Home
မြန်မာသတင်း
မြောက်ဒဂုံတွင် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ
DVB
·
November 22, 2022

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက သေဆုံးနေတဲ့ အမျိုးသားနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြောက်ဒဂုံ၊ ၃၃ ရပ်ကွက်၊ ထိန်ထိန်ဝင်းသဲကွင်းအနီးမှာ နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အမျိုးသားအလောင်းက ပုပ်ပွပြီး သေဆုံးနေပြီ။ ရုပ်ကလည်းပျက်နေပြီ။ ဘယ်သူဘယ်ဝါမှန်းတော့ မသိဘူး။ အဲ့ဒီနားမှာပဲ ၂၀ ရက်နေ့ကလည်း အမျိုးသားတဦးရဲ့ အလောင်းကို တွေ့သေးတယ်။”

အလောင်းတွေ့ရှိခဲ့တဲ့ ထိန်ထိန်ဝင်းသဲကွင်းအနီးက ငမိုးချောင်းထဲမှာ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းကလည်း သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပရဟိတအဖွဲ့တွေ၊ ကြက်ခြေနီတွေနဲ့ ရပ်ကွက်နေသူ စုပေါင်းပြီး ဆယ်ရတာပေါ့။ သဲကွင်းကလည်း စက်လှေကူညီပေးတယ်။ သေတဲ့သူတွေက ဘာကြောင့်သေလဲတော့ မသိဘူး။ မြောက်ဥက္ကလာဆေးရုံကြီးကို ပို့လိုက်တယ်။”

အလားတူ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ စက်မှုဇုန် ၅၊ အမှတ် ၁၇ ရပ်ကွက်၊ ရွှေရင်အေး ၁ လမ်းမှာ မနေ့မနက်ပိုင်းက ဓားဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အမျိုးသားတဦးကို တွေ့ရှိခဲ့ပြီးနောက် ပရဟိတအသင်းအဖွဲ့တွေက ဆေးရုံပို့ဆောင်ခဲ့ရာ လမ်းမှာ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဓားဒဏ်ရာတွေနဲ့လဲနေတာ မသေသေးဘူး။ ဆေးရုံပို့မှသေတာ။ ကျနော်ထင်တာတော့ အလုခံရတာဖြစ်နိုင်တယ်။ လှိုင်သာယာဆေးရုံကို ပို့လိုက်တယ်။”

သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ သေဆုံးရတဲ့ အကြောင်းအရင်းကို မြောက်ဒဂုံမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က ရဲစခန်းတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

အခုလို သေဆုံးနေတဲ့ အမျိုးသားသုံးဦးနဲ့ ပတ်သက်ပြီး မြို့ခံတွေက လုယက်သတ်ဖြတ်ပြီး ထားခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်က မြို့နယ်တချို့မှာ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ခဲ့သလို လုယက်သူတွေရဲ့ လက်ချက်ကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024