အမုန်းဇာတ်နဲ့ အဆုံးသတ်စစ်သား မဖြစ်ဖို့

“မေရယ် အထင်တော့မလွဲလိုက်နဲ့ဦး စာလွှာများရောက်မလာခဲ့ရင် မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော်” ဟိုတချိန်က အင်မတန်ခေတ်စားခဲ့တဲ့သီချင်း၊ ဆိုလို့လည်းကောင်း၊ နားထောင်လို့လည်းကောင်း၊ တောတောင်တွေထဲမှာ တိုင်းပြည်တာဝန်ထမ်းနေရတဲ့ စစ်သည်ရဲဘော်တွေ သူရဲကောင်းတွေ အဖြစ် ဂုဏ်ပြု အမွှမ်းတင်ခဲ့ကြတယ်။ သားလေးကြီးရင် ဘာလုပ်မလဲလို့ မေးလိုက်တဲ့အခါ စစ်ဗိုလ်ကြီးလုပ်မယ်ဆိုတဲ့ ကလေးရဲ့အဖြေစကားမှာ မိဘတွေ ပီတိဖြစ်ကြ ကြည်နူးခဲ့ကြတယ်။ ရပ်ထဲရွာထဲမှာအငြိမ်းစားဗိုလ်ကြီးတွေ၊ ဗိုလ်မှူးကြီးတွေများရှိရင် အလေးပေးဆက်ဆံပြီး ရိုရိုသေသေ နေရာပေးကြ၊ ပွဲလမ်းသဘင် အလှူအတန်းရှိရင် အရေးတယူဖိတ်ပြီး ဧည့်ခံကျွေးမွေးခဲ့ကြ၊ သာရေးနာရေးဆိုလည်း ဦးထိပ်ထားကာရပ်ကွက်လူကြီးအဖြစ်‌ ရှေ့တန်းတင်ခဲ့ကြတယ်။ ဇနီးမယားနဲ့ သားသမီး မိသားစုတွေဆိုလည်း အရပ်ထဲမှာ ခေါင်းမော့ ရင်ကော့ကာ ပွဲလယ်တင့်တယ်ခဲ့တယ်။

ယနေ့အချိန်မှာတော့ သူတို့အပေါ် အများအမြင်မှာ ဆန့်ကျင်ဘက်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ မိတ်ဆွေအပေါင်းအသင်းတွေကြားမှာ မျက်နှာညှိုးငယ်ခဲ့ကြပြီ။ ရပ်ထဲရွာထဲမှာ လိပ်ပြာမလုံစွာ ရှက်စရာသတ္တဝါအဖြစ် အမုန်းမျက်လုံးနဲ့ ကြည့်ခြင်းခံနေရပြီ။ ဒါတွေဟာ ပြည်သူတွေကို ရက်ရက်စက်စက် ပြုမူခဲ့တဲ့ အာဏာရူး စစ်မိစ္ဆာလူတစုရဲ့ မိုက်မဲတဲ့လုပ်ရပ်တွေက ဖြစ်တည်လာတဲ့ အကျိုးဆက်ဖြစ်တယ်။

ပြည်သူ့စစ်သားပါဆိုတဲ့ အမည်နာမကို အရုပ်ဆိုး အကျည်းတန်စေတဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မတရား အာဏာသိမ်းခြင်း၊ မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီး မီးလောင်တိုက်သွင်းခြင်းတွေရဲ့ တန်ပြန်သက်ရောက်မှုပဲ ဖြစ်တယ်။ ဒါနဲ့တင်ပြီးမလားဆိုရင် မပြီးပါဘူး။ အခိုင်အမာရေးထိုးလိုက်တဲ့ သမိုင်းဝင်မှတ်တမ်းအနေနဲ့ သားစဉ်မြေးဆက် နိုင်ငံဖျက်သူတွေအဖြစ် တည်ရှိသွားတော့မှာဖြစ်တယ်။ သမိုင်းဆိုတာ နိုင်သူရေးတယ်လို့ ဆိုကြပေမဲ့ ယနေ့အဖြစ်အပျက်များစွာဟာ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံတွေ၊ မှတ်တမ်းရုပ်ရှင်တွေအဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိနေမှာဖြစ်တယ်။

