Home
ဆောင်းပါး
စစ်အာဏာရှင်လက်ထက် ၂၀၂၂ ခုနှစ်တနှစ်တာ မြန်မာ့စီးပွားရေး ဘာတွေဖြစ်ခဲ့သလဲ
DVB
·
January 2, 2023

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းနဲ့  ပတ်သက်လို့  ၂၀၂၂ ခုနှစ် ပထမ ၆ လတာ ကာလအပြီးမှာ  ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ (GDP) ဟာ ၃ ဒသမ ၇ ရာခိုင်နှုန်း ရရှိမယ်လို့ မျှော်မှန်းတယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စီမံဘဏ္ဍာဒုဝန်ကြီးက   ဒီဇင်ဘာ ၂၀ ရက်က  တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး Virtual စနစ်နဲ့ ကျင်းပခဲ့တဲ့ အာဆီယံ + ၃ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးနဲ့ ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ ယိုင်နဲ့ခဲ့ရတဲ့အပြင် ပြည်ပကနေ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ၊ အထူးသဖြင့် ဒီမိုကရေစီ စံတန်ဖိုးကို လေးစား လိုက်နာကြတဲ့ ကုမ္ပဏီကြီးက ဒီနှစ်ထဲမှာပဲ  မြန်မာနိုင်ငံကနေ တဖြည်းဖြည်း ပြန်လည်ထွက်ခွာနေကြတာပါ။

ဒါကြောင့်ပဲ ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက် နေ့စွဲနဲ့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ Global Economic Prospects ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအလားအလာများ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ စာရင်းမှာ မြန်မာနိုင်ငံကို ချန်လှပ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ မြင့်မားလွန်းတဲ့ မသေချာ မရေရာမှုတွေကြောင့် ချန်လှပ်ခဲ့တာ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က မှတ်ချက်ပေးထားပါတယ်။

ဆိုတော့ စစ်ကောင်စီ လက်အောက်ခံ စီမံဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းရဲ့ ပြောဆိုမှုတွေဟာ မြေပြင်အခြေအနေမှန်နဲ့ ဘယ်လောက် နီးစပ်မှု ရှိပါသလဲ။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “သူတို့ကသာ စီးပွားရေးတိုးတက်မှု ရှိတယ်ဆိုပြီး ပြောနေတာဗျ။ ကျနော်တို့လုပ်ငန်းရှင်တွေကတော့ စီးပွားရေးလုပ်ရတာ တဖြည်းဖြည်းနဲ့ ကျုံ့လာနေပြီ။ ဟိုဟာ မသွင်းနဲ့ ဒီဟာ မသွင်းနဲ့ ဆိုပြီး သွင်းကုန်တွေအပေါ်မှာ လိုက်ကန့်သတ်နေတာက အလုပ်မဖြစ်ဘူး။ ကုန်သည်ဆိုတာက ဈေးကွက်ကိုကြည့်ပြီး လုပ်ကိုင်နေကြတာ။ ဒီတော့ တိုးတက်တယ်ဆိုတာက သူတို့ ဘာကြည့်ပြီး ပြောလဲတော့ မသိဘူး။ တခြား မကြည့်ပါနဲ့။ တနေရာနဲ့ တနေရာ ကုန်စည်စီးဆင်းဖို့အတွက်ကိုတောင် အဆင်ပြေ ချောမွေ့မှုရှိအောင် မလုပ်ပေးနိုင်တာဗျာ။ ကျနော် မြင်တာကတော့ သူတို့ လုပ်တတ်တာ သေနတ်ပြပြီး အကြမ်းဖက်တာပဲ လုပ်တတ်တာ”  လို့ ဒီဗွီဘီကို ပြောပါတယ်။

တခါ စီးပွားရေးသုတေသီ တဦးကလည်း “ကျနော်တို့ အမြဲပြောနေတာက စီးပွားရေးနဲ့ နိုင်ငံရေးက အမြဲ ဒွန်တွဲနေတာလေ။ နိုင်ငံရေး ပုံရိပ်ကောင်းမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာမယ်။ ဒီတော့မှ နိုင်ငံတကာကပေးတဲ့ ODA Loan  နဲ့ နည်းပညာ အကူအညီတွေ ရမယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းတွေလဲ ကောင်းလာမယ်။ ဒါမှ တိုင်းပြည်ရဲ့ စီးပွားရေးက တိုးတက်လာမှာလေ။ အဲ့လိုအခြေအနေ မရှိပဲနဲ့ မြန်မာပြည်လို နိုင်ငံမျိုးက ဘယ်လိုလုပ် တိုးတက် အောင်လုပ်နိုင်မှာလဲ။ ဒီတော့ မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာ အလုပ်သင့်ဆုံးက က်ိုယ့်နိုင်ငံရဲ့ ပုံရိပ်ကောင်းလာအောင် နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်နိုင်အောင် ဦးစားပေး လုပ်ဖို့လိုတယ်။ ဆိုတော့ ဒါတွေကို မဖြေရှင်းနိုင်သမျှ မြန်မာပြည်စီးပွားရေးက နလန် ပြန်ထူဖို့တောင် မလွယ်ဘူး” လို့ ဒီဗွီဘီကို အခုလို မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီလက်ထက် ငွေကြေးဖောင်းပွမှု

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး လပေါင်း ၂၂ လအကြာ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်းနီးပါး မြှင့်တက်လာတယ် လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် အတွင်းမှာ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။

ဘာကြောင့် ငွေကြေးဖောင်းပွမှု ရှိရတာပါလဲ။ ဘောဂဗေဒ သီအိုရီအရ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏနဲ့ ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏတို့ဟာ အချိုးညီတဲ့ အားမျှခြေအပေါ်မှာ ရှိနေဖို့ လိုပါတယ်။ တကယ်လို့ ပြည်တွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏက များနေပြီး ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ထုတ်လုပ်မှု ပမာဏက နည်းနေပြီဆိုရင် တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည်လေ့လာတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)လက်ထက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ် ကာလအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၆ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်မတိုင်မီကာလ ၂၀၂၀ ပြည့်နှစ်မှာတော့ ပြည်တွင်းမှာ ဓာတ်အားခနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ် က ဆိုပါတယ်။

