Home
မြန်မာသတင်း
အကျဉ်းထောင်နှင့် စစ်ကြောရေးတွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရ
DVB
·
August 11, 2022

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွာရွားရှိနေတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တို့ရဲ့ အစီရင်ခံ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ အကျဉ်းထောင်တွင်း အခြေအနေတွေကို ပြင်ပကမ္ဘာက မသိရှိစေဖို့  သတင်းအမှောင်ချထားပြီး အကျဉ်းထောင်တွေကို စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နဲ့ ရဲတွေက ဝင်ရောက် တိုက်ရိုက်စီမံနေတဲ့အပြင် ထောင်တွင်းသတင်းတွေ အပြင်သို့ မပေါက်ကြားစေဖို့ စည်းကမ်းတင်းကျပ်  အနီးကပ် စောင့်ကြည့်နေတယ်လို့ AAPP က ဆိုပါတယ်။

ရန်ကုန်၊ အိုးဘို (မန္တလေး) နဲ့ အကျဉ်းထောင်အများစုမှာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားတဲ့အတွက်  အကျဉ်းသားတွေဟာ မိသားစုထံက အစားအသောက်နဲ့ ဆေးဝါးတွေ မရရှိဘဲ ပြင်ပနဲ့လည်း အဆက်အသွယ် ဖြတ်တောက်ခံနေရပါတယ်။

မုံရွာ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ဇူလိုင်နဲ့  ဩဂုတ်လတို့မှာ မြင်းခြံ၊ ညောင်ဦး၊ ရွှေဘိုထောင်တွေဆီ ပြောင်းရွှေ့ခဲ့သလို ဩဂုတ် ၅ ရက်မှာ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ကာ ဇူလိုင်လအတွင်း ဘားအံထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက်ကိုလည်း  အင်းစိန်ထောင် အပါအဝင် တခြားထောင်တွေဆီ ရွှေ့ပြောင်းခဲ့တယ်လို့သိရပါတယ်။ 

ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက  ဘားအံကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို နေ့စဉ်နဲ့အမျှ ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ မကွေးထောင်မှာလည်း ဇွန်လအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို  နေ့စဉ် အကြောင်းမဲ့ ရိုက်နှက်ခဲ့သလို ထောင်အပြောင်းအရွှေ့ပြုလုပ်ရာမှာ မိသားစုကို ဆက်သွယ် အသိပေးတာမလုပ်တဲ့အတွက် မိသားစုရော အကျဉ်းကျနေသူအတွက်ပါ ခက်အခဲများစွာ ကြုံတွေ့နေရပါတယ်။   

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို မိလ္လာထမ်းခိုင်းတာ၊ ဆန်အိတ်တွေ ထမ်းခိုင်းတာ၊ အကြောင်းမဲ့ အုပ်စုလိုက် ပြင်းထန်စွာ ဒဏ်ရာရတဲ့အထိ ရိုက်နှက်တာ၊ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ လောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပေမဲ့  မိသားစုနဲ့ တွေ့ခွင့် မရလို့ ဆေးဝါးနဲ့ အစားအသောက်တွေမရဘဲ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၃ ယောက်  ဝေဒနာ ဆိုးရွားစွာ ခံစားနေရပြီး အသက် အန္တရာယ် စိုးရိမ်နေရတယ်လို့ သိရပါတယ်။

မြန်မာပြည်တွင်း အကျဉ်းထောင်နဲ့   စစ်ကြောရေးစခန်းတွေမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန်ကျင်သူခဲ့ကြသူတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်တဲ့အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးစေတဲ့အထိ ညှဉ်းပန်းမှုတွေရှိနေတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဩဂုတ် ၁  ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ပြောလိုက်ပါတယ်။

ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးတာ၊ နှိပ်စက် ဝန်ခံခိုင်းတာနဲ့ တခြားညှဉ်းပန်းမှုတွေလုပ်တာ၊၊ ဘယ်သူမှမသိလိုက်ဘဲ လမ်းမှာအဖမ်းခံလိုက်ရတာ၊ ဆွေမျိုးတွေအပေါ်ရန်ငြှိုးထား ရန်ပြုတာ၊ ဖမ်းဆီးခံထားရသူတွေကို ဆွေမျိုး၊ ရှေ့နေစတာတွေနဲ့ တွေ့ဆုံခွင့်မပေးတာ စတာတွေ လုပ်ဆောင်ပြီး စစ်တပ်အာဏာပိုင်တွေဟာ တရားဥပဒေကို ပြောင်ပြောင်တင်းတင်း  ချိုးဖောက်နေကြတယ်လို့ AI ကဆိုပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေက ဖမ်းဆီးခံထားရသူတွေကို ခြေထောက်နဲ့ကန်တာတွေ၊ ပါးရိုက်တာတွေ၊ သေနတ်ဒင်နဲ့ထုတာတွေ၊ ဆီးခက်နဲ့ ရိုက်တာတွေရှိနေတာ၊ သတ်ပစ်မယ်၊  မုဒိမ်းကျင့်မယ်လို့ခြိမ်းခြောက်ပြီး စိတ်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းပန်းမှုတွေ ခံရပြီး ဖမ်းဆီးခံထားရသူ တစ်ယောက်ဆိုရင် ဗုံးအတုထည့်ထားနဲ့ အထုပ်နဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

AI အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် အဂ္ဂနက်စ်ကယ်လာမာ့က “၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့အပေါ် လူထုက တော်လှန်ပုန်ကန်နေတာတွေ ရပ်တန့်သွားအောင် ခြိမ်းခြောက်တဲ့ သူတို့ရဲ့ဗျူဟာအတိုင်း ထိန်းသိမ်းခံထားရသူတွေကို ရက်ရက်စက်စက်နှိပ်စက်ရင်းနဲ့ မြန်မာစစ်တပ်ရဲ့ အဆင့်အတန်းဟာ မမှန်းဆနိုင်လောက်အောင် အောက်စိုက်ထိုးဆင်းနေပြီ”လို့ ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ နိုင်ငံတကာရာဇဝတ်ခုံရုံးကို ရည်ညွှန်းထောက်ခံခြင်း၊ လက်နက်မဝယ်ယူနိုင်အောင်တားဆီးပိတ်ဆို့ခြင်းနဲ့ တခြားပိတ်ဆို့တားမြစ်မှုတွေကို မြန်မာစစ်တပ်အပေါ်မှာ ပိုပြီးပြင်းပြင်းပြင်းထန်ထန်ဆောင်ရွက်သွားဖို့ AI အဖွဲ့က တောင်းဆိုပါတယ်။

ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ၁ ဦးက  “ကျနော်တို့ အိပ်နေတာတွေရင် ရဲတွေက ရိုက်တယ်၊ ထိုင်နေတာတွေ့ရင်လည်း ရဲတွေကရိုက်တယ်၊ G3 သေနတ်နဲ့ နဖူးမှာတေ့ပြီး အချိန်မရွေး သတ်ပစ်နိုင်တယ်လို့လည်း ခြိမ်းခြောက်တယ်”လို့  ဖမ်းဆီးနှိပ်စက်ခံရဖူးတဲ့ မကွေးတိုင်းထဲက ကျောင်းသားတစ်ယောက်က  AI အဖွဲ့ကို ပြောပါတယ်။

ထောင်ထဲမှာ တခြားအကျဉ်းသားတစ်ယောက်ရဲ့ ခေါင်းကို ရေပုံးထဲနှစ်ပြီးစစ်မေးတာ၊ လျှပ်စစ်တုတ်နဲ့ အကြိမ်ကြိမ်တို့ပြီးစစ်မေးတာတွေကို ကြားခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့ အမျိုးသမီး တစ်ယောက်ကလည်း AI အဖွဲ့နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ ကျောင်းသားတစ်ယောက်ကလည်း သူ့သူငယ်ချင်းရဲ့ခေါင်းကို ရဲတွေက နံရံနဲ့ စောင့်နေတာ၊ လိင်အင်္ဂါကို လျှပ်စစ်တုတ်နဲ့တို့တာတွေ မြင်ခဲ့ကြားခဲ့ရပြီး သူတို့ကိုလည်း လက်ပစ်ဗုံးနဲ့ အတူဖောက်ခွဲပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကရင်နီ (ကယား) ဒေသမှာ အဖမ်းခံခဲ့ရတဲ့ အမျိုးသမီးတဦးကိုတော့ ရဲတွေက “နင့်ကို ငါတို့က ထောင်ထဲမထည့်ဘဲ တန်းပစ်သတ်လိုက်လို့ရတယ်” လို့ပြောပြီး အဝတ်တွေကိုချွတ်ပစ်ကာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြောခဲ့သလို စစ်ကြောရေးမှာ စစ်မေးသူတွေကလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

