ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၄၅ ဦးကို ထိုင်းယာဉ်မောင်းသမား ၂ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၇ ရက် နေ့ခင်းပိုင်းက ထိုင်းအလယ်ပိုင်း ဆုဖန်းပူရီနဲ့ ချိုင်းယနတ်ခရိုင်ကြား အဝေးပြေးလမ်းမကြီးပေါ်မှာ မသင်္ကာဖွယ် အနက်ရောင် ဖော်ကျူနာကားတစီး မောင်းလာတာကြောင့် တာဝန်ရှိသူတွေက နောက်ယောင်ခံလိုက်ခဲ့ရာမှာ အဆိုပါကားဟာ ဆုဖန်းပူရီခရိုင် ဆာမ်ခုတ်မြို့နယ် ဆာမ်ခုတ်ရပ်ကွက်ထဲရောက်သွားတော့ လယ်ကွင်းထဲ မောင်းဝင်သွားပြီး ကားကိုထိုးရပ်ထားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေ လိုက်မီလာတော့ ကားပေါ်မှာ တစ်ဦးတစ်ယောက်မှ မရှိတော့လို့ အနီးနားတဝိုက်ကို လူစုခွဲပြီးလိုက်ရှာရာမှာ တရားမဝင် ဝင်လာတဲ့ မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ ပေါင်း ၁၂ ဦး နဲ့ နိုင်းမီရှဲ့ကျ အမည်ရှိ တာ့ခ်ခရိုင်သား ၁ ဦးကို ဖမ်းမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ချိုင်းနတ်ခရိုင်မှာအလုပ်သွားလုပ်ဖို့ ထိုင်းမြောက်ပိုင်းဘက်ကနေ ဝင်ရောက်လာတာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက မြန်မာ ၁၂ ဦးကို တရားမဝင် ဝင်ရောက်မှုဥပဒေအရလည်းကောင်း၊ နိုင်းမီကို တရားမဝင်သူတွေကို ထိုင်းနိုင်ငံထဲ ဝင်ရောက်နိုင်အောင် ပံ့ပိုးကူညီမှု၊ အကာအကွယ်ပေးမှုတွေနဲ့ အရေးယူဖို့ ရဲစခန်းကိုပို့လိုက်တယ်လို့ Khao Sod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မနေ့မနက် ၂ နာရီလောက်ကလည်း ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် လန်ဆွန်မြို့နယ် အမှတ် ၄၁ အာရှလမ်းမကြီးပေါ်မှာ တာဝန်ရှိသူတွေက စောင့်ကြပ်စစ်ဆေးစဉ် အနီရောင်အိမ်စီးကား တစီးပေါ်ကနေ တရားမဝင် မြန်မာ ၆ ဦးနဲ့ အသက် ၃၅ နှစ်ရွယ်ရှိ နိုင်းဖချန်းချိုးတိ ဆိုသူ ထိုင်းယာဉ်မောင်းကို ဖမ်းဆီးရမိတယ်လို့ ထိုင်း CBI ဗဟိုရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
တစ်နေ့တည်း ခရိုင်တစ်ခုတည်းမှာပဲ မနက် ၁ နာရီခွဲလောက်က နောက်ထပ် တရားမဝင် မြန်မာ ၂၇ ဦးကို ဆဝီမြို့နယ် ထာ့ဟင်ကျေးရွာအုပ်စု ရွာလမ်းထဲမှာ ဖမ်းမိကြောင်း၊ သူတို့နဲ့အတူ မီးခိုးရောင်ကား တစီးပါ ဖမ်းမိပြီး ကားမောင်းသမားကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲပဲလို့ CBI သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား - khaosod.co.th/Police TV by UCI Media