စစ်အုပ်စုနှင့်ပူးပေါင်းနေသော ကုလသမဂ္ဂအေဂျင်စီများ၏ ဆင်ခြေများ

ကုလသမဂ္ဂအေဂျင်စီတွေရဲ့ စစ်အုပ်စုနဲ့ပူးပေါင်းရတဲ့ အဓိကအကြောင်းရင်းဟာ ကိုယ်ကျိုးမျှော်ကိုးမှုမှန်း သိသာပေမယ့် သူတို့ရဲ့လုပ်ရပ်အတွက် ဆင်ခြေတွေပေးပြီး ကာကွယ်နေကြပါတယ်။

မြန်မာပြည်က ဝန်ထမ်းတွေအတွက်သာမက ပြည်ပရုံးချုပ်ကသူတွေအတွက်ပါ အလုပ်မြဲစေမယ့် သူတို့အတွက် လိုအပ်တဲ့ ရန်ပုံငွေဘယ်လောက် ရှာပေးနိုင်လဲဆိုတဲ့ အချက်နဲ့တိုင်းတာပြီး သူတို့ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ကြပါတယ်။ သူတို့ဟာ ပုံမှန်အားဖြင့် ရန်ပုံငွေ စုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းကို ရုံးချုပ်လုပ်ငန်းလည်ပတ်မှု တွေအတွက် သုံးပါတယ်။ ဒါကြောင့် အဖွဲ့ထဲကလူတိုင်းက ရန်ပုံငွေ ရနိုင်သလောက်များများ ရချင်ကြပါတယ်။ စိတ်မကောင်းစရာတစ်ခုက စစ်အုပ်စုနဲ့ ပူးပေါင်းတာဟာ ဒီလိုရန်ပုံငွေရဖို့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂအေဂျင်စီ အများစုက မြင်ထားကြတာပါပဲ။ 

စစ်အုပ်စုက နားလည်မှုစာချွန်လွှာ ပေးပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် ခရီးသွားလာခွင့်ပေးပါတယ်။ ဒါတွေရှိထားရင် သူတို့ဟာ ဒီနိုင်ငံမှာ အလုပ်လုပ်နေတယ်လို့ အလှူရှင်တွေကို ပြလို့ရပါတယ်။ ဒါမှရန်ပုံငွေ ရပါတယ်။ ဒါက စစ်အုပ်စုအကြိုက်ပါပဲ။ ဘာလို့လဲဆိုတော့ စစ်အုပ်စုက ကုလသမဂ္ဂအေဂျင်စီတွေကို ထိန်းချုပ်ပြီး ကုလအထောက်အပံ့တွေကို သူတို့အတွက် အကျိုးများစေမယ့် နေရာတွေကိုသာ ရောက်သွားအောင် ညွှန်ကြားကြပါတယ်။ စစ်အုပ်စုဟာ အကူအညီတွေကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုတဲ့ သက်သေတွေ အများကြီးရှိပါတယ်။ မြန်မာစစ်တပ်ဟာ “ဖြတ်လေးဖြတ်” ဗျူဟာကို ပုံသေလုပ်ထုံးလုပ်နည်းတစ်ခုလို အမြဲအသုံးပြုလာခဲ့ပါတယ်။ လက်ရှိစစ်အုပ်စုဟာလည်း နိုင်ငံတကာအကူအညီတွေကို တုတ်ယူမလား မုန့်ယူမလားဆိုတဲ့ သူ့တို့ရဲ့ ဆုပေးဒဏ်ပေးစနစ်အတွက် အရင်းအမြစ်တစ်ခုလို အသုံးပြုလာခဲ့ပြီး တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေကို အကူအညီတွေ မရောက်အောင် တားဆီးထားတဲ့တချိန်တည်းမှာ  ငြိမ်နေဖို့ ဆန္ဒရှိတဲ့သူတွေကိုတော့ မုန့်ဝေသလို နိုင်ငံတကာ အကူအညီတွေပေးပြီးဆွယ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ စစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် အာရုံစိုက်နေပုံရပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်မှန်မှုလုံးဝရှိမှာမဟုတ်ပေမဲ့ ဒါကိုအကြောင်းပြပြီး စစ်အုပ်စုနဲ့ပူးပေါင်းမယ့် တချို့အလှူရှင်တွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအတွက်တော့ အတားအဆီးဖြစ်စေမှာ မဟုတ်ပါဘူး။ တချို့နိုင်ငံတွေဟာ ဒီရွေးကောက်ပွဲကို လမ်းမှန်ပေါ်သွားမယ့် ခြေလှမ်းတစ်ခုလို့ သတ်မှတ်ပြီး တချို့ကတော့ လက်လျော့ပြီး မဖြစ်မနေ လက်ခံရမယ့်အရာတစ်ခုလို့ သတ်မှတ်သွားနိုင်ပါတယ်။ ဒီအတုအယောင် ရွေးကောက်ပွဲဟာ မင်းအောင်လှိုင်ရဲ့ မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုကို တရားဝင်မှုပေးမယ့် ရွေးကောက်ပွဲဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ ပိုမိုကြီးထွား နက်နဲလာဖို့ပဲ ဖြစ်စေလိမ့်မယ်ဆိုတဲ့အချက်ကို ကုလသမဂ္ဂအေဂျင်စီတွေဟာ တာဝန်မဲ့စွာနဲ့ ဥပေက္ခာပြုပြီး မမြင်ချင်ယောင်ဆောင်ကြပါဦးမယ်။ ရွေးကောက်ပွဲလုပ်ရင် လက်ရှိပဋိပက္ခတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ထင်နေသူတွေဟာ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေတွေအကြောင်း ဘာတခုမှာ မသိကြတဲ့သူတွေပဲ ဖြစ်တယ်။ 

