
ကွယ်လွန်သွားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်အုန်းမြင့်ရဲ့ အသုဘကို ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့ညနေ ၃ နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပ သင်္ဂြိုဟ်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
တာမွေမြို့နယ် တာမွေလေးရပ်ကွက်မှာနေထိုင်တဲ့ အငြိမ်းစားဗိုလ်ချုပ်အုန်းမြင့်ဟာ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ဗဟန်းမြို့နယ် ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) မှာ နားကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
စစ်တပ်နဲ့နီးစပ်သူတဦးက “သူက နားရောဂါခံစားနေရတာကြာပြီ၊ ဒီနေ့အသုဘကို စစ်တပ်က လူနည်းနည်းနဲ့ ပြည်ခိုင်ဖြိုးပါတီက လူတချို့ လိုက်ပို့ကြတယ်” လို့ ပြောပါတယ်။
ဗိုလ်ချုပ်အုန်းမြင့်ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရ လက်ထက်က သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက်မှာ ၂၀၁၀ -၂၀၁၅ အထိ မွန်ပြည်နယ်ဝန်ကြီးချုပ်တာဝန် ယူခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အုန်းမြင့်ကို ၂၀၀၉ ခုနှစ်မှာ စစ်တပ်ကနေ အနားပေးပြီး ကြံ့ခိုင်ရေးပါတီကနေ ၂၀၁၀ ရွေးကောက်ပွဲမှာ မုဒုံမဲဆန္ဒနယ်ကနေ ယှဥ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အုန်းမြင့်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးပါတီကနေ ထပ်မံယှဉ်ပြိုင်ခဲ့ပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်ကို ရှုံးနိမ့်ခဲ့ပါတယ်။