Home
ဆောင်းပါး
“နောက်မျိုးဆက်တွေကို ဒီလိုအမှောင်ဖုံးလွှမ်းတဲ့ ခေတ်ကာလကြီးထဲမှာ မရှင်သန်စေချင်ဘူး” - ၈၈ မျိုးဆက် ဦးမြအေးနှင့် မေးမြန်းချက်
DVB
·
November 21, 2022

စစ်အာဏာစသိမ်းကတည်းက ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးထောင်ချခံရပြီး လွတ်ရက်စေ့ခါနီး နိုဝင်ဘာ ၁၇ ရက် အမျိုးသားအောင်ပွဲနေ့ကမှ  အင်းစိန်အကျဉ်းထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း၊  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကို အကျဉ်းထောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေတွေ၊ လက်ရှိနဲ့ အနာဂတ် နိုင်ငံရေး အပေါ် သဘောထားအမြင်တွေကို  ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

(အပြည့်အစုံ) 

မေး - စစ်ကောင်စီက  အာဏာသိမ်းသိမ်းချင်းမှာ အစ်ကို  ဘာမှမလုပ်ရသေးခင် အရင်ဆုံးဖမ်းလိုက်တဲ့အပေါ် ဘယ်လို သုံးသပ်လဲ၊ တွေးမိလဲ။

ဖြေ - “အဲဒါကျတော့ ကျနော်နေတဲ့နိုင်ငံ၊ ကျနော့်ရဲ့အိမ်ပဲလေ။ ပြောမယ်ဆိုရင် ပြည်သူဆိုတာ ကျနော့်ရဲ့မိသားစုပဲလေ။ ကျနော်နေတဲ့နိုင်ငံ၊ ကျနော့်ရဲ့မိသားစု၊ ကျနော့်ရဲ့ပြည်သူတွေအားလုံးကို ကောင်းစေချင်လို့ နိုင်ငံရေးလုပ်တာ။ ဒီနိုင်ငံရေးအပေါ်မှာ အခွင့်အရေးလိုချင်လို့ ကျနော် လုပ်တာ မဟုတ်ဘူး။ ကျနော် ရိုးရိုးရှင်းရှင်းပဲ နေချင်တယ်။ ပြည်သူထဲမှာ လွတ်လွတ်လပ် သွားလာလှုပ်ရှားပြီး နေချင်တာ ကျနော့်ရဲ့ဆန္ဒ။ ခက်တာက ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲတွေက အမျိုးမျိုးဖြစ်နေတော့ အာဏာသိမ်းပြီးတာနဲ့ ကျနော့်ကို လာခေါ်မယ်ဆိုတာ ကျနော် တွေးထားပြီးသားပါ။ အဲဒါကတော့ မဆန်းပါဘူး။ ဒါပေမဲ့ ထောင်ထဲမှာတော့ ဘယ်သူက နေချင်မှာလဲ။ တိုင်းပြည်ကောင်းအောင် လုပ်နေတဲ့ကာလမှာ ဒီလို အဆိုးတွေလည်း ကြုံရမှာပါပဲ။ ပြောရရင် ကျနော်တို့က ကြက်ခြင်းထဲက ကြက်တွေဆိုရင် ပြည်သူတွေက ကြက်ခြံထဲက ကြက်တွေပါပဲ။”

မေး - ထောင်တွေဖြတ်သန်းမှုကလည်း အစ်ကို့မှာ မနည်းတော့ဘူးလေ။ အခုအနေအထားအရ ထောင်တွေမှာ ဘာတွေပြုပြင်သင့်သလဲ။ အခု နောက်ဆုံးအခေါက် အခြေအနေလေး သိချင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ ရိုးရိုးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ဘယ်လို အကြံပြုချင်လဲ။