စီးပွားရေးသုတေသီတဦးက “မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုဟာ တည်ငြိမ်နေတဲ့ကာလတုန်းက ၇ နဲ့ ၈ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တယ်။ အဲဒီကနေ ၂၀ ရာခိုင်နှုန်းနီးနီးဆိုတော့ တော်တော်လေးများတာပေါ့။ သီအိုရီအရ ပြောရင်တော့ ငွေကြေးဖောင်းပွမှုနှုန်းက အနည်းဆုံး ၁၀ ရာခိုင်နှုန်း အောက်မှာသာ ရှိသင့်တယ်လို့ ပြောကြတယ်။ ဖြစ်နိုင်မယ်ဆိုရင် ၅ ရာခိုင်နှုန်း အောက်သာ ထားရမယ်။ ၅ ရာခိုင်နှုန်း အောက်သာ ရှိရမယ်ဆိုတာ စီးပွားရေးပညာရှင်တွေရဲ့ အမြင်ပေါ့နော်။ တကယ်လို့ ၁၀ ရာခိုင်နှုန်း ထက်ကျော်လာရင် တိုင်းပြည်မှာ စီးပွားရေး အခက်အခဲတွေ ဖြစ်ပေါ်လာစေပြီး အထူးသဖြင့် ပင်စင်စားတွေ အနိမ့်ဆုံး လုပ်ခရတဲ့သူတွေနဲ့ လက်လုပ်လက်စားတွေ ဒီလူတန်းစား သုံးရပ်ကို ထိခိုက်စေတယ်။ အခုတော့ ငွေကြေးဖောင်းပွမှု နှုန်းက ၂၀ ရာခိုင်နှုန်းနီးနီးဆိုတော့ တော်တော်လေး ကြောက်စရာ ကောင်းတယ်။ ဒီ ငွေကြေး ဖောင်းပွမှုနှုန်းကို တန့်သွားအောင် လုပ်လို့ရတဲ့ စီးပွားရေး ပေါ်လစီတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒီ ပေါ်လစီတွေကို လက်တွေ့မှာ ဘယ်လောက်အသုံးချနိုင်မလဲ ဆိုတာကလဲ ထည့်စဉ်းစားဖို့ လိုတယ်။ ဘာကြောင့်လဲဆို ငွေကြေးဖောင်းပွမှုနှုန်း တက်လာလို့ရှိရင် ထိန်းချုပ်ရ ခက်တယ်။ အဆိုးဆုံးက စားဝတ်နေရေး ကျပ်တည်းလာမယ်။ ဒါကြောင့် အကျပ်အတည်း တခု ဖြစ်လာပြီ ဆိုရင် သူက တခုတည်းနဲ့ ရပ်တန့် မနေဘူး။ ကြောက်စရာ ကောင်းတယ်” လို့ ဒီဗွီဘီကို ပြောပါ တယ်။

ဒီ့နောက် ဘောဂဗေဒပညာရှင်တဦးကလည်း “NLD လက်ထက်မှာလဲ လိုငွေ ပြခဲ့တာပဲ။ ကိုဗစ်ဖြစ်တော့ ကျန်းမာရေးအတွက် အသုံးစရိတ်က ရှိတော့ သုံးရမှာပဲလေ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရဖြစ်တော့ ကျနော်တို့က ငွေစက္ကူတွေ ရိုက်မထုတ်ဖို့ ပြောကြတော့ မထုတ်ခဲ့ကြဘူး။ လိုတဲ့ငွေ ဘယ်ကရလဲဆိုတော့ အစိုရရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီး ဖြေရှင်း ကြတယ်။ အဲ့တုန်းကတော့ ရောင်းလို့ရတယ်။ စီးပွားရေးက ပုံမှန်လည်ပတ်နေတာ ဆိုတော့ ပြည်သူကလဲ ဝယ်တယ်၊ ဘဏ်တွေကလဲ ဝယ်ကြတယ်။ ဒါပေမဲ့ အခုဟာ ခေတ်က ပြောင်းလဲသွားပြီ။ သူတို့ထုတ်ရောင်းလဲ ပြည်သူတွေက မဝယ်ကြ သလို ဘဏ်ကလဲ ဝယ်မှာ မဟုတ်ဘူး။ ငွေတိုက်စာချုပ်တွေကို သူတို့ထုတ်ရောင်းဖို့အတွက် ကြေညာတာ နှစ်ခါ သုံးခါ လောက်ရှိတယ်နော်၊ ကျနော် တွေ့တာ။ ဒါပေမဲ့ မရောင်းရဘူးလို့ ကျနော်တော့ ထင်တာပဲ။ ဒီတော့ မရောင်းရရင် သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်းပဲ ရှိတော့တယ်။ ဒီတော့ ငွေကြေးဖောင်းပွမှု ပြဿနာက ပိုဆိုးမယ့် သဘော ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ အရင်စစ်အစိုးရဖြစ်တဲ့ နဝတ၊နအဖ ခေတ်မှာ လိုငွေတွေအတွက် ငွေစက္ကူရိုက်နှိပ် ထုတ်ဝေပြီး ဖြေရှင်းခဲ့သလို လက်ရှိ စစ်ကောင်စီကလည်း လိုငွေအတွက် ငွေစက္ကူရိုက်နှိပ်တဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းမှာဖြစ်လို့ ပြည်တွင်း ငွေကြေး ဖောင်းပွမှုက စိုးရိမ်စရာ အခြေအနေ ရှိနေပါတယ်။

စစ်ကောင်စီလက်ထက် နိုင်ငံခြားငွေ ဒေါ်လာ အကျပ်အတည်း

ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်နေ့စွဲနဲ့ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာနဲ့စပ်လျဉ်းပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တုန်လှုပ်ခြောက်ခြားစေခဲ့ရပါတယ်။ အကြောင်းရင်းက ပို့ကုန်ရ ဝင်ငွေတွေ အပါအဝင် ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ နိုင်ငံခြားသုံးငွေဖြင့် ရရှိတဲ့ဝင်ငွေတွေကို ဗဟိုဘဏ်ငွေလဲနှုန်း တဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့ ပြောင်းလဲရမယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ကြောင့် ပြည်တွင်းက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေဟာ အထိနာခဲ့ ရပြီး အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။