ကုလအေဂျင်စီတွေနဲ့ INGO တွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ သူတို့ရဲ့လုပ်ရပ်အတွက် ဆင်ခြေအမျိုးမျိုး ပေးကြပါတယ်။ အဲ့ဒီထဲကတစ်ခုကတော့ “တစ်ခုခုလုပ်နေတာဟာ ဘာမှမလုပ်တာထက်ပိုကောင်းတယ်”ဆိုတဲ့ အပြောဖြစ်တယ်။ လိုအပ်ချက်တွေရှိနေကြောင်း ထင်သာတဲ့နေရာတွေအတွက်ဘာမှမလုပ်ပေးပဲ နေတာထက်စာရင် အကူအညီ တစ်စုံတစ်ရာပေးတာ ပိုကောင်းတယ်ဆိုတဲ့ အချက်ဖြစ်တယ်။

ဒီအကြောင်းပြချက်နဲ့အတူ “လိုအပ်ချက်တွေရှိနေတာ ငြင်းလို့မရနိုင်တဲ့အချက်ဖြစ်တယ်” ဆိုတဲ့ ဖြေရှင်းချက် တွဲပြီးပါလာလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမှာသူတို့ ဖုံးကွယ်ထားတဲ့အချက်က သူတို့ဟာ ဒီလိုမျိုးလိုအပ်ချက်တွေ ဖြစ်ပေါ်လာအောင် တမင်ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေတဲ့သူနဲ့ အပေးအယူလုပ်ပြီး အကူအညီပေးနေရတယ် ဆိုတာဖြစ်တယ်။ “လိုအပ်ချက်” ရှိနေတဲ့နေရာတချို့ဟာ ဒီလိုအပ်ချက်တွေ ဖြစ်ပေါ်အောင် ဖန်တီးနေတဲ့ စစ်အုပ်စုရဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ရှိနေပြီး ဒီစစ်အုပ်စုကပဲ တခြားနေရာတွေမှာလည်း လိုအပ်ချက်တွေ ဖြစ်အောင် ဖန်တီးနေတာပါ။

စစ်အုပ်စုက ထိန်းချုပ်မှုမရှိတဲ့ နယ်မြေတွေမှာဆိုရင် ပိုပြီးကြီးမားတဲ့ လိုအပ်ချက်တွေရှိနေပြီး အဲ့ဒီနေရာတွေမှာဆိုရင် သူတို့ဟာ အရပ်သားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာဖြစ်တယ်။ ဒါကြောင့် စစ်အုပ်စုဟာ လိုအပ်ချက်တွေ ဖြစ်ပေါ်အောင် ဖန်တီးနေပြီး နိုင်ငံတကာအကူအညီပေး‌ရေးအဖွဲ့တွေကို သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေကိုပဲ သွားခွင့်ပြုပြီး သူတို့ထိန်းချုပ်မှုပြင်ပနယ်မြေတွေကို မသွားနိုင်အောင် တားဆီးထားပါတယ်။ စစ်အုပ်စုရဲ့ ထိန်းချုပ်နယ်မြေတွေမှာပဲ အကူအညီပေးခြင်းအားဖြင့် နိုင်ငံတကာအဖွဲ့တွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေး ရည်ရွယ်ချက်အတွက် လိုအပ်ချက်ရှိတဲ့ပြည်သူတွေကို ငြိမ်ဝပ်ပိပြားအောင် ပြုလုပ်ရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီပေးနေပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့ အာဏာတည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ 