ဖြေ - “အဓိကက Concept ပေါ့။ ထောင်ကျတဲ့ အကျဉ်းသားတွေအပေါ်မှာ ထားတဲ့ သဘောထားတွေ၊ ခံယူချက်တွေနဲ့ ဆိုင်သွားတယ်။ အဲဒါ စနစ်နဲ့ဆိုင်သွားတယ်။ ဆိုလိုချင်တာက အမှုတခုကို ကျူးလွန်ပြီး ထောင်ကျလာတယ်ဆိုရင် နံရံလေးဘက်ကြားကို ရောက်သွားပြီ။ ပြင်ပဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ပြီ။ ဒီနံရံလေးဘက်ကြားကို ရောက်လာပြီးတော့ သူ့ကိုထပ်ပြီး စိတ်ဖိစီးမှုပေးတာမျိုး မဖြစ်စေချင်ဘူး။ Correctional Department ပုံစံမျိုး အနေအထားကို သွားစေချင်တယ်။ ဒါလည်း စနစ်နဲ့ဆိုင်ပါတယ်။ စနစ်တခုကိုယ်တိုင်က ပြုပြင်ထိန်းသိမ်းသွားမယ်။ ပွင့်လင်းတဲ့ကာလမှာ ကျနော် နော်ဝေ ရောက်ခဲ့တယ်။ အင်မတန်တိုးတက်တဲ့ နိုင်ငံတွေပေါ့။ အဲဒီနိုင်ငံတွေလောက် မဖြစ်တောင်မှ စိတ်ဖိစီးမှုပေးတာမျိုးတွေ မဖြစ်စေချင်ဘူး။ ဒါ အကျဉ်းသားအားလုံးနဲ့ ဆိုင်ပါတယ်။”

“နောက်တခုက နိုင်ငံရေးအကျဉ်းသား။ လွတ်လပ်ပွင့်လင်းတဲ့ကာလတွေမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ ထောင်ထဲမှာ မရှိသင့်တော့ဘူးလို့ ကျနော် မြင်တယ်။ အကျဉ်းသားအားလုံး လွတ်ဖို့က အရေးကြီးတယ်။ ရှိခဲ့တယ်ဆိုရင်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူတွေဖြစ်လို့ Status တခုတော့ ရစေချင်တယ်။ ဟိုးအရင် ဖဆပလ ခေတ်တွေမှာ အေကလပ်၊ ဘီကလပ်၊ စီကလပ် ဆိုပြီး ရှိခဲ့ဖူးတယ်။ အဲဒီကိစ္စတွေပြောရရင် အများကြီးပဲ။ ထောင်သည် လူတယောက်ကို နောင်ကြဉ်သွားအောင်၊ ကြောက်သွားအောင် လုပ်ပေးတဲ့နေရာမျိုး မဟုတ်ဘဲ လူတယောက်ရဲ့ mindset ကို ပြောင်းသွားပေးနိုင်တဲ့ Correctional Department တွေလိုမျိုး သွားရမှာ။ ဒါ ရိုးရိုးသာမန်အကျဉ်းသားတွေအတွက်ရော ပြောတာ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးလည်း status တခု ရစေချင်တယ်။ ဒါ အရင်က ရှိတယ်။ တကယ်တမ်း ဒီမိုကရေစီနိုင်ငံ သွားမယ်ဆိုရင် ဒါတွေက ပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေ ဖြစ်တယ်။ ချုပ်ပြီးပြောရရင် စနစ်တခုကို ပြုပြင်ပြောင်းလဲနိုင်မှ စနစ်တခုရဲ့ လက်အောက်ခံဖြစ်တဲ့ ထောင်၊ အချုပ်ခန်း၊ ကျန်တဲ့ အင်စတီကျူးရှင်းအပါအဝင် အားလုံး ကောင်းသွားမယ်။ အဓိကက နိုင်ငံရေးက အဓိကကျတယ်၊ စနစ်က အဓိကျတယ်လို့ မြင်ပါတယ်။”

မေး - အခု လက်ရှိ ဘက်နှစ်ဘက် ရှိတယ်ရှိပေါ့ဗျာ။ (စစ်အာဏာရှင်ဘက်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ဘက်)  ဒီဘက်နှစ်ဘက်ကို ကျနော်တို့ တိုင်းပြည်အနာဂတ်ကောင်းဖို့အတွက်ကို ဘယ်လိုနည်းလမ်းနဲ့  သွားသင့်လဲ၊ ဘယ်လို အကြံပြုချင်လဲ။

ဖြေ - “အဲဒါကကျတော့ ကျနော် ပြောရမယ်ဆိုလို့ရှိရင် ဒီဟာကိုကျတော့ ကျနော်ဖြေဖို့ ခက်ခဲတယ်ဗျာ။ ဒီမေးခွန်းကို ဖြေဖို့ပေါ့လေ။ ကျနော့်အနေနဲ့ ကျနော့်ရဲ့ နိုင်ငံရေးခံယူချက်ကိုပဲ ကျနော် ပြောချင်ပါတယ်။ ဘာလဲဆိုတော့ ကျနော့်နိုင်ငံရေးခံယူချက်အရ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအတွက်ရော၊ တိုင်းရင်းသားတွေ လိုချင်တောင့်တတဲ့ ဖယ်ဒရယ်ပြည်ထောင်စုပေါ့နော် ဒီဟာရောက်ဖို့ လိုမယ်။ ဒီမိုကရေစီ ရှင်သန်ဖို့လိုမယ်။ အဲလိုကာလတခု၊ အခြေခံတခု အဲဒီဝန်းကျင် မျှတတဲ့နိုင်ငံရေးအခြေအနေတွေ ပေါ်ပေါက်ဖို့တော့ လိုမယ်လို့ ကျနော် မြင်ပါတယ်။ ဒီလောက်ပါပဲ။” 