“သူတို့က တဒေါ်လာ ကို ၁၈၅၀ ကျပ်နှုန်းနဲ့ စပြီး အမ်းကတည်းက ပို့ကုန်သွင်းကုန်နဲ့ပတ်သတ်တဲ့ အလုပ် ဘာတခုမှ မလုပ်တော့ဘူး။ စိတ်ရှုပ်လို့။ အဲ့ဒါတွေကို ဘာမျှ မလုပ်ချင်တော့လို့ အကုန်မေ့ထားလိုက်ပြီ။ ဒီအချိန်မှာ အခက်အခဲကတော့ လူတိုင်းမှာ ရှိကြတာပဲနော်။ ကုန်သည်ဆိုတာက သူ့နည်း သူ့ဟန်နဲ့တော့ ဖြစ်အောင် ရုန်းကြမှာပါ။ ဒါပေမဲ့ လုပ်ငန်းရပ်တဲ့ သူတွေလဲ ရပ်သွားကြပြီ။ ဒါပေမဲ့ မလုပ်ရင် မဖြစ်တဲ့ သူကတော့ ကြိုးစားပြီး ဆက်လုပ်ကြမှာပေါ့နော်။ အခြေအနေတွေအရ အဲဒီလိုတွေ ဖြစ်ကုန်ပြီ”လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်က အဆိုပါကြေညာချက်ကို ထုတ်ပြန်ပြီး လပေါင်း ၃ လကျော်အကြာ စစ်ကောင်စီခန့် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံမှာ အရန်ငွေကြေး အဖြစ် ဒေါ်လာ ထိုက်သင့်သလောက် စုဆောင်းပြီး ဖြစ်တယ်လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့တာပါ။ ဒါပေမဲ့ ငွေကြေးပမာဏ ဘယ်လောက် ထားရှိသလဲ ဆိုတာကိုတော့ အတိအကျ ပြောဆိုခဲ့တာ မရှိပါဘူး။

အဆိုပါပြောဆိုချက်အပေါ် စီးပွားရေးသုတေသီတဦးက “သူတို့ ပြောသလို ရှိတယ်ဆိုရင် ဒေါ်လာနဲ့ပတ်သက်ပြီး အများတကာကို လည်ပင်း လိုက်ညှစ်ဖို့ မလိုဘူးလေ။ အခုဟာ သူတို့ လုပ်နေတာက လည်ပင်း မညှစ်ရမယ့်ဟာတွေကို လိုက်ပြီး လည်ပင်း ညှစ်နေတာ။ နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ကျပ်ငွေ နဲ့ အတင်းအဓမ္မ လဲလှယ်ပြစ်တာ။ တခါ ပြည်တွင်းမှာ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေ အနေနဲ့ ပြည်ပမှ ချေးယူထားတဲ့ နိုင်ငံခြားငွေကြေးတွေကို ဆိုင်းငံ့ထားဖို့ ဆိုတဲ့ ဒီလို ထုတ်ပြန်ချက်တွေက စီးပွားရေး လောကမှာ အတော် ရုပ်ဆိုးအကျည်းတန်စေတယ်နော်။ ဒါတွေက ဒေါ်လာ လိုအပ်ချက် မရှိပဲ နဲ့ လုပ်နေတာ မဟုတ်ဘူးလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ်အတွင်းက ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် လေ့လာသုံးသပ်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြား အရန်ငွေကြေး ပမာဏကို စစ်ကောင်စီက ထုတ်ပြန်တာ မရှိတော့တဲ့အတွက် လက်ကျန် ပမာဏ ဘယ်လောက်ကျန်ရှိလဲ ဆိုတာကို မသိနိုင်တော့ပါဘူး။

ဒေါ်လာဈေးကွက်

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် တဒေါ်လာ တန်ဖိုးဟာ မြန်မာငွေ ကျပ် ၄၀၀၀ ကျော် အထိ စံချိန်တင် အမြင့်ဆုံး ရှိခဲ့တာပါ။

ဒီသက်ရောက်မှုက နိုင်ငံခြားငွေကြေးနဲ့တင်သွင်းနေရတဲ့ သွင်းကုန်တွေရဲ့ ဈေးနှုန်းဟာ အဆမတန် ကြီးမြင့်လာပြီး အခြေခံကုန်ဈေးနှုန်းကလဲ လိုက်ပါ ကြီးမြင့်လာပါတယ်။

အခုလို သက်ရောက်မှု ရှိလာတဲ့အပေါ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်ပကနေ တင်သွင်းရတဲ့ စက်သုံးဆီ ဈေးကြီးမြင့်မှုကြောင့် အခြေခံကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ် ချက်နဲ့ န်ိုင်ငံခြားငွေကြေးဈေးကွက်ကတဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို ထောက်ပံ့ပေးမယ်လို့ သြဂုတ်လ ၃၁ ရက် ညနေခင်းမှာ ထုတ်ပြန်လာပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် အမေရိကန် တဒေါ်လာ တန်ဖိုးဟာ သြဂုတ်လ ၃၁ ရက်က ၄၃၀၀  နဲ့ ၄၄၀၀ ကျပ် ရှိခဲ့ရာကနေ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ၃၅၀၀ နဲ့ ၃၇၀၀ လောက် ပြန်ကျဆင်းခဲ့တာ တွေ့ရပါတယ်။

အလားတူ စက်သုံးဆီဈေးနှုန်းကလည်း အောက်တိန်း အမျိုးအစားက ၁ လီတာကို ၂၃၀ ကျပ် နဲ့ ဒီဇယ်အမျိုးအစားက ၁ လီတာကို ၁၀၅ ကျပ် အသီးသီး ကျဆင်းလာပါတယ်။ ဒါပေမဲ့ အခြေခံကုန်ဈေးနှုန်းဖြစ်တဲ့ ဆန် နဲ့ ဆီ ဈေးနှုန်းကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။

