Homeမြန်မာသတင်း
ပျောက်ဆုံးမလေးလေယာဉ်ကို ရှာဖွေမည့် မောင်းသူမဲ့ရေအောက်သွားယာဉ် ပြင်ဆင်ပုံ ထုတ်ဖော်ပြသ
ပျောက်ဆုံးမလေးလေယာဉ်ကို ရှာဖွေမည့် မောင်းသူမဲ့ရေအောက်သွားယာဉ် ပြင်ဆင်ပုံ ထုတ်ဖော်ပြသ
DVB
·
April 20, 2014

ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာဖွေမယ့် မောင်းသူမဲ့ အလိုအလျောက် ရေအောက်သွားယာဉ် ဘလူးဖင်း တွမ်တိဝမ်းကို ပင်လယ်ထဲချဖို့ ပြင်ဆင်နေပုံတွေကို သြစတြေးလျ အာဏာပိုင်တွေက ဧပြီ ၂၀ ရက်နေ့က ထုတ်ပြလိုက်ပါတယ်။
ဒီစက်ရုပ်ယာဉ်ကို သြစတြေးလျ ရေတပ်သင်္ဘော အိုးရှန်းရှီးလ်ပေါ်ကနေ မောင်းနှင်မယ့် ဖီးနစ် အင်တာနေရှင်နယ်အဖွဲ့က ၀န်ထမ်းတွေပုံကို သြစတြေးလျ တော်ဝင်ရေတပ်က ရိုက်ကူးခဲ့တာပါ။ ဒီတခေါက် စေလွှတ်မှုက ၈ ကြိမ်မြောက်လို့ အာဏာပိုင်တွေက ဧပြီလ ၂၀ ရက်နေ့က ပြောပါတယ်။
ဧပြီ ၈ ရက်နေ့က ဒုတိယအကြိမ်မြောက် အသံလှိုင်း ဖမ်းယူရရှိတဲ့ နေရာအနီးအ၀န်းကျင် အချင်း ၆မိုင် ရှိတဲ့ နေရာကို ဦးတည်ထား ရှာဖွေမယ်လို့ ဆိုပါတယ်။ ရေအောက်မှာ ရှာဖွေသလို ဝေဟင်ကနေ ပင်လယ်ထဲမှာ ပေါလောမျောနေမယ့် အရာတွေကိုလည်း ဆက်လက် ရှာဖွေနေပါတယ်။
ရှာဖွေတဲ့ နေရာကတော့ သြစတြေးလျ အနောက်ပိုင်းပြည်နယ်ရဲ့ မြို့တော် ပါ့သ်ရဲ့ အနောက်ဘက် မိုင် ၁၂၀၀ အကွာ ပင်လယ်ထဲမှာပါ။ လူ၂၃၉ ယောက်ပါတဲ့ MH370 စစ်တပ်ရေဒါကနေ နောက်ဆုံး ပျောက်သွားတဲ့ နေရာမှာ ရှာနေတာ ဖြစ်ပါတယ်။
ပင်လယ်ကြမ်းပြင်မှာ ဆိုနာစကင်သုံး ရှာဖွေမှုဟာ အချိန်တပတ်အတွင်း ပြီးစီးနိုင်တယ်လို့ သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။ မလေးရှားနဲ့ သြစတြေးလျ ၀န်ကြီးချုပ်တွေဟာ ရှာဖွေရေး နောက်ထပ် ခြေလှမ်းတွေအတွက် ဧပြီလ ၂၁ ရက်နေ့မှာ ဆွေးနွေးကြမယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