မေး- အစ်ကိုနိုင်ငံရေးလုပ်ပြီး ထောင်ထဲရောက်သွားတယ်ပေါ့နော်။ တလျှောက်လုံးလည်း နိုင်ငံရေးပဲ လုပ်တယ်။ အခုမိသားစုက နောက်ဆုံးတခေါက် ထွက်လာတဲ့အချိန်မှာ အစ်ကို့ကို ဘယ်လိုကန့်သတ်တာတွေရှိလဲ၊ အစ်ကိုကကော အဲဒီမှာ ထောင်ထဲမှာ အခြေအနေအရ စဉ်းစားလာတာလို့ မိသားစုနဲ့ပတ်သက်ပြီးမှ အစ်ကို ဘာများ ပြောစရာရှိလဲ။

ဖြေ - “ကျနော့်ရဲ့ family life အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျနော်က မိသားစုအပေါ်မှာ တာဝန်ယူနိုင်တဲ့၊ တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတယောက်တော့ မဟုတ်ဘူးလို့ပဲ ကျနော့်ကိုယ်ကျနော် အဲလို ခံယူတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်အဖေ အမေက ကျနော့်ရဲ့မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးလို့သာ ကျနော်က အခုလိုမျိုး နေနိုင်တာလေ။ ဒါတောင် အဖေဆုံးသွားပြီးနောက်ပိုင်းမှာ အမေတို့ဘာတို့ပေါ့ဗျာ အကုန်လုံး ကူညီစောင့်ရှောက်ကူလို့သာ ကျနော့်ညီ အစ်ကိုမောင်နှမတွေ ကူညီစောင့်ရှောက်ပေးလို့ ကျနော့်ရဲ့ မိသားစုက ရပ်တည်နိုင်တာပါ။ အဲတော့ ပြောရမယ်ဆိုရင်တော့ဗျာ ကြာတော့လည်း မိသားစုက ဒီလိုပဲ ထောင်ဝင်စာလိုက်တွေ့ရတာနဲ့၊ နိုင်ငံရေးလုပ်တာ၊ ကျနော့်တယောက်တည်းမှ မဟုတ်ပါဘူး။ ကျနော့်ထက်ဆိုးတဲ့ မိသားစုဘဝတွေ အများကြီးရှိတဲ့အခါကျတော့ ကျနော့်မိသားစုဘဝကို ရှေ့တန်းသိပ်တင်လို့လည်း မကောင်းဘူးလေ။ ရှေ့တန်းတင်စရာလည်း မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလွန့်အလွန်ဆိုးတဲ့ ၁၉၈၉ ခုနှစ်တုန်းကလည်း ကြုံခဲ့တဲ့ အခြေအနေတွေ၊ မိသားစုတွေ အများကြီးပဲ ဘဝပျက်သွားတာတွေ၊ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး စနစ်ဆိုးတွေအောက်မှာ ဒီလို ဒုက္ခရောက်ခဲ့တာတွေက အများကြီးပဲလေ။ အများကြီးဆိုတဲ့ အထဲမှာ‌တော့ ကျနော်က သူတို့မျက်နှာကို ပြန်ကြည့်ရမှာပေါ့ဗျာ။ အားလုံးမျက်နှာကို။ အဲတော့ မိသားစု life ကို ချုပ်ပြောရရင်တော့ ကျနော့်အနေနဲ့ မိသားစုကို ကောင်းကောင်းကမ်းကမ်း ရှာဖွေကျွေးမွေးနိုင်တဲ့ အခြေအနေမျိုးတော့မရှိပါဘူး။”

မေး - နောက်ပြီးတော့ အစ်ကိုလည်း ဒီနိုင်ငံရေးပေါ်မှာ မြန်မာနိုင်ငံနဲ့ တသားတည်းကျနေပြီလို့ ပြောလို့ရတာပေါ့နော်။ အဲတော့ အနာဂတ် မြန်မာနိုင်ငံမှာ အစ်ကို ဘယ်လိုမြင်ချင်လဲ။ အစ်ကို့ မျှော်လင့်ချက်ပေါ့နော်။