ဆိုတော့ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးအပေါ် ကိုင်တွယ်တဲ့ နည်းလမ်းက အလုပ်ဖြစ်ပါ့မလား ဆိုတဲ့အပေါ် စီးပွားရေး သုတေသီ တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“သူတို့ အခုလို ထုတ်ရောင်းပြီး ဖြေရှင်းတဲ့ ကိစ္စက ရေတိုမှာတော့ ဟုတ်တယ်။ ရေရှည်မှာ သူတို့ ဘယ်လောက်ထိ ထုတ်ရောင်းပေးနိုင်မလဲ။ ပြီးတော့ သူတို့ဆီမှာ ဘယ်လောက် ရှိသလဲပေါ့။ ဒါက ကျနော်မြင်တာ ရေတိုဖြေရှင်းနည်းပဲ။ တကယ်လို့ ရေရှည်ပေါ့နော်။ ဈေးကွက်ရဲ့ လိုအပ်သလောက် ထုတ်ရောင်းပေးနိုင်ရင်တော့ ပြဿနာ မရှိဘူး။ အဲ့ဒါဆို ကျပ်ငွေက ခိုင်မာ လာမယ်။ ဒါပေမဲ့ တကယ်တမ်းက အဲ့လို လုပ်လို့ မရဘူးဗျ။ ငါ ဒီလိုလုပ်လိုက်ရင် ကောင်းကျိုးက ဘာဖြစ်မလဲ၊ ဆိုးကျိုးက ဘာဖြစ်မလဲဆိုတာ လွှမ်းခြုံပြီး စဉ်းစားရမှာ။ ဆိုတော့ ပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြီးမှ ပေါ်လစီ ကို ချမှတ်သင့်တာပေါ့။ အခုဟာက ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေက လူတွေ ရယ်စရာ ဖြစ်နေတယ်။ အယုံအကြည်လဲ မရှိတော့ဘူး။ ဘာလို့လဲဆို တရက်တမျိုး ထုတ်နေတာလေ။ ကျနော်တို့မြင်တာက ဗဟိုဘဏ်အနေနဲ့ ထုတ်ပြန်ချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပေါ်လစီကို ရှေ့နောက် စဉ်းစားပြီး အဓိပ္ပါယ် ရှိတဲ့ ထုတ်ပြန်ချက်တွေ ဖြစ်သင့်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ “ကမ္ဘာ့ဈေးကွက်မှာ နိုင်ငံခြားသုံးငွေကြေး ဒေါ်လာတန်ဖိုးက မာလာတဲ့အပြင် ပြည်တွင်းက နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ အချက်အလက်တွေအရ ပြည်တွင်းဈေးကွက်မှာ ဒေါ်လာတန်ဖိုးက တဟုန်ထိုး တက်သွားခဲ့ရတယ်။ အဲ့ဒါကြောင့် ပထမ ပိုင်းမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပြီး ဒေါ်လာတန်ဖိုး အတက်အကျကလဲ အရမ်းကြမ်းခဲ့ရတယ်။ သို့သော် ပြီးခဲ့တဲ့ နှစ်လ အတော်အတွင်း ကစပြီး ဒေါ်လာလဲလှယ်နှုန်းကို ဗဟိုဘဏ်က ၂၁၀၀ ကျပ်နှုန်းအထိ ဆွဲတင်ပြီး ပုံသေ သတ်မှတ်ပေးပြီး တဲ့နောက် အပြင်ဈေးကွက်မှာ အခုဆိုရင် ၃၀၀၀ ကျပ်အောက်အထိ ပြန်ဆင်းသွားပြီး တည်ငြိမ်နေတယ်။ ဆိုတော့ ဗဟိုဘဏ်ရဲ့ ကိုင်တွယ်မှု နည်းလမ်းတွေထဲမှာ အကြမ်းမျဉ်းပြောရရင် မြန်မာငွေတန်ဖိုး မာလာအောင် ပြန်ပြီး ကိုင်တွယ် လာတဲ့အတွက် ဒေါ်လာတန်ဖိုးက ပြန်ပြီးတော့ တည်ငြိမ်လာတယ်ပေါ့။ ဒါပေမဲ့ တခြားတဖက်မှာ ဘာတွေ့ရလဲဆိုတော့ ဒေါ်လာတန်ဖိုးကို ထိန်းချုပ်ကိုင်တွယ်လာတဲ့အတွက်ကြောင့် စီးပွားရေးနဲ့ပတ်သတ်ပြီး လုပ်ကိုင်ရတဲ့နေရာမှာ ကျပ်တည်း မှုတွေ ရှိလာခဲ့တယ်။ ဘာကြောင့် စီးပွားရေးတွေ ကျပ်တည်းရလာတာလဲဆိုရင် ငွေကြေးလည့်ပတ်သုံးစွဲမှု အားနည်း သွားရတဲ့ အချက်တချက်လဲ ပါတယ်။ ပြီးတော့ ပို့ကုန် နဲ့ သွင်းကုန် တွေအပေါ် ထိန်းချုပ်တာတွေကြောင့်လဲ ပါတယ်။ ဒါကြောင့် စီးပွားရေးမှာ အတော့်ကို ခက်ခဲမှုတွေ ဖြစ်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာနောက်ဆုံးအပတ်မှာတော့ ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ငွေကြေး တဒေါ်လာ တန်ဖိုးဟာ မြန်မာငွေ ၂၉၀၀ နဲ့ ၃၀၀၀ ကျပ်အကြားမှာ အရောင်းအဝယ် ရှိနေပြီး တည်ငြိမ်နေတာ တွေ့ရပါတယ်။

ရွှေဈေးကွက်

နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် မူတည်ပြီး ဈေးအတက်အကျ ရှိနေတဲ့ ပြည်တွင်းအကယ်ဒမီ(မီးလင်း) ရွှေဈေးကွက်ဟာ ၂၀၂၂ ခုနှစ် နှစ်အစ ဇန်နဝါရီမှာ  တကျပ်သားကို ၁၈ သိန်းခွဲ ကျပ်နဲ့ ဈေးစ ဖွင့်ခဲ့တာပါ။ ဒါပေမဲ့ လပေါင်း ၈ လအကြာ သြဂုတ်လ နောက်ဆုံးအပတ်မှာတော့ ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေးဟာ တကျပ်သားကို ၃၈ သိန်းကျပ် အထိ စံချိန်တင် အမြင့်ဆုံးရှိခဲ့တာကြောင့် ၂၀၂၂ တနှစ်တာအတွင်းမှာ ပြည်တွင်းရွှေဈေးက တကျပ်သားကို ကျပ် သိန်း ၂၀ နီးပါး ဈေးမြင့်တက်သွားပါတယ်။

ရွှေဈေး အခုလို အတက်ကြမ်းခဲ့တဲ့တာကြောင့် ရန်ကုန် အပါအဝင် မန္တလေးတိုင်းဒေသကြီးရှိ ရွှေလုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး လူ တယောက်ကို တဆယ်ကျပ်သားနှုန်းနဲ့ ရောင်းချပေးလာတဲ့အတွက် ရွှေဈေးက ပြန်ကျလာပါတယ်။

ရန်ကုန်အခြေစိုက် ရွှေကုန်သည်တဦးက “ရွှေဈေးနှုန်း တည်ငြိမ်စေဖို့ အသင်းက ဦးဆောင်မှုနဲ့ ကုန်သည်တွေ စုပြီး ရွှေတွေကို ထုတ်ရောင်းပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ မသမာသူတွေက ဈေးကွက် မငြိမ်အောင် ခြောက်လှန့်ပြီး လုပ်နေတာတွေ ရှိနိုင်တယ်လေ။ ရွှေကို ဝယ်မရဘူး ဆိုရင် သူသူငါငါ လူတွေက ဝယ်ချင်ကြတာ။ ဝယ်လို့ ရပြီဆိုရင် မဝယ် ချင်တော့ဘူး။ ဒါကြောင့် ရန်ကုန်တိုင်းနဲ့ မန္တလေးက ရွှေကုန်သည်တွေ စုပြီးတော့ ရွှေတွေ ရောင်းချပေးခဲ့တာ။ အဲ့လိုရောင်းချပေး လိုက်တော့ အရင်ဝယ်ချင်နေတဲ့ သူတွေက အရောင်းဘက်မှာ ပြန်ထိုင်သွားကြတယ်လေ။ ဒါကြောင့် ရွှေဈေးက ပြန်ကျသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အတက်ကြမ်းခဲ့တဲ့ ပြည်တွင်းအကယ်ဒမီ(မီးလင်း)ရွှေဈေးဟာ စက်တင်ဘာလဆန်းမှာ တကျပ်သားကို  ၃၂ သိန်း နဲ့ ၃၃ သိန်း ကျပ်အကြား ပြန်ဆင်းသွားခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ၂၆ သိန်း ကျပ်အထိ ပြန်ကျလာပါတယ်။ ဒီ့နောက် အောက်တိုဘာ ပထမအပတ်မှာတော့ ၂၄ သိန်း ၃ သောင်း ကျပ်နဲ့ အနိမ့်ဆုံးအထိ ရွှေဈေးက စံချိန်တင် ပြန်ဆင်းသွားပါတယ်။

