း၊ ရွှေထည်နဲ့ ငွေသားတချို့ပါ သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

အဖမ်းခံရတဲ့ အမျိုးသား ၃ ဦးဟာ ရပ်ရေးရွာရေး ဆောင်ရွက်ပေးနေတဲ့ ရပ်မိရပ်ဖတွေ ဖြစ်ကြပြီး စာရင်းအတိအကျနဲ့ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

မတ် ၂ ရက် ညနေပိုင်းမှာလည်း ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား အင်အားအများအပြား ရောက်ရှိနေတယ်လို့ တံတားဖြတ်သန်းသွားလာခဲ့တဲ့ ဒေသခံတဦးက ဆိုပါတယ်။

“ဒရုန်းတစင်းပျံလာပြီး ပေါက်ကွဲသံတချက် အရင်ကြားရတယ်။ ပြီးတာနဲ့ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်ဘက်က သေနတ်နဲ့ ဆက်တိုက်ပစ်နေတာ ကြားရတယ်”လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

ပေါက်တိုင်းကျေးရွာဟာ ထားဝယ်မြို့နယ်အတွင်းရှိပြီး မြိတ်-ထားဝယ် ကားလမ်းမရှိ အရေးပါတဲ့ မြို့အဝင်တံတားစစ်ဆေးရေးဂိတ်ရှိတဲ့ ဒေသဖြစ်ပါတယ်။

စစ်ကောင်စီက မတ် ၂ ရက်ကစပြီး ပေါက်တိုင်းတံတားဂိတ်ဖွင့်ချိန်ကို မနက် ၄ နာရီအစား မနက် ၅ နာရီကို ပြောင်းရွှေ့လိုက်ပြီး ကျောက်ရပ်ရွာ၊ ဝမော်ရွာ၊ ပေါက်တိုင်းရွာတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းထွက်နေပြီး ဒေသခံရွာသားတွေ စိုးရိမ်နေကြပါတယ်။

မတ် ၁ ရက် ညကလည်း ထားဝယ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတဦး တိုက်ပိတ်ခံလိုက်ရတယ်လို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024