ဖြေ - “ကျနော်တို့ ဘဝတွေက နိုင်ငံရေးလုပ်ခဲ့တဲ့ နှစ် ၃၀ ကျော်ကာလမှာ ထောင်ထဲ ဖြတ်သန်းတာတွေရော၊ အပြင်မှာလည်း ခက်ခက်ခဲခဲ ဖြတ်သန်းတာတွေတော့ ရှိတယ်ပေါ့နော်။ အဲတော့ ကျနော်မြင်တာက ဒီအခု နောက်မျိုးဆက်တွေ၊ ကျနော့်သားသမီးတွေ၊ ကျနော့်တူ၊ တူမအရွယ်တွေ နောက်မျိုးဆက်တွေကို ကျနော်ကတော့ ဒီလိုမျိုးအမှောင်ဖုံးလွှမ်းတဲ့ ခေတ်ကာလကြီးထဲမှာ မရှင်သန်စေချင်ဘူးဗျာ။ ဒါတချက်ပါ။ နောက်တခုက ပြည်သူလူထုရဲ့ ဘဝတွေပေါ့နော်။ ပြည်သူလူထုရဲ့ ရှာဖွေ စားသောက်ရုန်းကန်၊ လူထုရဲ့အဓိက နိုင်ငံရေးဟာလေ ကျနော့်အမြင်ပေါ့နော်။ဒါကတော့ ကျနော် ခံယူထားတဲ့ဟာပေါ့။ အဓိကလူထုရဲ့ နိုင်ငံရေးကတော့ မိသားစုဘဝ သာယာဝပြောပြီးတော့ စားဝတ်နေရေး ချောင်လည်ပြီး အေးအေးချမ်းချမ်းနဲ့ လုံခြုံတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတာက မိသားစုတိုင်းပဲလို့ ကျနော် မြင်တယ်ဗျာ။ အဲတော့ လူထုဘဝ လုံလုံခြုံခြုံ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ မျှော်လင့်ချက်တွေ အနာဂတ်ကိုမြင်နိုင်တဲ့ ခေတ်ကာလတခုတော့ ကျနော် မြန်မာပြည်ကြီးကို ရောက်ချင်တယ်။ အဲဒါကိုတော့ မြန်မာပြည်သူတွေအားလုံး ခံစားစေချင်တယ်။ ဒါကတော့ဗျာ ကုန်ကုန်ပြောရရင် ကျနော်တို့ အသက်ရှင်သန် နေထိုင်နေတဲ့အချိန်မှာပဲ အဲဒီကာလကြီးကို ကျနော် မြင်သွားချင်တယ်ပေါ့နော်။”

မေး - အခု ကျနော်တို့ တိုင်းပြည်ကတော့ ဘယ်သူအုပ်ချုပ်ချုပ်၊ ဘယ်သူအာဏာရှိရှိပေါ့နော် တကယ် ခေတ်ပြောင်း စနစ်ပြောင်းကာလတွေမှာ အခံစားရဆုံး အဖိနှိပ်ခံရဆုံးက အလယ်နဲ့ အခြေခံလူတန်းစားတွေက အခံရဆုံးပဲပေါ့နော်။ အဲဒီအတွက်ကို ဘယ်လိုများ အကြံပြုချင်လဲပေါ့နော်။

ဖြေ - “ဒီနိုင်ငံမှာ အထူးသဖြင့် ကျေးလက်မှာနေထိုင်သူ ၇၀ ရာခိုင်နှုန်းရှိတယ်ဗျာ။ အဲတော့ တကယ်တန်းပြောရရင် ကျေးလက်မှာနေတဲ့ပြည်သူတွေ၊ နောက်တခုက အောက်ခြေ အခြေခံလူတန်းစားတွေရဲ့ဘဝဟာ လူလတ်တန်းစားတွေအဆင့်ကို တက်လှမ်းနိုင်တဲ့ အခြေအနေမျိုး ရောက်စေချင်တာပေါ့နော်။ အိမ်တိုင်းအိမ်တိုင်း၊ မိသားစုတိုင်း လုံလုံခြုံခြုံနဲ့ စားဝတ်နေရေးအတွက် မျှော်လင့်ချက်တွေနဲ့ ရှင်သန်ပြီးတော့မှ မပူမပင် မကြောင့်မကြပေါ့ဗျာ။ ပူပင်ကြောင့်ကြမယ်ဆိုရင်လည်း ပူပင်ကြောင့်ကြမှု နည်းတဲ့ခေတ်စနစ်မျိုးတော့ ကျနော်လိုချင်တာပေါ့ဗျာ။ အဲဒါပဲ။”