ဒီအခြေအနေအပေါ် ရောင်းမှား ဝယ်မှား ရှိခဲ့တဲ့ သူတွေကတော့ ကုန်သည်အသိုင်းအဝန်းက မဖြစ်နိုင်ဘူးလို့ ရွှေလုပ်ငန်းရှင် တဦးက အခုလို မှတ်ချက်ပေးပါတယ်။

“ရွှေကုန်သည်တွေဆိုတာက လက်ထဲ ရွှေ ရှိရင် ရောင်းချင်တယ်။ လက်ထဲ ငွေ ရှိရင် ဝယ်ချင်တယ်။ ဒါက ကုန်သည်ရဲ့ သဘောပဲ။ အဲ့တော့ ၃၇ သိန်း ၃၈ သိန်း ရောက်တဲ့အချိန် ရွှေသမားကတော့ ဝယ်မှာ မဟုတ်ဘူးလို့ ကျနော် ထင်တယ်။ အရမ်းကြောက်လန့်ပြီး နေတဲ့သူတွေလောက်ပဲ ဝယ်ဖြစ်လိမ့်မယ်။ တရက်ကို ၄ သိန်း ၅ သိန်း လောက် ခုန်တက်သွားတဲ့ ဈေးတန်းကို အရောင်းအဝယ်သမားက မဝယ်တော့ဘူး။ ရပ်ကြည့်နေလိုက်တယ်။ ဒါပေမဲ့ အဲ့ဒီ့ဈေးနဲ့ ဝယ်လိုက်ရတဲ့ သူတွေကတော့ အဝယ်မှား ဖြစ်သွားပြီး ရောင်းတဲ့သူအတွက်ကတော့ မှန်တာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီဇင်ဘာနောက်ဆုံးအပတ် ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီ(မီးလင်း)ရွှေ တကျပ်သား တန်ဖိုးဟာ ကျပ် ၂၆ သိန်းခွဲနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ဒီဈေးနှုန်းက ကမ္ဘာ့ရွှေဈေး အခြေအနေ၊ ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အခြေအနေတို့နဲ့ ချိန်ထိုးကြည့်ပါက ရှိသင့်ရှိထိုက်တဲ့ ဈေးတန်းပါလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ကားဈေးကွက်

ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ၂၀၂၂ တနှစ်တာအတွင်း ထူးခြားမှုက ငွေကြေးပိုလျှံတဲ့သူတွေ လာရောက်ကစားခဲ့လို့ ကားဈေးနှုန်းဟာ ပုံမှန်ဈေးနှုန်းထက် နှစ်ဆ နီးနီး ဈေးမြှင့်ခဲ့ရပါတယ်။

အကြောင်းရင်းက အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ လိုအပ်ချက် ရှိနေတဲ့အတွက် ပြည်ပကနေ ကားတင်သွင်းခွင့်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး ပါမစ် မပေးတော့ဘဲ ရပ်ဆိုင်းပြီးတဲ့နောက် ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးနှုန်းဟာ မြှင့်တက်မှု ရှိခဲ့တယ်ဆိုပေမဲ့ ရာခိုင်နှုန်းနဲ့သာ မြှင့်တက်မှု ရှိခဲ့တာပါ။ ဒါပေမဲ့ အခုလို အဆနဲ့ချီပြီး ဈေးမြှင့်တက်မှု မရှိခဲ့ဘူး လို့ ကားဝယ်ရောင်းသမားတွေက ဆိုပါတယ်။

“ဒီနှစ်က ဘယ်လိုလဲဆိုတော့ ရွှေသမားတွေကပါ လာကစားတဲ့ ပုံရှိတယ်ဗျ။ ဘာလို့လဲဆို လာဝယ်တဲ့သူတွေ တချို့ဆိုရင် အပြင်က လူတွေနော်။ သူတို့က လူလွှတ်ပြီး လာဝယ်ကြတာ။ ဘယ်နှစ်စီး ရမလဲ၊ ရသလောက် ယူမယ်ဆိုပြီး လာကြတာ ဆိုတော့ ပေါက်ဈေးတွေ ဘာတွေ မသိဘူး။ သူတို့က ဝယ်ပြီးတာနဲ့ ခြံထဲ အကုန် မောင်းသွင်း အဲ့လို လုပ်ကြတာ။ အဲ့တော့ တပိုင်တနိုင်လုပ်နေတဲ့ သူတွေ အကုန် ဒုက္ခရောက်ကုန်တာပေါ့။ ပြောရရင် ဒီလောကထဲမှာ ပုံမှန်လုပ်စားနေတဲ့ သူတွေ အကုန် ခွကြ ကုန်တာပေါ့ဗျာ။ သူတို့က ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီး လာကစားတာ။ ပြီးရင်တော့ သူတို့က လှည့်ထွက်သွားကြတာလေ” လို့ တပိုင်တနိုင်ကားဝယ်ရောင်း လုပ်ကိုင်နေသူတဦးက ဒီဗွီဘီကို အခုလို ပြောပါတယ်။

ကားဈေးနှုန်းတွေ အခုလို အဆမတန် ဖြစ်ပေါ်ခဲ့တာက ဝယ်ရောင်းဈေးကွက်အတွက် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။