“တစ်ခုခုလုပ်တာဟာ ဘာမှမလုပ်တာထက် ပိုကောင်းတယ်” ဆိုတဲ့ ဖြေရှင်းချက်ဟာ အကူအညီအများစုကို စစ်အုပ်စုဆီကနေ တဆင့်သာ ပေးလို့ရတယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံတယ်။ နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးနေတဲ့ တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေ ရှိပေမဲ့ ဒီလိုနည်းလမ်းနဲ့ လုပ်ဆောင်နေတာတွေ အရမ်းနည်းနေပြီး ဒါကို တကယ်အလေးထားသင့်တဲ့ အစားထိုးနည်းလမ်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်း မရှိပါဘူး။ စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့တခြားနယ်မြေတွေကြား အကူအညီပေးတဲ့ ရန်ပုံငွေခွဲတမ်းကွာဟချက် ဘယ်လောက်ရှိနေပါသလဲ။ ဒီလို အချက်လက်တွေကိုတော့ ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

တခြားဆင်ခြေတွေက ပိုပြီး‌တောင် နုံချာလှပါတယ်။ ဥပမာ ဒါကကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းတွေဖြစ်ပြီး တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲလုပ်တယ် ဆိုတာမျိုးတွေပါ။ နိုင်ငံတကာ အကူအညီပေးရေး ဝန်ထမ်းတိုင်းဟာ နိုင်ငံတစ်ခုရဲ့ မတူညီတဲ့ နောက်ခံဆက်စပ်အခြေအနေကို နားလည်သင့်တယ်ဆိုပေမဲ့ “ဆီးရီးယားမှာလည်း ဒီလိုပဲလုပ်ခဲ့တာပဲ” ဆိုတာတွေကို ထပ်ကြားနေရတုန်းပါပဲ။ နည်းလမ်းတစ်ခုဟာ အခြေအနေတစ်ခုမှာ အလုပ်ဖြစ်ပေမယ့် နောက်ထပ်အခြေအနေတစ်ခုမှာ အလုပ်ဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုတဲ့ကိစ္စကို ပြောရတာ ရှင်းနေတဲ့ကိစ္စတစ်ခုကို ထပ်ရှင်းပြနေရ သလိုပါပဲ။ ပြီးရင် လုပ်ထုံးလုပ်နည်းစည်းမျဉ်း ဆိုတာတွေကလည်း ကျောက်ပေါ်မှာ စာထွင်းထားတာ မဟုတ်ပါဘူး။ အကူအညီပေးရာမှာ အလုပ်တွင်စေဖို့ ရေးထားတာပါ။ အလုပ်အတွက် အဟန့်အတား ဖြစ်စေဖို့ မဟုတ်ပါဘူး။ အသုံးမတည့်ရင် အခြေအနေနဲ့အညီ ပြင်လိုက်ရမယ့် အရာတွေပါ။ 

