
စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြိုနယ်ထဲက ပွင့်လျှက်ရွာနဲ့ စသာ(အောက်)ကျေးရွာက နေအိမ် ၁၁ လုံးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၄ ရက် မနက် ၉ နာရီမှာ ဖျက်ဆီးကာ အဖိုးတန်ပစ္စည်း တချို့ကို ယူသွားတယ်လို့ မင်းကင်းဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ စစ်ကား ၃ စီး၊ ဆိုင်ကယ် ၂၁ စီးနဲ့ရောက်လာပြီး ပွင်လျှက်ရွာက နေအိမ် ၁၀ လုံးနဲ့ စသာ(အောက်) ရွာက နေအိမ် ၁ လုံးတို့ကို ရိုက်နှက်ဖျက်ဆီးပြီး ပရိဘောဂအပါအဝင် ဆိုက်ကယ် ၅ စီး၊ ငွေကြေးနဲ့ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားတာလို့ မင်းကင်းဒေသခံ တဦးက ပြောပါတယ်။
“မနက် ၉ နာရီလောက်က အကြမ်းဖက် လာလုပ်တာ။ သူတို့က ရုတ်တရက် ရွာထဲ ဝင်လာတာဆိုတော့ အကုန်အလွတ် ထွက်ပြေးရတယ်။ ဘာမှ မယူနိုင်ခဲ့ဘူး။”
မင်းကင်းမြို့နယ်အတွင်းက ပြည်သူတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီက ဖျက်ဆီးသလို တောင်ဖြူ၊ ပန်းဆက်ရွာက ပျူစောထီးတွေကပါ ဖျက်ဆီးတာကို နေစဉ်ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို စစ်ကောင်စီနဲ့ ပျူစောထီးတွေ အနိုင်ကျင့်ခံနေရတာကြောင့် ဒေသခံတွေ ကျေးရွာတွေအတွင်း နေထိုင်တာမျိုး မလုပ်ကြတော့ဘဲ တော၊ တောင်တွေနဲ့ ရွှေမှော်၊ ကျော်မှော် တွေဆီ ပြောင်းရွှေ့သွားသူတွေလည်း အများအပြား ရှိနေပြီဖြစ်တယ်လို့လည်း မင်းကင်းဒေသခံ တွေက ပြောပါတယ်။