ကားဝယ်ရောင်း အကျိုးဆောင်လုပ်နေတဲ့ သူတဦးက “ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ကျနော်တို့လဲ မကြိုက်ဘူး။ အရမ်းဆိုးတယ် ဒီအနေအထားက။ ကျနော်တို့ လိုချင် တာက ဈေးကွက် တည်တည်ငြိမ်ငြိမ် ရှိတာကိုပဲ ကြိုက်တယ်။ ပုံမှန်လေး ရောင်း၊ ပုံမှန်လေး ဝယ်တာကိုပဲ ကြိုက်တာ။ အကျိုးအမြတ်ကိုလဲ ပုံမှန်လေး ရနေရင် ကျနော်တို့က ကျေနပ်တယ်။ ဒါကြီးက အကျိုးအမြတ်မှ မဟုတ်တာ။ ပြီးတော့ လုံးဝ မဖြစ်နိုင်တဲ့ ဈေးတွေဖြစ်ခဲ့တာ။ တကယ့်ကို ကမောက်ကမ ဖြစ်ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ ကားဈေးနှုန်းတွေ အခုလို အဆမတန် မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီဟာ ကားဈေးနှုန်းကို ဝင်ထိန်းဖို့အတွက် သတင်း အမှားတွေ ထုတ်လွှင့်ခဲ့ပါတယ်။

ကားအရောင်းစင်တာဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တဦးက “ကျနော်မှတ်မိသလောက် ကားဈေးဟာ အောက်တိုဘာမှာ အမြင့်ဆုံးရောက်သွားပြီးနောက် ဘာဆက်ဖြစ်လဲဆို without ကားတွေပေါ့ သူတို့ ဖမ်းထားတဲ့ကားတွေကို လိုင်စင် ပေးမယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ အဲ့သတင်းထွက်လာလို့ ကားဈေးက ပြန်ဆင်းသွားခဲ့တယ်။ ဒါပေမဲ့ အဲ့သတင်းက မမှန်ကန်တဲ့ သတင်း ဖြစ်နေတယ်။ အောက်တိုဘာလ ကုန်ခါနီးမှာ ဖြစ်ခဲ့တာလေ။ ဒီသတင်းဟာ မမှန်ကန်ဘူးဆိုတာ သိတဲ့နောက် ကားဈေးက နည်းနည်း ပြန်တက်လာတယ်။ ပြီးတော့ ဘာဆက်ဖြစ်လာလဲဆိုရင် SKD(Semi Knocked Down) စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ကားတွေ EV(Electric Vehicle) ကားအတွက် လိုင်စင်တွေထုတ်ပေးမယ်ဆိုပြီး သတင်းတွေ ထပ်ထွက်လာလို့ ကားဈေးက ပြန်အီပြီး ဆင်းသွားတယ်။ အဲ့ဒီမှာတော့ ကားဈေးကျတာ နည်းနည်းများတယ်။ ဘယ်လောက်ထိ ဖြစ်သွားလဲဆို Honda Fit သိန်း ၃၅၀ ဝန်းကျင်ကနေ သိန်း ၃၀၀ နားအထိ ကျသွားတယ်။ အခု ဒီဇင်ဘာလ ကုန်ခါနီးရောက်တဲ့အခါ နောက်နှစ်အတွက် ကားပေါ်လစီ ထွက်လာတယ်။ ဒါပေမဲ့ ဒီပေါ်လစီက အရင်အတိုင်း အပြောင်းအလဲ မရှိဘူး ကန့်သတ်ထားဆဲပဲနော်။ အဲ့အတွက် ကားဈေးက နည်းနည်း ပြန်လိုက် လာတယ်။ ဒါကြောင့် အရင် သိန်း ၂၉၀ အထိ ထိုးကျသွားတဲ့ Honda Fit ကားက အခု သိန်း ၃၃၀ နီးပါး ဈေးပြန်လိုက်လာတယ်။ အဲ့တော့ ကားဈေးက လှိုင်းပုံစံ တက်လိုက် ကျလိုက် ဖြစ်ခဲ့ပြီး တနှစ်ပတ်လုံး ကယောက်ကယက် ဖြစ်ခဲ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်

ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ ၂၀၂၂ ခုနှစ် တနှစ်တာကာလအတွင်းမှာ ထူးခြားတဲ့ပြောင်းလဲမှုက ပုံမှန် ပေါက်ဈေး ဆိုတာ မရှိတော့ပဲ ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံနဲ့အတူ တိုးတိုးတိတ်တိတ် အလုပ်ဖြစ်ခဲ့တာတွေကြောင့် အိမ်ခြံမြေဈေးကွက်က အတော်လေး ကမောက်ကမ နိုင်ခဲ့ရပါတယ်။

ဒါကြောင့် ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့စပ်လျဉ်းပြီး ဝါရင့်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင် တဦးက အခုလို မှတ်ချတ်ပေးပါတယ်။

“ဈေးကွက်က ကမောက်ကမ  တော်တော်ဖြစ်ခဲ့တာ။ ဒါက နိုင်ငံရေး အခင်းအကျဉ်းနဲ့လည်း တိုက်ရိုက် ပတ်သတ်တာတွေ ရှိတယ်။ ပြီးတော့ လဲလှယ်ကြတဲ့ အပိုင်းနဲ့ အရွှေ့အပြောင်း အနုတ်အသိမ်းတွေကလည်း ဒီနှစ်ထဲမှာ တော်တော်များများ ရှိ ခဲ့တယ်။ အနုတ်အသိမ်းတွေ များသွားလို့ ဈေးကွက်က ပျက်သွားခဲ့ရတယ်။ ဈေးကွက်ပျက်သွားတယ်ဆိုတာ ပုံမှန် ပေါက်ဈေး ဆိုတာထက် ကြိုက်ရောင်း ကြိုက်ဝယ်တွေ ဖြစ်သွားတာ။ ဒါတင်ပဲလားဆိုတော့ မကဘူး။ တိုးတိုးတိတ်တိတ် လုပ်တာတွေလည်း များလာတယ်။ ပြီးတော့ အနုတ်အသိမ်းတွေလည်း များတယ်။ မြို့ တမြို့နဲ့ တမြို့ အနုတ် အသိမ်း တွေ လုပ်ကြတာလေ။ ဥပမာ ရန်ကုန် ကနေ မန္တလေးဘက် ရွှေ့တာမျိုးပေါ့။ တခါ ကိုယ့်တိုင်းပြည်ကနေ တခြား တိုင်းပြည်ဆီရွှေ့တဲ့ အရွှေ့အပြောင်း အနုတ်အသိမ်း တွေကလည်း အရမ်းများခဲ့ရတယ်။ အဲ့တော့ ခြုံပြောရရင် အိမ်ခြံမြေဈေးကွက်က တော်တော်လေး ကမောက်ကမ နိုင်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်က အခုလို ကမောက်ကမတွေ ဖြစ်ခဲ့ရတဲ့အပြင် အင်အားကြီးသူတွေ ဝင်ရောက်လာတဲ့အတွက် ကြောင့်လဲ လုပ်ငန်းငယ်သမားတွေဟာ ကြားညှပ်ခံခဲ့ ရတယ်လို့ အိမ်ခြံမြေဝယ်ရောင်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တဦးက လည်း ဆိုပါတယ်။