အခုခေတ် လူငယ်တွေတင်မက အရွယ်မရောက်သေးတဲ့ ကလေးလေးတွေကအစ စစ်သားကို စစ်သားလို့ မခေါ်ကြတော့ပါဘူး။ ဘယ်လိုနာမ်စားသုံးပြီး ခေါ်သလဲဆိုတာ အားလုံး သိကြမယ် ထင်ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ကလေး လူကြီး မကျန် ပြည်သူတွေက စစ်သားတွေကို ရွံမုန်းနာကြည်းသွားကြပြီ ဆိုတာပါပဲ။ မိမိတို့မွေးဖွားလာတဲ့သားကို နာမည်တူတောင် ပေးကြမှာမဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မအလ ဆိုတာနဲ့ နောက်ကနေ တောက်လျှောက် ဆဲဆိုသံ ပါလာမှာမို့ပဲဖြစ်တယ်။

သတင်းရုပ်/သံထဲမှာ မီးလောင်တိုက်သွင်းခံရတဲ့ ကျေးရွာတရွာက မီးလောင်ပြင်ထဲမှာ အမျိုးသမီးကြီးတဦး ငိုယိုပြီး ကမ္ဘာကြေတောင် ဥဒါန်းမကျေဘူးဆိုပြီး ပြောသွားတဲ့စကား ကြားလိုက်ရတော့ အတွေးတွေတသီကြီး တွေးနေမိတယ်။ ဒီအမျိုးသမီးကြီးရဲ့ မိသားစုတွေ၊ ဆွေမျိုးမိတ်ဆွေတွေ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် စစ်တပ် စစ်သားဆိုရင် အသံတောင် ကြားချင်ကြမှာ မဟုတ်တော့ဘူး။ ဒီလိုပဲ အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ လုပ်ရပ်တွေကို တွေ့ကြုံခံစားခဲ့ရတဲ့သူတိုင်း၊ မိသားစုတိုင်းက အဲ့ဒီအမျိုးသမီးကြီးလိုပဲ ပြောဆိုကြုံးဝါးနေကြမှာ ဖြစ်တယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေက ပြည်သူတွေကို ဘယ်လောက်ထိ နာကြည်းမုန်းတီးအောင် လုပ်ခဲ့သလဲဆိုတာ ကိုယ်နေထိုင်ရာဒေသ၊ ကိုယ်နေထိုင်ရာ မြို့ရွာတွေမှာ နေ့စဉ်လိုလို ဖြစ်ပျက် မြင်တွေ့ ကြားသိနေရတယ်။ က‌လေး၊ လူကြီး၊‌ ယောကျ်ား၊ မိန်းမ၊ ဘုန်းကြီး၊ မယ်သီလ၊ တိရစ္ဆာန်ပါမကျန် ဖမ်းဆီးသတ်ဖြတ် သာသနိကအဆောက်အဦ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်၊ စာသင်‌ကျောင်းနဲ့ လူနေအိမ်၊ စပါးကျီ၊ နွားတင်းကုတ်ကအစ မီးရှို့ဖျက်ဆီး ဘုရားပွဲ ကျောင်းပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲမရှောင် လေယာဉ်နဲ့ဗုံးကြဲ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ယုတ်မာရိုင်းစိုင်း ပြုမူခဲ့ကြတယ်။

သမိုင်းတရားခံစာရင်းထဲ ပါမသွားဖို့ အမုန်းဇာတ်နဲ့ အဆုံးမသတ်ဖို့ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ပြည်သူချစ်တဲ့ စစ်သားအဖြစ် အခုအချိန်မှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြပါ၊ ပြည်သူဘက်မှာ ရပ်တည်ကြပါ၊ ပြည်သူ့မေတ္တာကို ခံယူကြပါ၊ စစ်မိစ္ဆာအာဏာရူးသူ လူတစုအတွက် သားစဉ်မြေးဆက် သမိုင်းအမည်းစက် စွန်းထင်မခံကြပါနဲ့။ ပြည်ချစ်သားတို့ကို ပန်ကြားရင်း ....။

ပေကြီး

More News
Up