လိင်ပြောင်းထားသူတဦးကလည်း  သူ့ကို နှိပ်စက်ညှဉ်းပန်းမှုမှာ နာမည်ကြီးတဲ့ မန္တလေးနန်းတွင်းက စစ်ကြောရေးကို ခေါ်ဆောင်သွားခံရပြီး စစ်ကြောရေး ၃ ရက်အတွင်းမှာ စစ်မေးသူတွေက သူ့ရဲ့ ဒူးကိုချွန်မြတဲ့အရာတွေနဲ့ခြစ်ကာ သွေးထွက်လာတဲ့ ဒဏ်ရာတွေပေါ်မှာ အရက်ပျံနဲ့ ဖြန်းတယ်လို့ ပြောပါတယ်။ ၃ ရက်တာအတွင်းမှာ သူ့ကို အစာနဲ့ရေလည်းမပေးခဲ့ဘူးလို့ သိရပါတယ်။ 

ဒါ့အပြင် စစ်မေးသူက သူတို့ရဲ့လိင်တံတွေကို ထုတ်ပြတာရှိသလို အဝတ်အစားတွေဆွဲချွတ်ပြီး သူ့ရဲ့အဝတ်မပါတဲ့ ခန္ဓာကိုယ်ကိုကြည့်ကာ လှောင်ပြောင်ကြတယ်လို့ ပြန်လွတ်လာသူက ပြောပါတယ်။

မန္တလေးတိုင်းမှာ ခရီးသည်တင်ကားနဲ့ ခရီးသွားနေစဉ် ဆန္ဒပြခေါင်းဆောင် မဝင်း အဖမ်းခံခဲ့ရပြီး သူ့ကိုဖမ်းဆီးချိန်မှာ ပါးရိုက်ခံခဲ့ရသလို၊ မျက်လုံးအဝတ်စည်းပြီး လက်ထိပ်ခတ်ကာ ဘယ်နေရာမှန်းမသိတဲ့ နေရာကိုခေါ်သွားခြင်းခံခဲ့ရပါတယ်။ စစ်ကြောရေးမှာ ၂၄ နာရီကျော်ကြာအောင် စစ်ဆေးခံနေရတဲ့ အချိန်အတွင်းမှာ စစ်မေးသူတွေက ရိုက်နှက်ကန်ကျောက်ကာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေကို အကြိမ်ကြိမ်ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။

အကျဉ်းထောင်တွေမှာလည်း ထိန်းသိမ်းခံထားရသူတွေနဲ့ ပြည့်ကျပ်နေပြီး ၁၀ ယောက်စာ တစ်ခန်းမှာ အယောက် ၅၀ လောက် စုပြုံနေရကာ  ဖမ်းဆီးထိန်းသိမ်းခံတွေကို ကျွေးတဲ့ အစာထဲမှာလည်း ပိုးကောင်၊ လောက်ကောင်၊ တီကောင် အသေတွေပါ တွေ့ရတယ်လို့ သိရပါတယ်။

“ကျမတို့က ဘယ်တော့မှ အရှုံးပေးရပ်တန့်သွားမှာ မဟုတ်ဘူး။ ဖုန်းတွေလိုပဲ၊ အားကုန်သွားရင် အားပြန်ဖြည့်ပြီး ရှေ့ဆက်ကြမယ်” လို့ စောဟန်နွေဦးက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ထောင်တွင်း ကြိုးပေးသတ်ဖြတ်ခဲ့ပြီး နောက်ထပ် သေဒဏ်ကျအကျဉ်းသားတွေကိုလည်း  ကွပ်မျက်ခံရနိုင်တာကြောင့် မိဘတွေက စိုးရိမ်နေပါတယ်။

အခုလို အကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေနဲ့  အပြင်းအထန် ရှုတ်ချကန့်ကွက်ကြောင်းနဲ့  မတရားဖမ်းဆီးခံထားရသူများ အားလုံးကို ပြန်လွှတ်ပေးဖို့ AAPP က တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရနဲ့ အဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ အိမ်နီးချင်း အာဆီယံ နိုင်ငံတွေအနေနဲ့ မြန်မာ့ အကျဉ်းထောင်တွေရဲ့ အခြေအနေအမှန်ကို သိရှိခွင့်ရဖို့ တောင်းဆိုဆိုရမှာဖြစ်သလို ဒီလိုကြီးမား ကျယ်ပြန့်စွာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်၊ အရေးယူကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၀ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၉၈၂ ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၃ ဦး ရှိတယ်လို့  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

Photo-AAPP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024