“ဈေးကွက်က ကမောက်ကမ နိုင်ခဲ့လို့ အရောင်းအဝယ် ကောင်းလားဆိုတော့ သိုသိုသိပ်သိပ် လုပ်ကြတဲ့အတွက် ကောင်းတဲ့သူတွေကတော့ တော်တော်လေး ကောင်းခဲ့တာတွေ ရှိတယ်။ ဒီကြားထဲမှာ ပုံမှန်အရောင်းအဝယ်လုပ်တဲ့ အတန်းစား တခု ဆိုတာ ရှိတယ်။ အဲ့ဒီ့ ပုံမှန် အရောင်းအဝယ်လုပ်တဲ့သူတွေမှာ ဘယ်လိုတွေ ဖြစ်ကုန်လဲဆိုတော့ အုပ်စုလိုက် ဖွဲ့လိုက်ရတဲ့ ပုံစံမျိုးတွေ ရှိလာတယ်။ ဒါပေမဲ့ အနုတ်အသိမ်းတွေကြောင့် သူတို့လဲ ဘာဖြစ်ကုန်လဲဆိုတော့ မနူးမနပ်နဲ့ ကြားညှပ် ခံခဲ့ရတာတွေ ရှိခဲ့တယ်။ အဲ့ဒီ့ အနုတ်အသိမ်းက ဘယ်လောက်ထိ ကြီးလဲဆိုရင် အုပ်စုအသေးလေးတွေ ဆယ်ယောက်လောက် ပေါင်းတာတောင် အင်အားကြီးတဲ့သူ တယောက်ကို မမှီဘူး။ အဲ့လောက်ထိ ကွာဟချက်ကြီးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆိုရင်လဲ စီးပွားရေးလုပ်ငန်းသုံး အငှားဈေးကွက်မှာ အငှားဈေးနှုန်းက ပုံမှန်ဈေးနှုန်းထက် တဆခွဲ နီးနီး ဈေးမြင့် လို့ နေပါတယ်။

“စီးပွားရေးနဲ့ပတ်သက်ပြီး စားသောက်ဆိုင်ဖွင့်မယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ အငှားဈေးကွက် ပေါ့နော်။ အဲ့ဒီ့ ဈေးကွက်မှာ demand ကတော်တော်များလာတယ်။ ကေတီဗွီ ဆိုင်ဖွင့်ဖို့ အတွက် ငှားချင်တာ ငှားလို့တောင် မရဘူး။ ပြီးတော့ ဘီယာ ဆိုင်တွေ ဆိုရင်လဲ တော်တော်များလာတယ်။ အဲ့ဒီဟာတွေရဲ့ ဈေးကွက်ကလဲ တမျိုး ရှိလာတယ်။ ဈေးကလဲ တဆခွဲလောက်နီးနီးပဲ။ အရင်က သိန်း တထောင်လောက်နဲ့ ရရင် အခု သိန်း တထောင့်ငါးရာလောက် ပေးရတယ်။ ပြီးတော့ တချို့ဆိုရင် လုပ်ငန်းပါ ပါတဲ့အတွက် လိုင်စင် နဲ့ လုပ်ငန်းပါ တခါတည်း ရောင်းတဲ့ ဈေးကွက်ကလဲ ရှိပြန်တယ်။ အဲ့ဈေးကွက်ကလဲ တဆခွဲလောက် တက်လာတာ တွေ့ရတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီလက်ထက် ပြည်ပကုန်သွယ်မှု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ အမှုထမ်းတွေနဲ့တွေ့ဆုံတဲ့ အစည်းအဝေးမှာ ယခုဘဏ္ဍာရေးနှစ်  ဧပြီလမှ စက်တင်ဘာလ အထိ ၆လတာ ကာလအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၁ သန်း ရရှိထားပြီး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ  ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၈ လတာကာလအတွင်း မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုမှာ ပို့ကုန်တင်ပို့မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁၁၇၁ ဒသမ ၇ သန်း (၁၁ ဘီလီယံကျော်) ရှိပြီး သွင်းကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁၁၇၁၃ ဒသမ ၅ သန်း (၁၁ ဘီလီယံကျော်) ရှိတာကြောင့် သွင်းကုန်တန်ဖိုးဟာ ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ ၅၄၂ သန်း ပိုများနေပါတယ်။

ပြီးခဲ့တဲ့ အစိုးရ နှစ်ခု သက်တမ်းကာလမှာ မြန်မာနိုင်ငံနဲ့ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုကိုကြည့်ရင် ဦးသိန်းစိန်အစိုးရ စတင်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနဲ့ စတင်ခဲ့ပြီး သက်တမ်း ကုန်ဆုံးတဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော် ကုန်သွယ်မှု ရှိခဲ့ပါတယ်။

အလားတူ NLD အစိုးရလက်ထက်မှာလည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ကျော် ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လအထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၅ ဘီလီယံ အထိ ကုန်သွယ်မှု ရှိခဲ့တာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၅ ရက်ကတနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်အတွင်းရှိ အသေးစား၊အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ(MSME)နဲ့တွေ့ဆုံခဲ့စဉ် အရင် အစိုးရ သက်တမ်း ၂ ခုကာလမှာ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးမှု မရှိခဲ့ဘူးလို့ ဝေဖန် ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ အခုလို ပြောကြားချက်ဟာ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ပြောဆိုခဲ့တာ မဟုတ်လို့ ပကတိအခြေအနေနဲ့ များစွာကွာခြားမှု ရှိတယ်လို့ သုတေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။