မေး - တခြားရော ပြည်သူတွေကို လက်ရှိအခြေအနေအတွက် ဘာအကြံပြုစရာ၊ ဘာ သတင်းစကား ပေးစရာရှိမလဲ။

ဖြေ - “ဘာပဲလုပ်လုပ် ကျနော်တို့ စဉ်းစားမယ်ဆိုရင် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ ၅၄ သန်းလုံးကို စဉ်းစားရမယ်လို့ ကျနော် မြင်တယ်။ ပြည်သူ့ဘဝ မွန်းကျပ်ခြင်းဟာ ကျနော်တို့ဘဝ မွန်းကျပ်ခြင်းပဲ။ ပြည်သူ့ဘဝ မွန်းကျပ်မှုကို မျက်ကွယ်ပြုပြီး သွားလို့မရဘူးလို့ ကျနော် မြင်ပါတယ်။ အရှေ့တောင်အာရှ၊ အာရှမှာ ကျနော်တို့နိုင်ငံ ထိပ်သီးတနိုင်ငံ ဖြစ်လာတာကို ကျနော်တို့ မြင်ချင်တယ်။ အဲဒီအတွက် ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးစနစ်တွေ ကောင်းသွားဖို့ လိုမယ်။ တိုင်းရင်းသားတွေလည်း ပြည်တွင်းစစ်ရဲ့ဒဏ်ကို အကုန်လုံးခံနေရတာကိုလည်း ပြေလျော့အောင် ဘယ်လိုလုပ်မလဲဆိုတာအတွက် မှန်ကန်တဲ့လမ်းကြောင်း ရွေးချယ်ဖို့ လိုမယ်လို့ထင်ပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းဆိုတာ ကျနော့် ယုံကြည်ချက်လည်း ဖြစ်ပါတယ်။ နံပါတ် တစ်က ဖက်ဒရယ်စစ်စစ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျှင် ကျနော်တို့နိုင်ငံ ငြိမ်းချမ်းမှုကို ရပါလိမ့်မယ်။ ငြိမ်းချမ်းမှုရမှသာ ဒီမိုကရေစီ ရှင်သန်နိုင်ပါမယ်။ ငြိမ်းချမ်းမှုမရှိရင် ဒီမိုကရေစီ ရှင်သန်နိုင် စရာမရှိပါဘူး။” 

မေး - အခု အစ်ကို အင်တာဗျူးတွေ ဖြေနေတာကို တချို့တွေက စိတ်ပူနေကြတယ်။ အစ်ကို ဘယ်လိုအတွေးနဲ့ အင်တာဗျူးတွေ ဖြေနေတာလဲ သိချင်ပါတယ်။

ဖြေ -  “အဓိကကတော့ ဘယ်သူမဆို စိုးရိမ်ကြောင့်ကြမှုက ရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း စိုးရိမ်ကြောင့်ကြပါတယ်။ ဒါပေမဲ့ တလျှောက်လုံး နိုင်ငံရေးဘဝမှာ ကျင်လည်လာခဲ့ပြီး၊ ကျနော်တို့က ပြည်သူလူထုရဲ့ ဘဝတွေကို မျက်ကွယ်ပြုပြီး ဘာမှမပြောဘဲ နေမယ်ဆိုရင် ကျနော့်ကိုယ်ကျနော်လည်း မလုံဘူး။ ကျနော် နိုင်ငံရေးလုပ်ခဲ့တဲ့အပေါ်မှာလည်း တာဝန်ကျေတယ်လို့ မယူဆနိုင်ဘူး။ ဒါ တချက်ပါ။ နောက်တချက်က အခုလို တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကျနော်တို့က မပြောမဆိုဘဲ နေလို့မသင့်ဘူးလို့ ထင်တယ်။ ဒါကလည်း ဘယ်သူ သာစေ၊ နာတယ်ဆိုတာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းအောင် ကျနော်တို့ ပြောနေတာ။ တိုင်းပြည်ကောင်းအောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အဖြေရှာဖို့ပြောနေတာ ကျနော်တို့ ဉာဏ်စွမ်းရှိသလောက်၊ ကိုယ်စွမ်းရှိသလောက် ပြောနေတာ။ ဒါကိုမှ အပြစ်တင်လည်း မတတ်နိုင်ပါဘူး။” 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024