Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်များ ပစ်ခတ်ခံရ၊ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
September 7, 2022
305405910_1966001820397410_1614948512346049884_n

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ ရွာသစ်ပိုင်းမှာ စက်တင်ဘာ ၆ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းလမ်းထိပ်မှာ ညတိုင်းနီးပါး ကင်းပုန်းဝပ် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ပြီး အနီးကပ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ကင်းပုန်းဝပ်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပစ်ခတ်ခံရတာကြောင့် ကျွဲခြံကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးတက်နိုင် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို ကျန်အဖွဲ့ဝင် ၂ ဦး ဖြစ်တဲ့ ဦးသန်းစိုးနဲ့ ဦးစိုးသန်းတို့ကလည်း ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ၊ ညာဘက်လက် ကျည်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို မော်လမြိုင်ဆေးရုံ ပို့ဆောင်ထားပြီး တဦးကတော့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူ တဦးက ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်နေရာမှာ ရှိနေတဲ့ ဒေသခံအမျိုးသား တစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး၊ ပေါင်မြို့ပေါ်မှာလည်း သေနတ်ပစ်ဖောက်တာနဲ့ အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပေါင်မြို့နယ်ထဲမှာတော့ အခုဖြစ်စဉ်ဟာ စစ်တပ် အာဏာသိမ်းတဲ့ တနှစ်ခွဲကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ပထမဦးဆုံး တိုက်ခိုက်ခံရတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတိုင်းမှာ စစ်မှုထမ်းဟောင်းတွေ နဲ့ စစ်တပ်ထောက်ခံသူတွေကို ပြည်သူ့စစ်အဖွဲ့တွေ  ဖွဲ့စည်းပေးထားပြီး သေနတ်တွေလည်း ထုတ်ပေးထားသလို ညတိုင်းလုံခြုံရေး  တာဝန်ထမ်းဆောင်ကြဖို့ ညွှန်ကြားထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024