စီးပွားရေးဆိုင်ရာအကြံပေးလုပ်ငန်းလုပ်နေတဲ့ ပညာရှင်တဦးက “ဦးသိန်းစိန်ခေတ်မှာလည်း တိုးတက်မှု ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ (ADB) အာရှဖွံ့ဖြိုးရေးဘဏ်က ဦးသိန်းစိန်လက်ထက်မှာ တိုင်းပြည်ရဲ့စီးပွားရေးဟာ GDP ၇ ရာခိုင် နှုန်း အထိ တိုးတက်မှု ရှိခဲ့တယ်လို့ တွက်ချက်ပြောဆို ထားတာရှိတယ်။ ပြီးတော့ NLD အစိုးရလက်ထက်မှာဆိုရင်လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာရှိတယ်။ အရင်တုန်းက မမှန်ကန်တဲ့အဖွဲ့အစည်းတွေ၊ ပေါ်လစီ မူဝါဒ တွေကလည်း မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လာတာ တွေ့ခဲ့ရတယ်။ ဒီတော့ မတိုးတက်ပါဘူးလို့ ပြောတာက ဘယ်အချက်အလက် ပေါ်မှာ မူတည်ပြီး ပြောတာလဲပေါ့။ ကျနော်တို့အမြင်ကတော့ ပုံမှန် တိုးတက်မှု လမ်းကြောင်းပေါ် ရောက်လာတယ်လို့ ပဲ မြင်ပါတယ်။ ဆိုတော့ စစ်ကောင်စီခေါင်းဆောင် အနေနဲ့ မတိုးတက်ဘူးဆိုတာ ဘာကို ကြည့်ပြောလဲတော့ မသိဘူး။ ရှင်းရှင်းပြောရရင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဝင်သွားတော့မှ စီးပွားရေးက နည်းနည်းကျသွားတယ်။ ဒါကလဲ အများနည်းတူ ဖြစ်ကြတာလေ။ ဒါပေမဲ့ သူတို့ အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးအခြေနေက ပိုဆိုးသွားတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီ့အပြင် ပြီးခဲ့တဲ့ အစိုးရ သက်တမ်းနှစ်ဆက်မှာ ပြည်ပထောက်ပံ့ငွေ ချေးငွေတွေ ရရှိတဲ့ နိုင်ငံခြားငွေတွေနဲ့သာ အဓိက ဖြည့်ဆည်း သုံးစွဲခဲ့တာ တွေ့ရပြီး မိမိတို့ အနေနဲ့ နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေးအား ပြန်လည်မြှင့်တင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြစ်တင်ပြောဆိုခဲ့ပါသေးတယ်။

ဒီအပေါ် စီးပွားရေးသုတေသီတဦးက “အဲ့ဒီ ODA (official development assistance)  နဲ့ မလုပ်လို့ ဘယ်ကငွေနဲ့လုပ်မှာလဲ။ ကိုယ့်ဆီမှာ ပိုက်ဆံမှ မရှိတာ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တော်တော်များများက ဖွံ့ဖြိုးတိုးတက်မှုလုပ်ချင်တယ်ဆိုရင် နိုင်ငံတကာ ချေးငွေတွေနဲ့ပဲလုပ်ရတာ။ အဲ့ဒီ့ကရလာတဲ့ဟာနဲ့ တိုင်းပြည်စီးပွားရေး တိုးတက်အောင် လုပ်ပြီး ဖြည်းဖြည်းချင်း ပြန်ဆပ်ရတာ။ ကိုယ့်တိုင်းပြည်မှာ အရင်းအနှီးနဲ့ နည်းပညာ မရှိဘူး။ ကိုယ့်ပြည်တွင်းမှာရှိတဲ့ ငွေကြေးက နိုင်ငံတကာမှာ သုံးတဲ့ ငွေကြေးလည်း မဟုတ်ဘူး။ Hyper Currency လို့ခေါ်တဲ့ နိုင်ငံတကာသုံးငွေကြေးက လိုအပ်တယ်လေ။ အဲ့ဒီ့ငွေကြေးနဲ့ အခြေခံ အဆောက်အဦးတွေ စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ရတယ်။ အကျိုးအမြတ်ရလာရင် ရလာတဲ့ အကျိုးအမြတ်နဲ့ တိုင်းပြည်တည်ဆောက်ရေးကို ဆက်လုပ်ရတယ်။ ဒါက ဖွံ့ဖြိုးဆဲတိုင်းပြည်တော်တော်များများက ဒီလိုပဲ လုပ်ရတာလေ။ ဒါကြောင့် ODA ကို စနစ်တကျ သေသေချာချာ အသုံးချတတ်ဖို့ပဲ လိုတယ်။ စနစ်တကျ အသုံးမချတတ်ဘူးဆိုရင်တော့ လာဘ်ပေးလာဘ်ယူနဲ့ပဲ ပြီးဆုံးသွားပြီး တိုင်းပြည်က အကြွေးသံသရာထဲ ရောက်သွားလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ကြိုးပမ်းဆောင်ရွက်မယ် ဆိုပါက လာမည့် ၅ နှစ်အတွင်း အာဆီယံ နိုင်ငံတွေထဲမှာ အလယ်လတ် အဆင့်ကို ရောက်ရှိမှာ ဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်း အဆင့်ထိ ရောက်နိုင်တယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဟာ သူ့လက်အောက်ခံ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် အခုလို လေလုံးထွားပြီး ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးက ချွတ်ခြုံကျခဲ့ရပြီး ပြည်သူတွေဟာ ဆင်းရဲမွဲတေမှု ဒဏ်ကို ခံနေရပါတယ်။ ဆိုတော့ ဒီ ၂ နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေအပေါ် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေက အခုလို မှတ်ချက်ပေးပါတယ်။

“၂၀၂၁ တနှစ်တာလုံးမှာရော ၂၀၂၂ တနှစ်တာလုံးရော လုပ်ငန်းရှင်တော်တော်များများဟာ အတော်ဒုက္ခရောက်ရတယ်။ မြန်မာငွေတန်ဖိုးက တော့်တော့်ကို အားလျှော့သွားတဲ့အတွက်ကြောင့် မြန်မာငွေနဲ့အရောင်းအဝယ်လုပ်နေရတဲ့သူတွေ အဖို့ ပြည်ပပစ္စည်းတွေ ဝယ်ယူရတဲ့နေရာမှာ ဈေးတွေ မြင့်ကုန်တယ်။ အဲ့ဒီ့အတွက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေရော တခြားသောလုပ်ငန်းတွေရော အဆုံးရှုံးတွေနဲ့ ရင်ဆိုင်ကြရတယ်။ အဲ့ဒီလို အဆုံးရှုံးတွေနဲ့ ရင်ဆိုင်ကြရတာက စီးပွားရေး ငန်းရှင်အများစုပါ။ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်ဆိုရင် ကုန်ဈေးနှုန်းတွေ တင်လိုက်တာပဲ။ အဲ့တော့ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဒါကလဲ ပြောရရင် စီးပွားရေးလုပ်ငန်းရှင်ဆိုတာက အကျိုးအမြတ်ကိုကြည့်ပြီးတော့ လုပ်ကြတာလေ။ အဲ့တော့ သူတို့ အရှုံးတွေကို ပြန်ကာဖို့အတွက် ဈေးတင်ကြတာ။ နောက်ဆုံး ထိခိုက်တာကတော့ စားသုံးသူပေါ့။ ဒါက စိတ်မကောင်းစရာပါ။ ပြည်သူတွေဟာ ဝင်ငွေ တိုးမလာဘူး။ ကုန်ဈေးနှုန်းက တက်လာတယ်။ ဒီတော့ ပြည်သူတွေရဲ့ဘဝက ပိုပြီးတော့ ကျပ်တည်းလာကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် မြန်မာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ အသက်ရှင်နေထိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024