အဖွဲ့အစည်းအကြီးအကဲတစ်ဦးဆီက ကျွန်တော်ကြားဖူးသမျှတွေထဲမှာ အကောင်းဆုံးဥပမာကတော့ “ငါတို့ကို ဘယ်ကိုမသွားရဘူးလို့ ပြောထားပေမယ့် ဘယ်ကိုပဲသွားပါလို့ ပြောထားတာ မရှိပါဘူး” ဆိုတဲ့စကားပဲဖြစ်တယ်။ ဒီလိုအပြောအဆိုတွေဟာ မှတ်ချက်ပေးဖို့တောင် မထိုက်တန်ပါဘူး။ ဒါဟာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ နိုင်ငံကိုယ်စားပြု အကြီးအကဲတစ်ဦးဆီက ကြားခဲ့ရတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလောက်အောင် ဆင်ခြင်မှုမဲ့တဲ့ စကားပါ။ “ငါတို့နဲ့အတူ အလုပ်တွဲလုပ်နေတဲ့ CSO တွေကိုကာကွယ်ဖို့ ငါတို့ကိုယ်တိုင် နိုင်ငံထဲမှာ ရှိနေဖို့လိုတယ်” လို့သူတို့က ပြောတဲ့အခါ သူတို့ဟာ သတ္တိရှိတဲ့သူတွေလို့ ထင်စရာရှိပေမယ့် တကယ်တမ်းက သူတို့ဟာ CSO တွေကို ကာကွယ်ပေးနိုင်တဲ့ အနေအထား မရှိပါဘူး။ နိုင်ငံထဲမှာ ရှိခြင်းမရှိခြင်းက ဘာများထူးသွားပါသလဲ။ “CSO တွေဟာ အလှူရှင်တွေရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လိုက်လုပ်နိုင်မှာမဟုတ်ဘူး”ဆိုတဲ့စကားကလည်း ပြဿနာကို ရှုထောင့်အလွဲကကြည့်နေတဲ့ နောက်ထပ် ဆင်ခြေတစ်ခုပါ။ ဒီကိစ္စကိုလည်း ခကြာခဏ ဖြေထားပြီးဖြစ်တယ်။ အလှူရှင်တွေဟာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီးရိုးရှင်းလွယ်ကူ အောင်လုပ်ဖို့နဲ့ ဖြေလျော့မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ တချို့အလှူရှင်တွေက ဒါကို အကောင်အထည် ဖော်နေကြပြီးဖြစ်တယ်။ INGO တွေအနေနဲ့ နိုင်ငံပြင်ပကနေပြီး ဒါတွေကို အထောက်အကူ ပေးလို့ရပါတယ်။ တကယ်တမ်းက လက်ရှိအချိန်မှာ ဆက်သွယ်ဆောင်ရွက်မှု အများစုကိုလည်း အင်တာနက်ပေါ်ကပဲ လုပ်ကြရတာပါပဲ။ 

“တခါတလေ မကောင်းဆိုဝါးတွေကို တာလီဘန်တွေကို ဆက်ဆံသလို ဆက်ဆံဖို့လိုတယ်” လို့သူတို့ ပြောတဲ့အခါ ဒါဟာသတ္တိရှိပြီး ပြတ်သားတဲ့စကားလို့ ထင်စရာရှိပေမယ့် မြန်မာစစ်အုပ်စုဟာ တာလီဘန်မဟုတ်သလို အခြေအနေတွေကလည်း မတူပါဘူး။ “စစ်အုပ်စုနဲ့ ပူးပေါင်းတာဟာ သူတို့ကို တရားဝင်မှု ပေးနေတာ မဟုတ်ပါဘူး” ဆိုတဲ့စကားက နားထောင်လို့ကောင်းပေမယ့် တကယ်တမ်းက တရားဝင်မှုရှိလာအောင် ကူညီပေးနေကြတာပါပဲ။ သူတို့ဟာ စစ်အုပ်စုကို တရားဝင်အစိုးရတစ်ခုလို ဆက်ဆံနေပြီး အများကလည်း အလိုအလျှောက် သူတို့နည်းတူ ပိုပြီးရှုမြင်လာအောင် ဆောင်ရွက်နေပါတယ်။ ကိုယ့်လုပ်ရပ်တွေက တရားဝင်မှုပေးနေချိန်မှာ ကိုယ်ကတရားဝင်မှု မပေးပါဘူးလို့ ပြောလို့မရပါဘူး။ 

“နယ်စပ်ကနေတဆင့် လိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းလို့ မရဘူး။ လိုအပ်နေတဲ့ အတိုင်းအတာကို ဖြည့်ဆည်းဖို့ နယ်စပ်နဲ့ ပြည်တွင်း နည်းလမ်းနှစ်ခုလုံးကို သုံးဖို့လိုတယ်။” ဒါကကျိုးကြောင်းဆီလျှော်တဲ့ စကားပါ။ ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ကိုင်ခွင့်ရတဲ့ ဒေသအနည်းငယ်လေးမှာတောင် အကူအညီတွေကို စစ်အုပ်စုကပဲ ထိန်းချုပ်ထားပြီး ဒါရဲ့နောက်ဆက်တွဲ ပြဿနာတွေကို အထက်မှာ ဖော်ပြထားပြီးဖြစ်တယ်။ နယ်စပ်ဖြတ်ကျော် အကူအညီတွေပေးဖို့ နည်းလမ်းရှာဖွေတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်း (ERO) တွေနဲ့ ဆွေးနွေးမှုလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်း အတော်လေးနည်းပါတယ်။ ဒါကြောင့် ဒီစကားဟာလည်း မလုပ်ကြည့်သေးပဲ တကယ်မသိပဲပြောတဲ့ ထင်ကြေးသက်သက်ပါပဲ။ 

