
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက ဧရာဝတီမြစ်တလျှောက် ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောကပစ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ရိက္ခာတင်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် မိုးတားတိုက်နယ်အုပ်စု ဆင်ကုန်တိုင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး လက်နှက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"မနက် ၉ နာရီလောက်က ကသာဘက်က ဆန်လာတဲ့ စစ်တပ် ရိက္ခာတင် သင်္ဘောတွေပေါ်က လှမ်းပစ်တာ။ သင်္ဘော ၇ စီးလောက်ရှိတယ်။ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်နေတယ်လို့ ပြောလို့ရတယ်။ သားအဖ သုံးယောက် ဗုံးခိုကျင်းထဲက အထွက်မှာပဲ ကလေးမလေးကို ဗုံးစ မှန်ပြီးသေတာ ပွဲချင်းပြီးပဲ" လို့ ဒေသခံတဦးက ပြောပါတယ်။
လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူ မနှင်းအိလွင် သေဆုံးတဲ့အပြင် မဇင်မာဦးလည်း ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီသင်္ဘော ဆန်တက်လာတဲ့ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးတလျှောက် ကျေးရွာတွေမှာ နေထိုင်ကြသူတွေနဲ့ ကျွဲ နွားတွေ ဘေးကင်းစေဖို့ ကြိုတင်ပြင်ဆင်ထားဖို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကသာ ပကဖ ) က ထုတ်ပြန်ထားပါတယ်။