Home
မြန်မာသတင်း
ကုလားတန်မြစ်စီမံကိန်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် တိကျသေချာသည့် မူဝါဒများမရှိဟု သုတေသီများပြော
DVB
·
February 28, 2023

အိန္ဒိယ-မြန်မာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်မြစ် စီမံကိန်းဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျသေချာတဲ့ မူဝါဒတွေ ချမှတ်ထားတာ ဒီနေ့အချိန်ထိ မတွေ့ရသေးတာကြောင့် ရခိုင်ပြည်နယ်အတွက် သုံးမရပေမဲ့ အိန္ဒိယနိုင်ငံအတွက်တော့ အသုံးတည့်ပါလိမ့်မယ်လို့ သုတေသီတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ကုလားတန်မြစ် စီမံကိန်းဟာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကူးလူးဆက်သွယ်မှုနဲ့ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေမယ့်အပြင် နှစ်နိုင်ငံလုံးအတွက်လည်း မဟာဗျူဟာအရ အရေးကြီးတဲ့ စီမံကိန်းတခုဖြစ်တာကြောင့် ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲပြီး တည်ငြိမ်အေးချမ်းမှု ရှိလာရင် ပလက်ဝဒေသ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရဲ့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အရေး လေ့လာသူ သုတေသီတွေက လက်ရှိအခြေအနေမှာတော့ ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးထက် အိန္ဒိယနိုင်ငံအတွက် ပိုပြီး အသုံးတည့်တဲ့ စီမံကိန်းသာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

ရခိုင့်အရေးလေ့လာသူ သုတေသီတဦးက “ရခိုင်မှာ အခုအချိန်အထိပေါ့ ဒီစီမံကိန်းကတဆင့် အိန္ဒိယနိုင်ငံဆီ ရောင်းချနိုင်တဲ့ ထုတ်ကုန်က ရခိုင်မှာ ဘာထွက်ကုန်မှ မရှိဘူး။ အဓိကအားဖြင့် စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍကလည်း ကနေ့အချိန်ထိ အစိုးရအဆက်အဆက်က ဘာမှ ပြင်ဆင်လာခဲ့တာ မရှိဘူး။ နောက်တချက်က အိန္ဒိယအစိုးရကလည်း ရခိုင်ပြည်သူလူထု ရခိုင်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒီစီမံကိန်းကနေ ရခိုင်ပြည်နယ်က ထွက်ကုန်တွေကို အသုံးချနိုင်တဲ့ မူဝါဒဟာ ကနေ့အချိန်ထိ ကျနော်တို့ မတွေ့ရသေးဘူး။ အဲ့တော့ ဒီအတိုင်းသာဆိုရင် ဒီစီမံကိန်းက ရခိုင်ပြည်နယ်အတွက် ဘာမှ သုံးလို့မရနိုင်ပေမဲ့ အိန္ဒိယနိုင်ငံအတွက်ကတော့ အသုံးတည့်ပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တကယ်လို့ အိန္ဒိယဘက်က တိကျသေချာတဲ့ မူဝါဒတွေနဲ့အတူ ပြင်ဆင်လာပြီး ရခိုင်လုပ်ငန်းရှင်တွေကလည်း အိန္ဒိယအစိုးရဆီ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လမ်းကြောင်း ဖွင့်လှစ်ထားနိုင်ရင် ရခိုင်ပြည်နယ်အတွက် အကျိုးရှိလာမယ်လို့ သုံးသပ် ပြောပါတယ်။

“ဆိုတော့ အိန္ဒိယက ဒီစီမံကိန်းအတွက် ဘယ်လောက်ထိ ရခိုင်ပြည်နယ်မှာ သူတို့ ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်ကြမလဲ။ ထုတ်ကုန်လုပ်ငန်းတွေအတွက် သူတို့ ဘယ်လောက်ထိ ကူညီပံ့ပိုးပေးမလဲဆိုတဲ့ အပိုင်းကို ကျနော်တို့ စောင့်ကြည့်နေတယ်။ နောက်တချက်က ရခိုင်ပြည်နယ်က လုပ်ငန်းရှင်တွေအနေနဲ့ ဒီစီမံကိန်းနဲ့ဆက်စပ်ပြီး အိန္ဒိယအစိုးရကို တိုက်ရိုက်ပြောဆိုလို့ ရနိုင်မယ့် လမ်းကြောင်းတခုကိုလည်း ဖွင့်ထားသင့်တယ်။ အဲ့လိုဖွင့်ပြီးသွားမှ သူတို့နဲ့ပူးပေါင်းပြီး ဒီစီမံကိန်းကနေ ဘယ်လို ထုတ်ကုန်တွေ ထုတ်ကြမလဲဆိုတဲ့ လမ်းကြောင်းနဲ့ ပူးပေါင်းသင့်တယ်လို့ ကျနော်တော့ မြင်တယ်။ ဒီလိုမျိုး လုပ်နိုင်တယ်ဆိုရင်တော့ ကုလားတန်မြစ်စီမံကိန်းက တစုံတခု အတိုင်းအတာအနေနဲ့ ရခိုင်ပြည်နယ်အတွက် အကျိုးရှိပါလိမ့်မယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်ကောင်စီဆီထံက ဘာမှ ရလာစရာမမြင်ဘူး။”