အကူအညီပေးတဲ့ အဖွဲ့အစည်းတွေဟာ NUG နဲ့ တခြား တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ပူးပေါင်းရင်တောင် လူသိရှင်ကြား မလုပ်ကြပါဘူး။ တဖက်မှာတော့ သူတို့ဟာ စစ်အုပ်စုနဲ့ လူသိရှင်ကြား ပူးပေါင်းကြပါတယ်။ ဒါကိုကြည့်ရင် ကောက်ချက်ချလို့ရတာက စစ်အုပ်စုသာ တရားမဝင်သူဖြစ်ပြီး စစ်အုပ်စုသာ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မီးလောင်တိုက်သွင်းမှု၊ ပြည်သူတွေအမြောက်အမြား အိုးအိမ်စွန့်ခွာထွက်ပြေးစေမှု၊ အကူအညီပေးဝေမှုကို ဖြတ်တောက်မှု၊ နောက်ကွယ်က ခြိမ်းခြောက်မှု စတာတွေကျူးလွန်နေသူ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။ ဒါမျိုးကို တခြားဘယ်သူမှ မလုပ်ပါဘူး။ ဒါကြောင့် နိုင်ငံတကာအကူအညီ ပေးသူတွေဟာ စစ်အုပ်စုနဲ့ လူသိရှင်ကြား ပူးပေါင်းပြီး တခြားသူတွေနဲ့ အလားတူ မလုပ်ဆောင်ဘူးဆိုရင် သူတို့ဟာ ရက်စက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေကို အားပေးထောက်ခံနေတယ်လို့ အများက သေချာပေါက် မြင်ကြမှာပါပဲ။ 

တကယ်တမ်း NUG က ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ သူတို့ထိန်းချုပ်နယ်မြေတွေ အတွင်းမှာ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးမယ်ဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်ကုလသမဂ္ဂအေဂျင်စီနဲ့ နိုင်ငံတကာ အဖွဲ့အစည်းကမှ လိုက်မလုပ်ကြသေးပါဘူး။ တချို့ ကုလသမဂ္ဂအေဂျင်စီတွေဟာ NUG တို့ ERO တို့နဲ့ ညှိနှိုင်းမှုမရှိပဲ ဒေသခံအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ကြပါတယ်။ ဒါဟာ NUG နဲ့ ERO တွေရဲ့ စိုးမိုးမှုကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ဒီကုလသမဂ္ဂအေဂျင်စီတွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်းတာကြောင့် ဒေသခံအဖွဲ့အစည်းတွေက သူတို့ကို သိပ်ပြီး အယုံအကြည်မရှိကြပါဘူး။ 

ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲတွေဟာ စစ်အုပ်စုဆီက နားလည်မှုစာချွန်လွှာယူတာကို အလုပ်တွင်ဖို့ လက်တွေ့နည်းလမ်း တစ်ခုအနေနဲ့ မြင်ကြပြီး NUG နဲ့ ပူးပေါင်းဆောင်ရွက်တာကို အကျိုးမရှိဘူးလို့ မြင်နေကြပါတယ်။ ဒီလိုနည်းနဲ့ ဒီနိုင်ငံတကာအကူအညီပေးရေးလုပ်ဆောင်နေတဲ့ အသိုက်အဝန်းဟာ စစ်အုပ်စုရဲ့ ဓားစာခံ အဖြစ်ခံနေကြပါတယ်။ စစ်အုပ်စုရဲ့ ထောက်ခံမှုနဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့ သူတို့ ညှိနှိုင်းလာခဲ့တာ ၂ နှစ်နီးပါး ရှိနေပါပြီ။ ဒါပေမဲ့ သူတို့ဟာ ခုချိန်ထိ စစ်အုပ်စုရဲ့ အကြမ်းဖက်သောင်းကျန်းမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေရဲ့ အမှန်တကယ် အရေးတကြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အကြီးအကျယ် ပျက်ကွက်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ INGO တွေဟာ သူတို့ရဲ့ ဌာနချုပ်ရုံးတွေ၊ ဝန်ထမ်းတွေနဲ့၊ မြေပြင်လုပ်ငန်းလည်ပတ်မှုစတဲ့ကုန်ကျစရိတ်တွေအတွက်တော့ မပျက်မကွက် သုံးစွဲကြပါတယ်။ စိတ်မကောင်းစရာကောင်းတာက နိုင်ငံတကာအသိုက်အဝန်းတွေဟာ NUG နဲ့ အရက်ဘက်အဖွဲ့အစည်းတွေနဲ့ ချဉ်းကပ်ဆောင်ရွက်ရာမှာ မောက်မာမှုတွေ ရှိနေပုံပေါ်ပါတယ်။ စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းအပေါ် ဖြေရှင်းချက်ပေးဖို့ အဆင်သင့်ဖြစ်လေ့ ရှိပေမယ့် NUG ကို တရားဝင်အာဏာပိုင်အဖြစ် ဆက်ဆံဖို့ဆိုရာမှာတော့ ကဲ့ရဲ့သရော်လိုကြပါတယ်။  

အမေရိကန်ပြည်ထောင်စု လွှတ်တော်မှာ မကြာသေးခင်ကပဲ NUG ၊ ERO နဲ့ PDF တွေအတွက် တိုက်ခိုက်ရေးသုံးမဟုတ်တဲ့ အကူအညီတွေပေးဖို့ပါဝင်တဲ့ Burma Act ကို အတည်ပြုလိုက်တာကြောင့် အလှူရှင်တွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှု အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်သုံးသပ်ပြီး အကူအညီပေးနေတဲ့ နည်းလမ်းတွေကို အလှည့်အပြောင်းလုပ်ရမယ့် အခွင့်အရေးတစ်ခုအဖြစ် အသုံးချဖို့ မျှော်လင့်မိပါတယ်။ ပထမဆုံး လုပ်သင့်တဲ့အရာတစ်ခုက အကူအညီတွေကို ဘယ်လိုနည်းတွေနဲ့ အကောင်းဆုံး ပေးပို့ကြမလဲဆိုတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး NUG နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေရုံးအဖွဲ့ (UNCT) ကြား အစည်းအဝေးလုပ်ဖို့ ဖြစ်ပါတယ်။ NUG နဲ့ ERO တို့ဟာ ဒါကို တက်တက်ကြွကြွ တောင်းဆိုခဲ့တဲ့သူတွေဖြစ်ပေမယ့် ကုလသမဂ္ဂအေဂျင်စီနဲ့ INGO တွေရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပါတယ်။ ကုလသမဂ္ဂအေဂျင်စီ တစ်ခုကဆိုရင် သူတို့အနေနဲ့ ERO တွေနဲ့ ချိတ်ဆက်မှုရှိတဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ လက်တွဲအလုပ်လုပ်မှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြောခဲ့တာပါ။ အမေရိကန်အစိုးရဟာ အကြီးဆုံးအလှူရှင်ဖြစ်တာကြောင့် ညှိနှိုင်းမှုတွေဖြစ်လာပြီး အားလုံး စားပွဲဝိုင်းပေါ်ရောက်လာအောင် သူတို့အနေနဲ့ ပိုပြီးတက်တက်ကြွကြွ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ 

Paul Greening

( စာရေးသူ Paul Greening သည် ကုလသမဂ္ဂအကြီးတန်း ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အာရှနိုင်ငံများရှိ ကုလသမဂ္ဂ အေဂျင်စီ ၆ ခုနှင့် INGO ၄ ခုတွင် စုစုပေါင်း နှစ် ၂၀  ကြာ လုပ်ကိုင်ခဲ့သူဖြစ်သည်။ သူသည် IOM တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့ပြီး ထိုစဉ်က ရခိုင်ပြည်နယ်၊ စစ်မြို့တွင် အခြေစိုက်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာနိုင်ငံ တရားမဝင်စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးစည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများတွင် ပါဝင်လာခဲ့ပြီး အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်ခဲ့ရသူများကို အားပေးကူညီလျက်ရှိသည်။ ) 

More News
Up