Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှစ်ရက်ဆက် တိုက်ခိုက်ခံရ
DVB
·
August 28, 2022
302241628_3076161619273060_7063983298865156941_n

စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာ ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

PDF ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို မင်းကင်းမြို့နယ် တောင်တွင်းဒေသ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းမှာ စုစုပေါင်း ၃ ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

သြဂုတ် ၂၇ ရက် မနက် ၇ နာရီလောက်က မင်းကင်းမြို့နယ် မိုင်တိုင်အမှတ် ၁၀၁ အနီးမှာ MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ ကလေးဝ ဗိုလ်နှုတ်ခမ်းမွှေး PDF အဖွဲ့တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဲဒီနေ့ နေ့လယ် ၂ နာရီ‌လောက်မှာလည်း ဆုံဗလက်ကျေးရွာအနီးမှာ MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ အဖွဲ့က ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်မှုရှိခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒါ့အပြင် သြဂုတ် ၂၈ ရက် မနက် ၁၀ နာရီလောက်ကလည်း ဝရဲကျေးရွာအနီးမှာ အဲဒီစစ်ကောင်စီဖွဲ့ကို MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ တောင်တွင်းမြွေပွေး PDF အဖွဲ့တို့ ပူးပေါင်းပြီး စနိုက်ပါအပါအဝင် လက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက် အတိအကျမသိရသေးကြောင်း၊ ၂ ရက်တာတိုက်ပွဲမှာ PDF အဖွဲ့ဘက်က လက်ဦးမှုရယူတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တွေ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဖောကား ၆ စီးနဲ့ ၁၂ ဘီးကား ၁ စီးပါဝင်ပြီး  စစ်တပ်ရိက္ခာလာပို့တာဖြစ်နိုင်တယ်လို့ လက်ရှိမှာလည်း နှစ်ဆက် စစ်ရေးတင်းမာနေတာကြောင့် တောင်တွင်းဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၂၇ ရက် နေ့လယ် ၁ နာရီလောက်က ခင်ဦးကျေးရွာအနီးမှာရှိတဲ့ ဆန်စက်၊ ဆီစက်တွဲ စက်ရုံ ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024