တခြားတဖက်မှာလည်း ဒီစီမံကိန်းရဲ့နောက်ကွယ်မှာ အိန္ဒိယနိုင်ငံအနေနဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေးအရ ချဉ်းကပ်တဲ့ ခြေလှမ်းကလည်း ရှိနေတာပါ။

နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသူ သုတေသီက “၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယက မြန်မာစစ်ကောင်စီနဲ့ တော်တော်လေး နီးနီးကပ်ကပ်ရှိတဲ့နိုင်ငံ စာရင်းထဲမှာ ရှိလာတယ်နော်။ ဘာလို့လဲဆိုတော့ တဖက်မှာ တရုတ်ရဲ့ BRI စီမံကိန်းကြောင့်လေ။ တရုတ်ရဲ့ ဒီစီမံကိန်းက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးမှာ ထွက်ပေါက်တခုဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ရခိုင်ပြည်နယ်ကနေ စောင့်ကြည့်ချင်တဲ့သဘော အိန္ဒိယနိုင်ငံမှာ ရှိနေတယ်။ သီရိလင်္ကာမှာလည်း ဒီအတိုင်းပဲ။ ဒါကြောင့် အိန္ဒိယက ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ဘာမှ မလုပ်ထားပေမဲ့ တရုတ်စီမံကိန်းကို စောင့်ကြည့်ဖို့အတွက် ဒေါ်လာသန်းနဲ့ချီတန်တဲ့ လေယာဉ်ကွင်းကို ဝယ်ထားရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့ကြောင့် အိန္ဒိယနိုင်ငံရဲ့ အသိသာဆုံး နိုင်ငံရေးခြေလှမ်းကတော့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သြဇာအာဏာလွှမ်းမိုးမှုကို ချိန်ညှိနိုင်ဖို့အတွက် ဒီစီမံကိန်းကို အကောင်အထည်ဖော်တာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သြဇာအာဏာလွှမ်းမိုးလာမှုကို အိန္ဒိယနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်ကနေ အဓိက စောင့်ကြည့်နေလိမ့်မယ်။ ဒီ့အတွက်လည်း ဒီပရောဂျက်ကို သူတို့ မဖြစ်မနေ အကောင်အထည်ဖော်တာလို့ ကျနော်အနေနဲ့ မြင်တယ်။ တကယ်လို့ ရခိုင်ပြည်နယ်မှာ အကောင်အထည် မဖော်ရလို့ရှိရင်လည်း သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အကောင်အထည်ဖော်လို့ ရတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကို ရွေးရခြင်းက တရုတ်နဲ့ မဟာဗျူဟာ အပြိုင်သွားနေကြလို့လေ။ ဒါကြောင့် တရုတ်က အာဏာသိမ်းစစ်ကောင်စီကို ခပ်ခွာခွာနေလိုက်တဲ့အချိန်မှာ အိန္ဒိယက ပိုပြီး ချဉ်းကပ်လာတဲ့သဘော တွေ့ရတယ်။ ဆိုတော့ ဒီနေရာမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ အိန္ဒိယကလည်း တချိန်ချိန်မှာ ပါဝါချိန်ခွင်လျှာ ညှိလာဖို့အတွက် လုပ်တယ်လို့ မြင်ပါတယ်။”

ကုလားတန်မြစ်စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ တည်ဆောက်နေတာဖြစ်ပြီး ပလက်ဝကနေ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်ကို သွားမယ့် ကုန်းလမ်းကိုလည်း ဖောက်လုပ်နေတာပါ။

ဒါကြောင့် စီမံကိန်းရဲ့ ရခိုင်ပြည်နယ်ဘက်အခြမ်း အစိတ်အပိုင်းတွေဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းက ပြီးစီးနေပြီဖြစ်ပေမဲ့ ဒေသတွင်း စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အချိန် ၂၀၁၉ ခုနှစ်လောက်မှာတော့ စီမံကိန်းရဲ့ လုပ်ငန်းအားလုံးကို ရပ်နားထားခဲ့ရပါတယ်။

ဒီစီမံကိန်းထဲမှာ စစ်တွေဆိပ်ကမ်း တိုးချဲ့ဆောက်လုပ်ရေး၊ သင်္ဘောကြီးတွေ သွားလာနိုင်ရေးအတွက် ကုလားတန်မြစ် တိုးချဲ့တူးဖော်ရေးနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖောက်လုပ်ရေးတွေ ပါဝင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024